ကိုရီးယား ကျွန်းဆွယ်အနီး အမေရိကန်ရေတပ် အင်အားပြမှုကို မြောက်ကိုရီးယား တုံ့ပြန်ခြိမ်းခြောက်

ကိုရီးယား ကျွန်းဆွယ်အနီး၌ အမေရိကန် ရေတပ် အင်အားပြ ဖြန့်ကျက်ခြင်းအတွက် ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်မှုမျိုး မျှော်လင့်ထားရန် မြောက်ကိုရီးယားက ခြိမ်းခြောက် ရာဇသံ ပေးလိုက်သည်။

မိမိတို့သည် စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာက ထုတ်ပြန်ခဲ့သလို ယခုလုပ်ရပ်အတွက် အမေရိကန် အစိုးရကို ရှုတ်ချကြောင်းလည်း ကြေညာခဲ့သည်။ လေယာဉ်တင် သင်္ဘောကြီးတစ်စီး ပါဝင်သည့် အမေရိကန် မဟာဗျူဟာ တိုက်ရေယာဉ် အုပ်စုတစ်ခုက မြောက်ကိုရီးယားကို အင်အားပြသည့် အနေဖြင့် ကိုရီးယား ကျွန်းဆွယ်အနီးသို့ ခုတ်မောင်းလာခြင်းကို ကွန်မြူနစ် နိုင်ငံက အမျက်ဒေါသဖြင့် တုံ့ပြန်လာခြင်း ဖြစ်သည်။

USS Carl Vinson လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်သော အမေရိကန် တိုက်ရေယာဉ် အုပ်စုသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဩစတြေးလျသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းကာ မြောက်ကိုရီးယားကို အင်အားပြရန်အတွက် ပစိဖိတ် အနောက်ပိုင်းသို့ လမ်းကြောင်းပြောင်း ဦးတည်လာခဲ့သည်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက “အမေရိကန်ရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်ဟာ DPRK (မြောက်ကိုရီးယား) အနေနဲ့ အလေးအနက် စဉ်းစားရမယ့် အခြေအနေကို ရောက်နေပြီ ဆိုတာကို မြင်သာစေတယ်။ DPRKဟာ အမေရိကန်က လိုလားတဲ့ စစ်ပွဲအတွက် ဘယ်လိုပုံစံနဲ့မဆို တုံ့ပြန်ဖို့ အသင့်ရှိနေပြီ”ဟု ကြေညာခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်သည် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားလက်နက် အဆင့်မြှင့်တင် စမ်းသပ်မှုများကို ဟန့်တားရန်အတွက် တရုတ်သမ္မတ စီကျင်းပင်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၎င်းက အကယ်၍ ထိုကိစ္စတွင် တရုတ်ဘက်မှ အကူအညီ မရခဲ့လျှင်လည်း အမေရိကန်က တစ်ကိုယ်တော် ဖြေရှင်းရန် အသင့်ရှိနေကြောင်း ကြွေးကြော်ထားသည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းပြီး နှစ်စဉ်ပြုလုပ်လေ့ရှိသည့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်များကိုလည်း မျက်မုန်းကျိုးနေပြီး ၎င်းတို့ကို ကျူးကျော်စစ်ပြုမည့် ရန်စမှုအဖြစ် စွပ်စွဲလေ့ရှိသည်။

Ref: AFP

Top News