ငှက်လွှတ်ခြင်း၏ နောက်ကွယ်

လှောင်အိမ်အတွင်း ကျရောက်နေသော ငှက်များကို တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)

သင်္ကြန်ပွဲတော်ဆင်နွှဲအပြီး မြန်မာနှစ်သစ်ကူး အခါသမယနှစ်ဆန်းတစ်ရက်ရောက်သည်နှင့် အလေးအနက်ထားပြုလေ့ရှိသည်မှာ ဇီဝတဒါန ကုသိုလ်ပြုခြင်းပင် ဖြစ်သည်။

နှစ်ဦးဇီဝိတဒါနအဖြစ် ငါး၊ လိပ်များလွှတ်ခြင်း၊ နွားများဘေးမဲ့ ပေးခြင်းနှင့်အတူ ငှက်များကို ဘေးမဲ့လွှတ်ခြင်းကလည်း အစဉ်အလာ သဖွယ်ပါဝင်နေသည်။

ယင်းအနက် ငှက်လွှတ်သည် ဆိုရာ၌ သတိပြုရမည့်အချက်မှာ ငှက်များသည် ငါးများ၊ နွားများကဲ့သို့ မွေးမြူထားသည့် သတ္တ၀ါများ မဟုတ်ဘဲ တောထဲ၊ လယ်ကွင်း များထဲတွင် သဘာဝအတိုင်း နေ ထိုင်ကျက်စားနေသည်ကို ဖမ်းဆီး ရောင်းချခြင်းဖြစ်၍ ယင်းနေ့အ တွက် ကြိုတင်ကာ ငှက်များပိုမို ဖမ်းဆီးခံနေရပြီ ဖြစ်သည်။

ငှက်လွှတ်ခြင်းမှာ နှစ်ဆန်းတစ်ရက်နေ့တစ်နေ့တည်းနှင့်သာ သက်ဆိုင်သည်မဟုတ်။ ဘာသာ ရေးအထင်ကရနေရာစေတီပုထိုး များနှင့် လူစည်ကားရာနေရာများ တွင် ငှက်လှောင်အိမ်များချကာ ရောင်းချနေမှုများကို နေ့စဉ်မြင် တွေ့နေရပြီး ငှက်များဖမ်းဆီး ရောင်းချနေမှုကို နေရာအချို့တွင် တားမြစ်ထားသော်လည်း ဖမ်းဆီး မြဲ၊ ရောင်းချမြဲပင် ဖြစ်သည်။

ထို့ကြောင့် လှောင်အိမ်အ တွင်းရှိ ငှက်ကလေးများကို ချစ်ခင်သနားစိတ်ဖြင့် ဘေးမဲ့လွှတ်ပျံသန်းခွင့်ပေးသည့် ငှက်လွှတ်ခြင်းဓလေ့ က ငှက်များမျိုးသုဉ်းလာနိုင်သည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ် လာနေသည်။

‘‘ဖမ်းဆီးမှုများရင်ရှားပါးတာ ဖြစ်မယ်။ ငှက်တွေမျိုးသုဉ်းတဲ့အ ကြောင်းရင်းထဲမှာ ဒါလည်းပါ တယ်။ ဖမ်းလိုက်ပြီဆိုရင် မွေးပဲ မွေးမွေး၊ လွှတ်ပဲလွှတ်လွှတ်သူတို့ အကောင်ပေါက်နိုင်မှာ မဟုတ်တော့ ဘူး။ အဲဒါဆို ငှက်အရေအတွက် လျော့မယ်။ လွှတ်မယ်ဆိုရင် လည်း တောထဲက ငှက်ရန်ကုန် ရောက်ရင် ဒီငှက်က ခံနိုင်မှာ မဟုတ်ဘူး။ ဒါတွေက မျိုးသုဉ်းလာတဲ့ အ ချက်ပဲ’’ဟု သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) ငှက်ထိန်းသိမ်းရေးပညာရှင် ဦးသက်ဇော်နိုင်က ပြောကြားသည်။

