မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင်ပါဝင်ခဲ့သော သံဃာနှစ်ပါးနှင့် လူငါးဦးကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်၊ ဖမ်းဝရမ်းဖြင့် စတင်ဖမ်းဆီး

ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ခံရသော ဆရာတော်ဦးသုစိတ္တကို မေက ၁၁ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင်ပါဝင်ခဲ့သော  သံဃာ တော်နှစ်ပါးနှင့် အမျိုးသားရေး လှုပ်ရှားသူဟုဆိုသော ပုဂ္ဂိုလ်ငါး ဦး စုစုပေါင်း ခုနစ်ဦးကို ပုဒ်မနှစ် ခုဖြင့် အမှုဖွင့်ဖမ်းဝရမ်း ထုတ် လိုက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က မေလ ၁၁ ရက် ညနေပိုင်းတွင် စတင်ဖမ်းဆီးနေပြီဖြစ်သည်။

မြယာကုန်းလမ်း ၁၂၂ လမ်း နှင့် ၁၂၃ လမ်း တိုက်တစ်တိုက်ရှိ ငါးလွှာနှင့် ရှစ်လွှာအခန်းတို့ကို သွားရောက်စစ်ဆေးရာတွင် ဦး ဆောင်ပြုလုပ်သူ သွားရောက်စစ်ဆေးရာ ပါဝင်ခဲ့သော မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂအဖွဲ့အတွင်းရေးမှူး ဆရာတော်ဦးသုစိတ္တ၊ ဦးပညာဝံသနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုလတ် (ခ)တင်ထွဋ်ဇော်နှင့် ဇနီး မအောင်အောင်မြင့်၊ တင်လင်းထိုက်၊ တင်ဌေးအောင်၊ မြတ်ဘုန်းမိုရ်တို့ကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်ဦးက တရားလိုပြု၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့အား ဖမ်းဆီးရန် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူးက တင်ပြခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ် ခေတ္တတရားသူကြီး(တွဲဘက်−၁)ဒေါ်သီတာစိုးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်ပြီဖြစ် သည်။ ‘‘တရားရုံးကို ဦးတိုက် လျှောက်ထားတာပါ။ ခုနစ်ဦးပါ’’ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်နေဝင်းထွန်းက ပြောကြားသည်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကလည်း လုံခြုံရေးကို ဂရုစိုက်ဆောင်ရွက်ပေးရန် ညွှန်ကြားထားကြောင်း ဒုရဲအုပ်နေ၀င်းထွန်းက ဆက်လက်ပြောသည်။

မြယာကုန်းလမ်း ပဋိပက္ခ ဖြစ်ပွားအောင် လှုံ့ဆော်ရာတွင် ပါဝင်သူ ကိုလတ်နှင့် ဇနီးမအောင်အောင်မြင့်တို့ကို မေလ ၁၁ ရက် ညနေ ၅ နာရီခွဲ၌ မြေပဒေ သာကျွန်းအနီးတွင် ရန်ကုန်တိုင်း ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးလိုက်ပြီဖြစ်သော တင်ထွဋ်ဇော်(ခေါ်)ကိုလတ်ကို မေလ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ထပ်မံရရှိသော သတင်း များအရ လှုံ့ဆော်ရာတွင် ပါဝင်သူ တင်ဌေးအောင်ကိုလည်း ဖမ်းမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။

ကိုလတ်နှင့် မအောင် အောင်မြင့်တို့ နှစ်ဦးကို ‘မင်္ဂလာတောင်ညွန့် ခိုးဝင်ဘင်္ဂါလီရှာဖွေခြင်းကိစ္စကို မဟုတ်မမှန်စွပ်စွဲရေးသားဝါဒဖြန့်နေသူများအပေါ် ကိုယ်တိုင်ပါဝင်ခဲ့သူများမှ သတင်းစာရှင်းလင်းပွဲ’ဟု အမည် တပ်ထားပြီး မေလ ၁၁ ရက် မွန်း လွဲ ၂ နာရီက ပြုလုပ်သော သတင်း စာရှင်းလင်းပွဲအပြီး အပြန်လမ်း ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘သတင်းစာရှင်းလင်းပွဲက ပြန်လာတာမှာ၊ လမ်းမှာစောင့်ပြီး ဖမ်းလိုက်တာလို့ သိရပါတယ်။ ကားကို ပိတ်ပြီး ဖမ်းတာလို့ ပြော ပါတယ်’’ဟု ၎င်းက ပြောသည်။ ထို့အပြင် ဆရာတော် ဦးသုစိတ္တ နှင့် အမှုဖွင့်အရေးယူခံရသူများကို ဖမ်းဆီးရန် ပြင်ဆင်နေကြောင်း ၎င်းက ပြောကြားသည်။

