အမေရိကန် ဒုံးကျည်တိုက်ခိုက်မှုကြောင့် ဆီးရီးယားလေတပ်စွမ်းရည် ငါးပုံတစ်ပုံမျှ လျော့ပါးသွား

အမေရိကန်၏ ဒုံးကျည်တိုက်ခိုက်မှုသည် ဆီးရီးယား အစိုးရ စစ်တပ်၏ လေတပ်စွမ်းရည် ငါးပုံတစ်ပုံမျှကို လျော့ပါးသွားစေကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အရပ်သားများကို ဆီးရီးယား လေတပ်က ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့ခြင်းကို တုံ့ပြန်သည့် အနေဖြင့် မြေထဲပင်လယ်ရှိ အမေရိကန် ရေတပ်သင်္ဘော နှစ်စီးက ဆီးရီးယား လေတပ်စခန်း တစ်ခုကို Tomahawk ဒုံးကျည် ၅၉ စင်းဖြင့် ပစ်ခတ်ခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ အမိန့်ဖြင့် တိုက်ခိုက်ခဲ့သည့် ကိစ္စသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်ကို အတိအလင်း သတိပေးမှုဟုလည်း ပင်တဂွန် အကြီးအကဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က ဧပြီ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

“အမေရိကန်ဟာ အာဆတ်က အပြစ်မဲ့ ပြည်သူတွေကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်နေတဲ့ ကိစ္စအပေါ် ငြိမ်ငြိမ်လေး ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ နိုင်ငံတကာ ဥပဒေတွေ အရလည်း ဓာတုလက်နက် အသုံးပြုမှုကို အတိအလင်း တားမြစ်ထားပြီးသားပါ”ဟု မက်တစ်က ဆိုသည်။ ၎င်းက အမေရိကန် ဖျက်သင်္ဘော နှစ်စီးမှ ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် အာဆတ်၏ လေတပ်စွမ်းရည် ၂၀ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်လိုက်ကြောင်းလည်း အတည်ပြုခဲ့သည်။

“ဆီးရီးယား အစိုးရ အနေနဲ့ နောက်တစ်ခါ ဓာတုလက်နက် အသုံးပြုမယ် ဆိုရင်တော့ သေချာ ပြန်စဉ်းစားဖို့ မှတ်လောက်သားလောက် ဖြစ်သွားပါလိမ့်မယ်”ဟု မက်တစ်က ပြောကြားသွားသည်။ ဧပြီ ၁၀ ရက်က အီတလီတွင် G7 ထိပ်သီးနိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံရာ၌လည်း အာဆတ်၏ ဆီးရီးယား အစိုးရကို စွန့်ခွာရန် ရုရှားကို ဖိအားပေး တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။

ဆီးရီးယားတွင် အာဆတ်ကို ဖြုတ်ချရန် အားထုတ်ရာမှ ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပြီး လူပေါင်း သုံးသိန်းနှစ်သောင်းကျော် အသက်ဆုံးရှုံးခဲ့သည်။

Ref: Reuters

Top News