ဝတ္ထုတိုပေါင်းချုပ် (ဂျာနယ်ကျော်မမလေး)

၁၉၁၇ ဧပြီ ၁၃ ရက်တွင် မွေးဖွားခဲ့သော စာရေး ဆရာ၊ သတင်းစာဆရာမကြီး ဂျာနယ်ကျော်မမလေး သည် ယခုဧပြီ ၁၃ ရက်၌ နှစ် ၁၀၀ ပြည့်မြောက်မည် ဖြစ်သည်။ ထို့ကြောင့် ယခုနှစ်သည် ဂျာနယ်ကျော်မမ လေး၏ နှစ် ၁၀၀ ပြည့်ဖြစ်ပြီး ၎င်း၏ မိသားစုက မကြာသေးမီက ရန်ကုန်သူနာပြုတက္ကသိုလ်ခန်းမ၌ ရာပြည့်ပွဲကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ ကံ့ကော်ဝတ်ရည်စာအုပ်တိုက်က ဂျာနယ်ကျော်မမလေး နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အဖြစ် ၀တ္ထုတိုပေါင်းချုပ်ထုတ်ဝေလာပါသည်။ ယခင်ထုတ်ဝေခဲ့သော ရှုမငြီး ၊ တွေးတစိမ့်စိမ့် နှင့် လက်ရွေးစင်ဝတ္ထုတိုများတွင် ပါဝင်သည့် ၀တ္ထုများသာမက နောက်ပိုင်းရှာဖွေတွေ့ရှိသော ၀တ္ထုတိုများပါ ထည့် သွင်းဖော်ပြထားကြောင်း တွေ့ရပါသည်။ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ပါရှိခဲ့သော်လည်း တစုတစည်း တည်း ဖော်ပြခြင်းမရှိဖူးသည့် ၀တ္ထုများပါဝင်လာသ ဖြင့် အတော်အတန်ပြည့်စုံသော ၀တ္ထုတိုပေါင်းချုပ် ဟု ဆိုနိုင်သည်။ ဂျာနယ်ကျော်မမလေးသည် သတင်း စာဆရာတစ်ဦးဖြစ်သလို ပါရမီရှင်စာရေးဆရာတစ် ဦးလည်းဖြစ်ပေရာ ၀တ္ထုရေးသားရာ၌ သတင်းစာဆရာ၏ အမြင်သာမက စာရေးဆရာ၏ ကိုယ်ချင်းစာတရားပါ ပူးကပ်ထား၍ ဖတ်ရှုရသူအဖို့ ဓမ္မဓိဋ္ဌာန်ကျကျအတွေးအမြင်ကို ရရှိစေပါသည်။ ထို့ ကြောင့် သူ့ဝတ္ထုတိုများနှင့် ပတ်သက်၍ ဂျာနယ်ကျော်မမလေးက ‘သူတစ်ပါး၏ အကျိုးအကြောင်း၊ သူတစ် ပါး၏ အဖြစ်အပျက်၊ သူတစ်ပါး၏ ကိစ္စအ၀၀ကို သတိထားတတ်လာလျှင် ထိုသို့သတိထားလာတတ်သည့် အခါကျမှ မိမိအကျိုးအကြောင်း၊ မိမိအဖြစ်အပျက်၊ မိမိကိစ္စအ၀၀ကို သတိထားတတ်မှုရှိစေနိုင်သည့်အ တွက် စာဖတ်သူများသည် ဤ၀တ္ထုတိုများကို ဖတ်ရှု ပြီး လူ့သဘာဝလောကကြီး၏ သဘာဝကို ပင်ကိုဉာဏ်ဖြင့် ထိုးထွင်း၍ ဆင်ခြင်သုံးသပ် သတိထားမိပါစေရန် စေတနာလှုံ့ဆော်ရာမှ မေတ္တာအခြေခံနှင့် ရေးခဲ့ခြင်း ဖြစ်ပါသည်’ဟု ဆိုထားသည်။