‘‘ဆရာတော်ကို လျှောက် ထားပါတယ်။ ဒီညပဲ ဖမ်းမှာပါ။ ဆရာတော်အတွင်းထဲမှာ ရှိနေပါ တယ်။ လာဖမ်းချင်ရင် ဖမ်း၊ အုပ် စုလိုက် မလာနဲ့။ ဘယ်သူလဲ နာ မည်ပြော ထွက်ပေးမယ်လို့ ပြော ထားပါတယ်’’ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အမှုဖွင့်ခံရတဲ့သူတွေကို ဖမ်းဆီးဖို့ လုပ်နေပါတယ်။ သူတို့ ရှိနေတဲ့နေရာတွေကို စုံစမ်းနေပါ တယ်။ ဒီညပဲ ဖမ်းဆီးဖို့ လုပ်နေပါ တယ်’’ ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ပုဒ်မ ၅၀၅ (ဂ)သည်လူအ မျိုးအစား အချင်းချင်း ဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန် အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်း မဟုတ်အဆိုပါလှုံ့ဆော် ခြင်းကို ဖြစ်တန်ရာသည် အ ကြောင်းရှိလျှင် ထိုသူကို ၂ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်နိုင်သည်။ ပုဒ်မ ၃၄ သည် အကြံတူတစ်ခုကို အထမြောက်စေခြင်းငှာ၊ တစ်ဦးထက်ပိုသောသူများကပြုခြင်း၊ တစ်ဦးထက်ပိုသောများသည် မိမိတို့၏အကြံတူ တစ်ခုကို အထမြောက်စေရန် ရည်ရွယ်၍ ပြစ်မှုကို ပြုလုပ်ခဲ့လျှင် ထိုပြုလုပ်မှုကို တစ်ဦးတည်း သိသကဲ့သို့ ထိုသူအသီးသီး၌ တာဝန်ရှိသည်ဟု ရာဇသတ်ကြီးတွင် ဖော်ပြထားသည်။

မြယာကုန်းလမ်းတွင် ပဋိပ က္ခဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့သူ များကို တရားဥပဒေနှင့်အညီ အ ရေးယူရန် မေလ ၁၀ ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံစာ တင်၍ တောင်းဆိုထားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ဖြူဖြူသင်းကပြောထားသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့်ပတ်သက်ပြီး ပြု လုပ်သည့် ‘လုံခြုံရေးနှင့်တရားဥပ ဒေစိုးမိုးရေး လုပ်ငန်းညှိနှိုင်းအ စည်းအဝေး’ကို ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းနှင့်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင် အောင်ထွန်းအပါအဝင်အခြား တာဝန်ရှိသူများက မေလ ၁၁ ရက်နံနက်တွင် ပြုလုပ်ခဲ့ကြောင်း ဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့်  ပြည်သူများကို အသိပေးထား သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်း (၁၂၂) လမ်းနှင့် (၁၂၃) လမ်း တိုက်တစ်တိုက်ရှိ ငါးလွှာတွင် ဘင်္ဂါလီလူမျိုးအချို့ ရောက်နေကြောင်း သံဃာတော် အချို့အပါအဝင် အမျိုးသားရေး လှုပ်ရှားသူဟု ဆိုသူများ၏ သတင်းပေးမှုကြောင့် မေလ ၉ ရက်  ည ၁၁ နာရီခန့်တွင် ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိ သူများက သွားရောက်စစ်ဆေးရာမှတစ်ဆင့် ပဋိပက္ခဖြစ်ပွားခဲ့ သည်။

အခြားသတင်းတစ်ရပ်မှာ မေလ ၁၁ ရက်ညနေတွင် အမျိုး သားရေး လှုပ်ရှားမှုများကို ပူး ပေါင်းဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့ စည်းထားသည်ဆိုသော အမျိုး သားရေးညွန့်ပေါင်းချုပ်အဖွဲ့ (ရန်ကုန်) ကို ယာယီဖျက်သိမ်း ကြောင်းအဆိုပါ အဖွဲ့ကကြေညာ သည်။

အမျိုးသားရေးညွန့်ပေါင်းအ ဖွဲ့၏လုပ်ဆောင်ချက်များအပေါ် အစိုးရအာဏာရှိသူများအပိုင်းက မလိုမုန်းထားသတ်မှတ်လာသည့် အခြေအနေမျိုး ကြုံတွေ့လာရ ကြောင်းနှင့် အမျိုးသားရေးလှုပ် ရှားသူများကို ပုဒ်မအမျိုးမျိုးတပ် ၍ ဖမ်းဆီးနိုင်ရန် ကြံစည်နေခြင်း ကို တွေ့ရကြောင်းအမျိုးသားရေး ညွန့်ပေါင်းချုပ်အဖွဲ့ (ရန်ကုန်) ကထုတ်ပြန်သောယာယီ ဖျက်သိမ်း ကြောင်း ကြေညာချက်တွင် ထည့် သွင်းဖော်ပြသည်။