အမြန်လမ်း၌ လိုက်ထရပ်ယာဉ်တိမ်းမှောက်ရာမှ လူတစ်ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန် လမ်းမတွင် လူ ၂၀ ခန့် စီးနင်းလာသည့် လိုက်ထရပ်ယာဉ်တစ်စီး ရှေ့ဘီးပေါက်၍ တိမ်းမှောက်ရာ အမျိုးသားတစ်ဦးသေဆုံးကာ လူ ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ 

မန္တလေးမှ နေပြည်တော်သို့ မောင်းနှင်လာသည့် လိုက်ထရပ် အဖြူရောင်ယာဉ်သည် မေလ ၁၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် မိုင်တိုင် ၂၂၉/၁ နှင့် ၂၂၉/၂ ကြားသို့အရောက် ယာဉ်၏ဘယ်ဘက်ရှေ့ ဘီးပေါက်ရာက စတင်ဖြစ်ပွားခဲ့ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။ 

လိုက်ထရပ်ယာဉ်သည် ဘီး ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက် ရှိကာ တိမ်းမှောက်ခဲ့ပြီး အမျိုးသားရှစ်ဦး၊ အမျိုးသမီး ခုနစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက် လက်ရှင်းပြသည်။ 

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရခဲ့သူ ၁၅ ဦးကို နေပြည် တော်ခုတင် ၁,၀၀၀ ဆေးရုံသို့ တင်ပို့ပေးခဲ့၍ ၎င်းတို့အနက် အသက်(၄၄)နှစ်အရွယ် ဦး သိန်းမင်းသည် ဦးခေါင်းဖူးရောင်ဒဏ်ရာ၊ နား၊ နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့်ဆေးရုံသို့အရောက် သေဆုံးခဲ့ကြောင်းဘုရားတောင် အမြန် လမ်းရဲစခန်း မှ ရဲအရာရှိတစ်ဦးက ဆိုသည်။ 

ဘီးပေါက်၍ အရှိန်လွန်တိမ်း မှောက်ခဲ့သည့် လိုက်ထရပ်ယာဉ် ပေါ်တွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၀ ဦး လိုက်ပါစီးနင်း ခဲ့ကာ ယာဉ်တိမ်းမှောက်မှု ကြောင့် ယာဉ်၏လေကာမှန်ကွဲ၊ အမိုးကိုင်းပြုတ်ထွက်၊ ကိုယ်ထည် ပိန်ချိုင့်၍ ရှေ့ဘီးများပေါက်ကာ ကျပ် ၁၅ သိန်းဖိုးခန့် ပျက်စီးခဲ့ ကြောင်း ၎င်းက ဆက်လက် ပြော သည်။ 

ယာဉ်တိမ်းမှောက်မှုနှင့်ပတ် သက်၍ လိုက်ထရပ်ယာဉ်မောင်း ဟိန်းမင်းလတ်ကို ဘုရားတောင်ရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄ -က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်စစ် ဆေးနေကြောင်း ဘုရားတောင် အမြန်လမ်းရဲစခန်းမှ သိရသည်။ 

Top News