ယခုစာအုပ်တွင် ၀တ္ထုတို (၃၃) ပုဒ် ပါဝင်ပြီး အများစုကို ဂျာနယ်ကျော်နှင့် ရှုမ၀တို့၌ ဖော်ပြခဲ့ကာ ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာက ‘ဂျာနယ်ကျော်မမလေးကား ၀တ္ထုရေးဆရာတို့၏ အ ရည်တစ်ရပ်ဖြစ်သော စေ့ငုသေချာစွာ သိမြင်ကြည့် ရှုတတ်ခြင်းဖြင့် ပြည့်ဝလှသည်။ သူမ၏ ၀တ္ထုတိုများ တွင် အသေးစိတ် မှုန်မှုန်သေးသေးလေးများပင်ပါ၍ အားကောင်းသော မှန်ဘီလူးနှင့် ကြည့်သကဲ့သို့ ပီသ ခြင်းအသေးစိတ်များပါ အကုန်လာ၍ ထင်ပေသည်’ ဟု မှတ်ချက်ပြုထားသည်။ ၀တ္ထုများနှင့် ပတ်သက်၍ ဇာတိမာန်စာဆို ဆရာဇော်ဂျီက  ‘‘မြက်ကလေးတစ်ပင်’’တွင် ကိုယ်ချင်းစာတရား ခေါင်းပါးလှသော အိမ်ရှင်မကြောင့် ကံမကောင်းအကြောင်းမလှ ဒုက္ခတွေ့ရရှာသော အိမ်စေကလေးမ၏ ကြေကွဲဖွယ်ရာအဖြစ်ကို ဖွဲ့ခဲ့သည်။ ‘‘လှတစ်မျက်နှာ’’တွင် မျက်နှာလှဖို့၊ ပေါ်ကြော့နေဖို့သာ အားထုတ်နေသော မယား၏ အညံ့အဖျင်းကိုလည်းကောင်း၊ ကိုယ်ကျိုးရှာလင်၏ အညံ့အဖျင်းကိုလည်းကောင်း သရော်ခဲ့သည်။ ‘‘သံသရာဘေး’’တွင် ဒုလ္လဘရဟန်းဘ၀မှ ဘယာကြောင့် မထွက်ချင်ဖြစ်နေရာမှ မယားနှစ်ယောက်နေခဲ့သော ပစ္စည်းလေးပါးဒါယကာကြောင့် ရဟန်းဘ၀၌ပင် မြဲအောင်အားထုတ်သော ရုံးစာရေး၏ အဖြစ်ကို ပြောပြခဲ့သည်။ ‘‘ခေမာရီ’’တွင် ဘ၀လှိုင်းလုံး၏ အပုတ်ကို မခံလိုသဖြင့် လွတ်ရာကျွတ်ရာ၌ နေချင်ပါသော်လည်း ဘ၀လှိုင်းလုံးဒဏ်ကို ရှောင်၍မရခဲ့သော သီလရှင်၏ ဒုက္ခကို ဖွဲ့ခဲ့သည်။ ‘‘တွေးတစိမ့်စိမ့်’’တွင် အငယ်အနှောင်းယူသော လင်ကြောင့်လည်းကောင်း၊ အငယ်အနှောင်းယူသော သမက်ကြောင့်လည်းကောင်း သမီးဒုက္ခ၊ မြေးဒုက္ခတို့ကို ကုန်း၍ခံနေသော အမျိုးသမီးကြီး၏ အဖြစ်ကို ဖွဲ့ခဲ့သည်။ ‘‘အ၀ယ်နှင့် အလျော်’’တွင် အဂတိလိုက်စားကြသော ပြည်သူ့ဝန်ထမ်းအချို့၏ အမူအရာတို့ကို တင်ပြခဲ့သည်။ ‘‘သည်အပူ’’တွင် အိမ်စေမကို မယားလုပ်သော မုဆိုးဖိုဖခင်ကြောင့် သောကဒေါမနဿဖြစ်ရသော သမီးအပျိုကြီး၏ ဒုက္ခကို ဖွဲ့ခဲ့သည်။ ‘‘အားမကျပေါင်ရှင်’’တွင် မိန်းမပျင်း၊ မိန်းမဖျင်း၏ အမူအရာတို့ကို တင်ပြခဲ့သည်။ ‘‘ကာဖီ’’တွင် ကြိတ်၍ ခံလိုက်ရသော သူဆင်းရဲမ အဘွားအို၏ အဖြစ်ကို ဖွဲ့ခဲ့သည်ဟူ၍ မှတ်ချက်ပေးထားသည်။

ယခုစာအုပ်ကို ကံ့ကော်ဝတ်ရည်စာပေက တန်ဖိုး ၇,၀၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး စီးတီးမတ်နှင့် စာအုပ်ဆိုင်ကြီးများ၌ ၀ယ်ယူနိုင်ပါသည်။ 

Top News