နယူးယောက်တွင် လမ်းသွားလမ်းလာများကို ကားဖြင့်ဝင်တိုက်သူက နားထဲတွင် ကြားနေသည့် အသံများအတိုင်း ပြုလုပ်ခဲ့ဟု ထွက်ဆို

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ လမ်းသွားလမ်းလာများကို ကားဖြင့် ဝင်တိုက်ခဲ့သူက ၎င်း၏ နားထဲတွင် ကြားနေရသည့် အသံများ၏ ခိုင်းစေမှုအတိုင်း ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း သိရသည်။

မေ ၁၈ ရက်က ကြက်သွေးရောင် Honda Civic ကားတစ်စင်းသည် တိုင်းမ်စကွဲ အနီးရှိ ပလက်ဖောင်းပေါ် တက်လာကာ လမ်းသွားလမ်းလာများကို ဆက်တိုက် ဝင်တိုက်သွားခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး လူ ၂၂ ဦး ဒဏ်ရာရခဲ့သည်။

နယူးယောက် ရဲတပ်ဖွဲ့က ရေတပ် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သည့် အသက် ၂၆ နှစ်အရွယ် ရစ်ချတ် ရိုဂျက်စ်ကို လက်ရ ဖမ်းဆီးခဲ့သည်။ ၎င်းသည် ယခင်က အရက်မူးပြီး ကားမောင်းမှုဖြင့် နှစ်ကြိမ် အဖမ်းခံရဖူးသည်။ ရိုဂျက်စ်ကို စစ်ဆေးရာ နားထဲတွင် ကြားနေရသည့် အသံများအတိုင်း ပြုမူခဲ့ကြောင်း၊ ယခုတိုက်ခိုက်မှုအတွင်း ၎င်းကိုယ်တိုင်ပါ သေဆုံးသွားလိမ့်မည်ဟု ထင်မှတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက APသို့ ပြောကြားခဲ့သည်။

နယူးယောက် ရဲတပ်ဖွဲ့က သေဆုံးသူ မိန်းကလေး၏ အမည်မှာ အေလစ်ဆာ အဲလ်စ်မန်းဖြစ်ပြီး မိသားစုနှင့်အတူ မစ်ချီဂန်မှ နယူးယောက်သို့ လာရောက် လည်ပတ်နေသူဟု ကြေညာခဲ့သည်။ သူမ၏ အသက် ၁၃ နှစ်အရွယ် ညီမငယ်မှာလည်း ကားတိုက်ခံရပြီး ဒဏ်ရာရခဲ့သည်။

တိုင်းမ်စကွဲ အနီးတဝိုက်မှာ ကမ္ဘာလှည့် ခရီးသွားများဖြင့် စည်ကားနေပြီး လူရှုပ်ထွေးသည့် နေရာ တစ်ခုလည်း ဖြစ်သည်။ ရိုဂျက်စ်၏ ကားသည် ၄၅ လမ်း အနီးတွင် ပလက်ဖောင်းပေါ် ထိုးတက်လာပြီး သုံးဘလောက်မျှ အရှိန်နှင့် ဆက်တိုက်မောင်းကာ ဓာတ်တိုင်တစ်ခုကို ဝင်တိုက်ပြီးမှ ရပ်တန့်သွားခြင်း ဖြစ်သည်။ ကားရပ်သွားချိန်တွင် ကားဘောနက်ဖုံးအောက်မှ မီးခိုးများ ထွက်လာပြီး မီးလောင်သည့် အခြေအနေကိုလည်း တွေ့မြင်ခဲ့ရကြောင်း မျက်မြင်များက ဆိုသည်။

ထို့နောက် ရိုဂျက်စ်ကို ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာ လက်မှတ်အရောင်းဝန်ထမ်း တစ်ဦးနှင့် အနီးရှိ Planet Hollywood စားသောက်ဆိုင် ဝန်ထမ်းတစ်ဦးတို့က ပူးပေါင်း ကူညီခဲ့ကြသည်။ ထိုအချိန်တွင် ရိုဂျက်စ်၏ သားကောင်ဖြစ်ခဲ့သည့် လမ်းသွားလမ်းလာများမှာ ပလက်ဖောင်းပေါ်တွင် ဒဏ်ရာများဖြင့် လဲလျောင်းလျက် ရှိသည်။ မကြာမီ သူနာပြု အဖွဲ့များ ရောက်လာပြီး ဒဏ်ရာရသူများကို အခင်းဖြစ်သည့် နေရာတွင်ပင် ရှေးဦးသူနာပြု နည်းလမ်းများဖြင့် ပြုစုပေးခဲ့သည်။

ယခုဖြစ်စဉ်က ဥရောပတွင် ထရပ်ကားများ၊ ကားများကို အပိုင်စီးကာ လူအများကို ဝင်တိုက်သည့် အကြမ်းဖက်မှုများကို အမှတ်ရစရာ ဖြစ်လာစေသည်။ သို့သော် ရိုဂျက်စ်၏ လုပ်ရပ်သည် အကြမ်းဖက် မူဝါဒ ဆက်စပ် ပါဝင်သည့် အထောက်အထား မတွေ့ရဟု နယူးယောက် မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ရိုဂျက်စ်သည် K2ခေါ် ဆေးခြောက် အခြေပြု မူးယစ်ဆေးဝါး တစ်ဦးကို အလွန်အကျွံ သုံးစွဲထားသည်ဟု ယူဆထားသည်။ ကနဦး စစ်ဆေးမှုများအရ ရိုဂျက်စ်သည် ပြစ်မှု ကျူးလွန်ချိန်တွင် အရက် သောက်မထားသော်လည်း မူးယစ်ဆေး သုံးစွဲထားသည်ကို ဖော်ထုတ် တွေ့ရှိထားကြောင်းလည်း သိရသည်။

Ref: AFP

Top News