အမေရိကန် မူလတန်းကျောင်း တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး သုံးဦးသေဆုံး

အမေရိကန်နိုင်ငံရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားရာ ကလေးငယ်တစ်ဦး အပါအဝင် လူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားရှိ ဆန်ဘာနာဒီနိုတွင် အမျိုးသား တစ်ဦးက ၎င်းနှင့် မပြေမလည် ဖြစ်နေသည့် ဇနီးဖြစ်သူ ကျောင်းဆရာမကို သေနတ်ဖြင့် ပစ်ခဲ့သည်။ ပစ်ခတ်မှုအတွင်း အမျိုးသမီး၏ အနောက်တွင် ရှိနေသည့် ကလေးငယ် နှစ်ဦးကိုပါ သေနတ်မှန်ပြီး တစ်ဦး သေဆုံးခဲ့ရသည်။ ဇနီးကို ပစ်သတ်ပြီးနောက် ထိုသူသည် မိမိကိုယ်ကိုပါ အဆုံးစီရင်သွားခဲ့သည်။

ဆန်ဘာနာဒီနို ရဲတပ်ဖွဲ့ အကြီးအကဲ ဂျာရော့ဒ် ဘာဂူအန်က ယခုအမှုသည် လူသတ်ပြီး သေကြောင်းကြံစည်မှုဟု သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။ သေနတ်သမားမှာ အသက် ၅၃ နှစ်အရွယ် ဆီဒရစ် အန်ဒါဆန် ဆိုသူဖြစ်ပြီး သေနတ်ကို ဝှက်ယူကာ ဧည့်သည်အဖြစ် ကျောင်းထဲ ဝင်လာခဲ့သည်။ ထို့နောက် သီးခြားကြပ်မတ် သင်ကြားမှု လိုအပ်သည့် ကလေးငယ် ၁၅ ဦး ရှိနေသည့် စာသင်ခန်းထဲတွင် ဇနီးဖြစ်သူ ကာရန် အီလိုင်းစမစ်သ်ကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ သေနတ်မှ ကျည်ဆန် လမ်းချော်ထိမှန်ပြီးနောက် ၈ နှစ်သား ဂျိုနသန် မာတီနက်ဇ် ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ တင်ပို့သော်လည်း ကွယ်လွန်ခဲ့ရှာသည်။ အခြား ၉ နှစ်အရွယ် ကလေးငယ် တစ်ဦးမှာမူ ဆေးရုံတွင် အခြေအနေ တည်ငြိမ်နေပြီဟု Los Angeles Times သတင်းစာက ဖော်ပြခဲ့သည်။

ပစ်ခတ်မှု ဖြစ်ပွားရာ စာသင်ခန်းမှ ကလေးများကို အာဏာပိုင်များက အလျင်အမြန် ရွှေ့ပြောင်းပေးခဲ့ရသည်။ ကျောင်းကိုလည်း ယာယီပိတ်လိုက်ရသည်။ ယခုဖြစ်ရပ်သည် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ်သည့် အထောက်အထားမျိုး မတွေ့ရဘဲ လူမှုရေး ပြဿနာကိုသာ အခြေခံသည်ဟု ရဲများက ယူဆထားသည်။

ကျောင်းရှိ ကလေးငယ် ၆၀၀ ကျော်ကို ကျောင်းကားများဖြင့် အနီးရှိ ကာဂျွန်အထက်တန်းကျောင်းသို့ ယာယီ ပြောင်းရွှေ့ပေးထားပြီး ထိုနေရာတွင် မိဘများက ကလေးများကို လာကြိုကြသည်။ သို့သော် နောက်ဆက်တွဲ ခြိမ်းခြောက်မှု အခြေအနေ လုံးဝ မရှိဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

“လုပ်ထုံးလုပ်နည်းအရ ရဲတွေက အခင်းဖြစ်ရာ နေရာကို ရှာဖွေရှင်းလင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ခြိမ်းခြောက်နိုင်ခြေ ဘာမှ မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ဘာဂူအန်က ပြောကြားခဲ့သည်။

ဆန်ဘာနာဒီနိုတွင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက လူမှုစောင့်ရှောက်ရေး ဂေဟာတစ်ခုသို့ စုံတွဲတစ်တွဲ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က လူပေါင်း ၁၄ ဦး သေဆုံးကာ ၂၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Ref: Los Angeles Times

Top News