မြောက်ကိုရီးယား အနီးသို့ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီး စေလွှတ်ရန် အမေရိကန်စီစဉ်

ဂျပန်နိုင်ငံ၊ ယိုကိုဆူကာရှိ အမေရိကန် လေတပ်စခန်းတွင် ဆိုက်ကပ်ထားသည့် USS Ronald Reagan လေယာဉ်တင် သင်္ဘောကြီးကို တွေ့ရစဉ်။

မြောက်ကိုရီးယား နိုင်ငံအနီးသို့ ဒုတိယမြောက် လေယာဉ်တင် သဘောတစ်စီး စေလွှတ်ရန် အမေရိကန် ရေတပ်က စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

USS Ronald Reaganသည် ကိုရီးယား ကျွန်းဆွယ်အနီးသို့ ခုတ်မောင်းကာ ကြိုတင်ရောက်ရှိနေသည့် USS Carl Vinson တိုက်သင်္ဘော အုပ်စုနှင့် ပူးပေါင်းပြီး လေယာဉ်တင် သင်္ဘောကြီးနှစ်စီး အတူယှဉ်တွဲလျက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟု သိရသည်။

USS Carl Vinsonသည် မြောက်ကိုရီးယားနှင့် အမေရိကန် ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေချိန်တွင် ကိုရီးယား ကျွန်းဆွယ်အနီးသို့ အခြံအရံ တိုက်သင်္ဘော အုပ်စုနှင့်အတူ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက ၎င်းတို့၏ တိုက်ချင်းပစ် ဒုံးကျည်နည်းပညာပိုင်းတွင် ကြီးကြီးမားမား တိုးတက်မှုများ ရှိနေပြီဖြစ်ကြောင်း ထင်ထင်ရှားရှား သက်သေပြခဲ့သည့် စမ်းသပ်မှုတစ်ခု ပြုလုပ်ပြီးနောက် ရက်ပိုင်းအတွင်း အမေရိကန် ရေတပ်က USS Ronald Reaganကို ကိုရီးယား ကျွန်းဆွယ်ဘက် စေလွှတ်ရန် စီစဉ်လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက ပြီးခဲ့သည့် သီိတင်းပတ်ကုန်တွင် စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်သည် ကမ္ဘာ့ လေထုလွှာများကို ဖောက်ထွင်းထွက်သွားပြီးနောက် ကမ္ဘာ့လေထု အနိမ့်ပိုင်းလွှာထိ အဟန့်အတားမရှိ ပြန်လည် ဝင်ရောက်လာနိုင်ခဲ့သည်။ ယင်းသည် မြောက်ကိုရီးယား အနေဖြင့် တိုက်ချင်းပစ် ဒုံးကျည်နည်းပညာ ကဏ္ဍတွင် ထင်ထင်ရှားရှား တိုးတက်မှုများ ပိုင်ဆိုင်နေသည်ကို ညွှန်ပြနေကြောင်း လက်နက်ရေးရာ ကျွမ်းကျင်သူများက ဆိုသည်။

USS Ronald Reaganသည် ၁၀၉၂ ပေ ရှည်လျားသည့် Nimitz-Class လေယာဉ်တင် သင်္ဘောကြီးဖြစ်ပြီး အမှုထမ်း ၄၅၀၀ ကျော် လိုက်ပါကာ လေယာဉ် အစီးရေ ၆၀ ခန့်ကို တင်ဆောင်နိုင်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန် ရေတပ်၌ စတင်အမှုထမ်းသည့် အဆိုပါ သင်္ဘောကြီးသည် တန်ဖိုး ဒေါ်လာ ၈.၅ ဘီလီယံမျှ ရှိနေကြောင်းလည်း သိရသည်။

Ref: CNN