ငှက်များကို လွှတ်ရန်ဖြစ်စေ၊ စားသုံးရန်ဖြစ်စေ ဖမ်းဆီးရာတွင်လည်း ဖမ်းဆီးစဉ်ကတည်းကပင် သေဆုံးခြင်း၊ ရောင်းချရန် သယ်ဆောင်လာသည့် လမ်းတစ်လျှောက်၌ အစာရေစာနည်းပါးကာ သေဆုံးခြင်းတို့ကြောင့် ဖမ်းဆီးစဉ်က ကောင်ရေထက် ထက်ဝက်ခန့်သာမြို့ပြတွင် ရောင်းချနိုင်တော့သည်။

‘‘ငှက် ၁၁ ကောင်ဖမ်းမှ ဖမ်း ချိန်၊ ပို့ချိန်ကာလကြာတာတွက် ကြည့်ရင် တစ်ကောင်ပဲရှင်တယ်’’ ဟု မြန်မာနိုင်ငံ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က ပြောသည်။

လှောင်အိမ်အတွင်းရှိ ငှက် များကို စေလွှတ်လိုက်သောအခါ တွင်လည်း နေရင်းဒေသနှင့် ကိုက် ညီမှုမရှိသဖြင့် ယင်းငှက်မှာ ပြင်ပ၌ ကြာရှည်စွာ ရှင်သန်နိုင်ခြင်းမရှိ တော့သည့်အပြင် စေလွှတ်သည့် နေရာဝန်းကျင်ရှိ သတ္တ၀ါများနှင့် သာအစာယှဉ်ပြိုင်စားနိုင်ခြင်းမရှိသေဆုံးမှုများဖြစ်ပေါ်နိုင်သည်ဟု ငှက်ထိန်းသိမ်းရေးလုပ်ဆောင်နေသူများက ဆိုသည်။

‘‘ထိန်းသိမ်းရေးအနေနဲ့ မ ဟုတ်ဘဲ ဘာသာရေးအမြင်နဲ့ ပြောရင်တောင် ငှက်ကို လွှတ်တာ အကျိုးမရှိဘူးလို့ မြင်တယ်။ ဒီလို အလွှတ်ခံရဖို့ သူတို့နေရာဒေသ တွေကနေ အဖမ်းခံရတာ။ ငှက်က သူ့နေရာမှာ နေတယ်။ ဒါကို ဖမ်း တယ်၊ ပြီးတော့ လွှတ်တယ်။ ဒီငှက် လေးမှာ မိသားစုရှိရင် မိတကွဲဖ တကွဲဖြစ်မယ်။ တောထဲမှာနေတဲ့ အကောင်တွေကို လွှတ်တယ်ဆို တော့ လွှတ်တဲ့ သူကိုယ်တိုင်က ဖမ်းခိုင်းသလိုဖြစ်နေတယ်’’ဟု ငှက် ထိန်းသိမ်းရေးပညာရှင် ဦးသက် ဇော်နိုင်က ဆက်လက်၍ ပြော သည်။

ငှက်များရောင်းချရာတွင် သေးငယ်သည့်ငှက်များ၊ စာက လေးများသာရောင်းချသည်ဆို သော်လည်း တစ်ခါတစ်ရံတွင် သိမ်းငှက်၊ ဇီးကွက်၊ ကျေးငှက်ကဲ့ သို့သော ထိန်းသိမ်းရမည့် ငှက်မျိုး များပါဝင်နေတတ်ပြီး ယင်းငှက် များကို ဖမ်းဆီးရောင်းချမှုမှာ သစ် တောဥပဒေနှင့် ငြိစွန်းနေသည်ကို သိရှိသူနည်းပါးသည်။

သစ်တောဥပဒေပုဒ်မ ၃၇ (က) အရ မျိုးသုဉ်းလုနီးပါး ရင်ဆိုင်ကြုံတွေ့နေရသည့် ငှက်မျိုးစိတ် များနှင့် ရာသီအလိုက်ကာကွယ် ထားသည့် ငှက်များကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် ခုနစ်နှစ်၊ဒဏ်ငွေ ကျပ်ငါးသောင်းဒဏ်ရိုက်ပိုင်ခွင့်ပြဋ္ဌာန်းထားသော်လည်း အရေးယူမှုအပိုင်းမှာ အားနည်းနေသည်။

