ဆွေးနွေးပွဲကျင်းပစဉ် ၄၅ မိနစ်ခန့် မီးပြတ်သွား၍ ရှန်ဂရီလာ ဟိုတယ်ကို ဦးဖြိုးမင်းသိန်း သတိပေး

ဦးဖြိုးမင်းသိန်း ဟိုတယ်မှ ပြန်လည်ထွက်ခွာသွားစဉ် (ဓာတ်ပုံ − ထွန်းထွန်းမင်း)

NLD ပါတီ စီးပွားရေး ကော်မတီနှင့် ထိုင်း K ဘဏ်တို့ပူး ပေါင်းကျင်းပသည့် SME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ တွင် ဟိုတယ်အတွင်း အချိန်ကြာ မြင့်စွာ လျှပ်စစ်မီးပြတ်တောက် ခဲ့သဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် က ဟိုတယ်ကို သတိပေးခဲ့သည်။

‘‘မီးပြတ်လို့မရဘူး။ ဒါ ၀န် ကြီးချုပ်လမ်းကြောင်း။ EPC ကိုလည်း ကြိုပြောထားတယ် ပြောတယ်။ ဟိုတယ်က မီးပြတ်ရင် မီးစက်နဲ့မောင်းလို့ရတယ်’’ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆွေးနွေးပွဲကျင်းပရာခန်းမမှ ပြန်အထွက်တွင် တာဝန်ရှိသူတစ်ဦးခေါ်ခိုင်းပြီး အမျိုးသမီးတစ်ဦးရောက်လာသောအခါ သတိပေးခဲ့သည်။ သို့သော် ဦးဖြိုးမင်းသိန်း သတိပေးပြောဆိုခဲ့သည့် အမျိုးသမီးသည် ဟိုတယ်ဝန်ထမ်းမဟုတ်ဘဲ ထိုင်းဘဏ်မှ မြန်မာဝန်ထမ်းကို သတိပေးခဲ့ခြင်း ဖြစ်သည်။

‘‘ဟိုတယ်က လူတွေ ဘယ် ရောက်နေမှန်းမသိ၊ ၀န်ကြီးချုပ်က တာဝန်ရှိတဲ့လူခေါ်ပေး၊ ပြောမယ်ဆိုတော့ ကိုယ့်ဘော့စ်က မြန်မာလို နားမလည်ဘဲ လာလာဆိုပြီး လှမ်းခေါ်တာ’’ဟု လူမှားပြီး သတိပေးခံခဲ့ရသည့် ထိုင်း K ဘဏ်မှ မြန်မာဝန်ထမ်း အမျိုးသမီးက ဦးဖြိုးမင်းသိန်း၏ ဗီဒီယိုဖိုင်အောက်တွင် မှတ်ချက်ရေးသားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ထိုင်း နိုင်ငံ၏ SME ကဏ္ဍတွင် ဦး ဆောင်နေသည့် ထိုင်း K ဘဏ်၊ NLD ပါတီစီးပွားရေးကော်မတီနှင့် Renaissance Insitute တို့ ပူး ပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ထိုပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက အမှာစကား ပြောကြား စဉ် လျှပ်စစ်မီး ပြတ်တောက်ခဲ့ ခြင်းဖြစ်သည်။ လျှပ်စစ်မီးပြတ် တောက်ခြင်းကြောင့် ဆွေးနွေးပွဲ ကို ရပ်တန့်ခဲ့ရပြီး ၀န်ကြီးချုပ် သည် နာရီဝက်ခန့်စောင့်ဆိုင်းပြီး နောက် ခန်းမအတွင်းမှ ထွက်ခွာ သွားခဲ့သည်။ ဟိုတယ်အတွင်း စုစုပေါင်းလျှပ်စစ်မီးပြတ်တောက် ချိန် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့သည်။

ထိုင်းသံအမတ်ကြီး ပြောစဉ်မီးပျက်သွားရာ သံအမတ်က မီးပြန်လာမည်အထင်နှင့် မတ်တပ်ရပ်စောင့်နေပြီး အတော်ကြာသည့်တိုင် မီးမလာသောအခါ ‘‘ထိုင်းကုမ္ပဏီတွေ လျှပ်စစ်လာမှလာရင်းနှီးမြှုပ်နှံမှပဲ’’ ဟု အရွန်းဖောက်ကာ အဆုံးသတ်လိုက်ကြောင်း အဆိုပါပွဲ၏ စကားဝိုင်းအစီအစဉ်တစ်ခုတွင် ဦးဆောင်ဆွေးနွေးခဲ့သော ကိုဇေယျသူက၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

အဆိုပါ မီးပြတ်ခြင်းနှင့်ပတ် သက်၍ ဆူးလေရှန်ဂရီလာဟို တယ် ဆက်ဆံရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ‘‘ဒီဘက်မှာ မီးက ညကတည်းက ပြတ်သွားတာပါ။ အခု မနက်ခင်းထိ တောက် လျှောက် မောင်းထားရတော့ generator (မီးစက်) တွေ မနိုင် တော့လို့ အချို့အစိတ်အပိုင်းတွေ ချွတ်ယွင်းသွားတာပါ’’ဟု ဆိုသည်။

အထက်ပါ သတိပေးချက် ကို ၀န်ကြီးချုပ်က ဟိုတယ်သို့ တိုက်ရိုက်ပြောဆိုခြင်းမဟုတ်ဘဲ ထိုင်းဘဏ်ကိုသာ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 ကျောက်တံတား မြို့နယ် သည် အလှည့်ကျမီးပေးသည့်မြို့ နယ်တွင် မပါဝင်သော်လည်း ထ ရန်စဖော်မာပေါက်ခြင်း၊ system break down ကျခြင်းတို့၌ပါ ၀င်နိုင်ကြောင်း ကျောက်တံတား မြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ သို့သော် ကမ္ဘာ့အဆင့်မီ ဟိုတယ်တစ်ခုတွင် ယခုကဲ့သို့ ဆွေးနွေးပွဲ၌ မီးပြတ်ခြင်းက မဖြစ်သင့်ကြောင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

Top News