ခရီးသည်ကို ဆွဲချသည့်အတွက် အကြီးအကျယ် ဝေဖန်ခံနေရသည့် ယူနိုက်တက် လေကြောင်းလိုင်း

အမျိုးသား တစ်ဦးကို အတင်းအဓမ္မ ဆွဲထုတ် ဖယ်ရှားခဲ့သည့် ဗီဒီယိုနှင့် ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ယူနိုက်တက် လေကြောင်းလိုင်းက ကတိပြု ကြေညာခဲ့သည်။

အမေရိကန်ရှိ ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ် တစ်ခုတွင် ခရီးသည် အမျိုးသား တစ်ဦးကို လုံခြုံရေးများက ၎င်း၏ ထိုင်ခုံမှ အတင်းဖယ်ရှားပြီး ဆွဲထုတ်သွားသည်ကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများ ပျံ့နှံ့လာသည့်နောက် လူမှုကွန်ရက် မီဒီယာများပေါ်တွင် ယင်းကိစ္စကို အကြီးအကျယ် ဝေဖန် ရှုတ်ချမှုများ ထွက်ပေါ်လာသည်။

ဧပြီ ၉ ရက်က ချီကာဂိုမှ လူးစ်ဗီးလ်သို့ ပျံသန်းရန် စီစဉ်ထားသည့် ခရီးစဉ် မစတင်မီ အဆိုပါ ကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယူနိုက်တက် လေကြောင်းလိုင်းက ထိုဖြစ်ရပ်အတွက် တောင်းပန်ကြောင်း ကြေညာချက်ကို Twitterတွင် တင်ထားပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းသွားမည်ဟုလည်း ကတိပြုခဲ့သည်။

စက္ကန့် ၅၀ မျှသာ ကြာမြင့်သည့် ဗီဒီယို လွှင့်တင်ထားသူ ဂျေဆီဒီ အန်းစ်ဖက်ခ်ျ ဆိုသူက “လေကြောင်းလိုင်းက ထိုင်ခုံအရေအတွက်ထက် ပိုပြီး လက်မှတ်ရောင်းထားတယ်။ အဲဒီနောက်မှာ လူမဆံ့ဘဲ ဖြစ်နေတော့ ကျွန်တော် အပါအဝင် လူလေးယောက်ကို ဖယ်ပေးဖို့ တောင်းဆိုတယ်။ ဘယ်သူမှ ဖယ်မပေးတော့ အာရှတိုက်သား ဆရာဝန် တစ်ယောက်ကို ရွေးပြီး အခုလို လုပ်လိုက်တာပဲ”ဟု ရေးသားထားသည်။

ဖြစ်စဉ်တွင် လေယာဉ် အမှုထမ်းများအတွက် သီးသန့်ထိုင်ခုံ နေရာပါ မကျန်တော့သည့်အတွက် ခရီးသည် လေးဦးကို ဖယ်ရှားစေရန် လိုအပ်နေခဲ့ခြင်းဟု သိရသည်။ သို့သော် အဆုံးသတ်တွင်မူ ခရီးသည် တစ်ဦးတည်းကိုသာ ဖယ်ထုတ်ခဲ့ပြီး ရွေးချယ်ခံရသည့် ကျန်သုံးဦးမှာ ပြဿနာ မကြုံခဲ့ချေ။

ဆွဲထုတ်ခံရသည့် ဆရာဝန်ကလည်း နောက်နေ့တွင် ဆေးရုံ၌ အလုပ်ကိစ္စ ရှိသဖြင့် ယခုခရီးစဉ်မှ ဖယ်မပေးလိုဟု ငြင်းဆန်ခဲ့ကြောင်း သိရသည်။ “ဆယ်မိနစ်လောက်နေတော့ ဆရာဝန်က လေယာဉ်ပေါ် ပြန်ပြေးတက်လာတယ်။ မျက်နှာတစ်ခုလုံး နီရဲနေတယ်။ ကြည့်ရတာလည်း ဖရိုဖရဲနဲ့။ နောက်တော့ သူအိမ်ပြန်တော့မယ်လို့ အော်တယ်”ဟုလည်း အန်းစ်ဖက်ခ်ျက ဆိုသည်။

ချီကာဂို လေကြောင်း ထိန်းသိမ်းရေးဌာနက ယခုဖြစ်ရပ်သည် မူအားဖြင့် လက်ခံစရာ မရှိသလို သီးခြား စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။ အခြားခရီးသည် အမျိုးသမီး တစ်ဦးကလည်း အဆိုပါ ဖြစ်ရပ်ကို ဗီဒီယိုရိုက်ပြီး Facebookပေါ်တွင် မျှဝေခဲ့သည်။ “ဒီဗီဒီယိုကို မျှဝေပေးကြပါ။ ယူနိုက်တက် လေကြောင်းလိုင်းက လက်မှတ်တွေ ပိုရောင်းထားတယ်။ ပြီးတော့ ကြုံရာလူကို ရွေးပြီး လေယာဉ်ပေါ်က ဆင်းခိုင်းတယ်။ ဆွဲအထုတ်ခံရတဲ့သူက ဆရာဝန်တစ်ယောက်၊ မနက်ဖြန် လူနာတွေနဲ့ တွေ့ရမယ် ပြောတယ်။ ဒါကြောင့်သူက ဆင်းမပေးချင်တာ။ ဒီဖြစ်ရပ်က အရမ်းတုန်လှုပ်စရာ ကောင်းတယ်”ဟု သူမက ရေးသားထားသည်။

လေကြောင်းလိုင်း အမှုဆောင်ချုပ် အော်စကာ မူနော့ဇ်က လုံခြုံရေးဝန်ထမ်း သုံးဦးသည် လေယာဉ်ပေါ်တွင် သတ်မှတ် အရေအတွက်ထက် ခရီးသည် ပိုများနေသည့် အခြေအနေတွင် လိုအပ်သော စံနှုန်းအတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုဖြစ်ရပ်ကို လေကြောင်းလိုင်း အနေဖြင့် သင်ခန်းစာယူ စဉ်းစားရမည်ဟု ဝန်ခံခဲ့သည်။

လေယာဉ်ပေါ် သတ်မှတ်ပမာဏထက် လူပိုများနေသည့်အခါ နောက်တစ်ရက် ခရီးစဉ်အတွက် ပြောင်းရွှေ့ စီစဉ်ပေးပြီး ဟိုတယ်ခကို လေကြောင်းလိုင်းက ကျခံရန် ကမ်းလှမ်းမှုကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့ကြောင်း မူနော့ဇ်က ဆိုသည်။ သို့သော် မည်သူကမျှ လေယာဉ်ပေါ်မှ ဆင်းမပေးလိုခဲ့ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် လေကြောင်းလိုင်းများတွင် လက်မှတ် ကြိုတင်မှာယူပြီးမှ ပျက်ကွက်သွားမှုများ ရှိနိုင်သဖြင့် လက်မှတ်များကို ပိုရောင်းထားတတ်ပြီး ယခုလို သတ်မှတ်ပမာဏထက် ခရီးသည် ပိုများသည့် ပြဿနာမျိုး မကြာခဏ ကြုံရလေ့ ရှိသော်လည်း ညှိနှိုင်းဖြေရှင်းမှုဖြင့် ပြီးဆုံးသွားတတ်ကြောင်းလည်း သိရှိရသည်။

Ref: CNN

Top News