မြန်မာနိုင်ငံတွင် လုံးဝကာ ကွယ်ထားသည့် ငှက်များ၊ သာမန် ကာကွယ်ထားသည့် ငှက်များ၊ ရာသီအလိုက် ကာကွယ်ထားသည့် ငှက်များဟူ၍ အမျိုးအစားအလိုက် ထိန်းသိမ်းစောင့်ရှောက်ထား၍ ထိန်းသိမ်းမှုအဆင့်အလိုက် အရေးယူနိုင်သည့် ဥပဒေများ သတ်မှတ်ထားသည်ဟုသဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဖမ်းဆီးရောင်းချထားတယ် ဆိုရင်တော့ ကာကွယ်ထားတဲ့ တိရစ္ဆာန်ဟုတ်၊ မဟုတ်စစ်ဆေးဖို့ လည်း လိုမယ်။ ဒါပေမဲ့ ငှက်တွေ ဖမ်းဆီးတယ်ဆိုကတည်းက သ ဘာဝအတိုင်းနေတဲ့ ငှက်တွေကို ခွင့်ပြုချက်မရှိဘဲ ဖမ်းဆီး၊ ရောင်း ချခွင့်မရှိဘူး။ ဒါပေမဲ့လည်း ဘုရားတွေမှာ ငှက်လွှတ်တာတွေက ယုံကြည်မှုနဲ့ လုပ်နေတာတွေကျတော့ ပြောရခက်တယ်’’ဟု ၎င်းကပြောသည်။

ယခုနှစ်ပိုင်းအတွင်း မြန်မာ နိုင်ငံ၌ ငှက်မျိုးစိတ်သစ်တွေ့ရှိ မှတ်တမ်းတင်နိုင်ခြင်း၊ ကာလကြာမတွေ့ရှိခဲ့သော ငှက်များပြန်လည် တွေ့ရှိခဲ့ခြင်း၊ ငှက်ကြည့်ရန် စိတ်ဝင်စားသည့် ခရီးသွားများပြားလာ ခြင်းစသည့် ရလဒ်ကောင်းများ ရရှိနေသော်လည်း အထင်ကရနေရာ များတွင် ငှက်များကို ရောင်းချနေ ခြင်း၊ ဖမ်းဆီးသတ်ဖြတ်နေခြင်း၊ အိမ်မွေးအဖြစ် ရောင်းချနေခြင်း စသည့်အချက်များက ငှက်ထိန်း သိမ်းရေးလုပ်ဆောင်နေသူများအ တွက် အာရုံစိုက်ဖြေရှင်းရမည့် ပြဿနာတစ်ခုဖြစ်သည်ဟု ငှက် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

 ငှက်ထိန်းသိမ်းရေး လုပ် ဆောင်သူများက ထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်မြှင့်လုပ် ဆောင်နေသော်လည်း ဖမ်းဆီးမြဲ ၊သတ်ဖြတ်မြဲဖြစ်၍ ဖမ်းဆီးသူ၊ရောင်းချသူ၊ ၀ယ်ယူသူများကို ပညာပေးရန် လိုအပ်နေသေးသည်ဟု ၎င်းတို့က ဆိုသည်။

ငှက်ဖမ်းဆီးခြင်းသည် အခြားတောကောင်များ ဖမ်းဆီးရခြင်းနှင့် နှိုင်းယှဉ်ပါက လွယ်ကူပြီး ကောင် ရေများစွာရရှိသဖြင့် လုပ်ကိုင်နေရခြင်းဖြစ်၍ ပညာပေးခြင်းနှင့်အတူ အလုပ်အကိုင်ဖန်တီးပေးရန် လိုအပ်ကြောင်း ဒေါက်တာ သိန်းအောင်က ပြောသည်။

‘‘သူ့သဘာဝနဲ့ သူနေတဲ့ အ ကောင်ကို လွှတ်တဲ့သူကိုယ်တိုင် က ဖမ်းခိုင်းသလို ဖြစ်တယ်။ ဒီငှက် တွေရဖို့အတွက် ကြားထဲမှာ ငှက် တွေ ဘယ်နှကောင်သေခဲ့လဲ မသိဘူး။ ကြားမှာ အစာရေစာငတ် ဘယ်လောက်ဒုက္ခရောက်ခဲ့သလဲ မသိဘူး။  တိုက်ရိုက်မခိုင်းပေမယ့် လည်း သွယ်ဝိုက်ခိုင်းတဲ့အတွက် အကုသိုလ်ဖြစ်တာပဲ’’ဟု ဦးသက် ဇော်နိုင်က ပြောသည်။    ။