လူငယ်တွေစာဖတ်ရန် ပညာရေးမှာ အခြေခံ

သိပ်မကြာတော့သည့် ဇွန်လ ဆိုလျှင် ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေ ဖွင့်ပေတော့မည်။ ကျောင်းတွင်း စစ်အတန်းများဖြစ်ကြသည့် ၅၊ ၆၊ ၇ တန်းကျောင်းသားတွေ ကျောင်းမဖွင့်မီ လွတ်လပ်ပေါ့ပါး စွာဆော့ကစားသူကစား၊ မိဘတို့၏ ဆန္ဒအရ ဘာသင်တန်း ညာသင်တန်းတက်သူတက်နှင့် ရှိနေကြချိန်တွင် အစိုးရစစ်အတန်းများဖြစ်သော ၈၊ ၁၀ နှင့် အစိုးရစစ်မဟုတ်သော်လည်း ၁၀ တန်း၏ အခြေခံ ဖြစ်သော ၉ တန်းကျောင်းသား ကလေးများတို့ ကျောင်းမဖွင့်မီကတည်းက ကျောင်းစာနှင့် နပမ်းလုံးနေရလေပြီ။

အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဟုခေါ်သည့် ၁၀ တန်းသည် အခြေခံပညာရေး၏ နောက်ဆုံးအတန်းဖြစ်သည်။ လက်ရှိကျင့်သုံးနေသော မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ ကျောင်းသားတစ်ယောက်၏ အနာဂတ်ကို အဆုံးအဖြတ်ပေး မည့် အတန်းလည်း ဖြစ်၏။ တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင် တန်း ရမှတ်အနည်းအများဖြင့် ဆုံးဖြတ်နေဆဲဖြစ်ရာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များတွင် တက်ခွင့်ရဖို့၊ တက္ကသိုလ်ဝင်တန်းတွင် အ မှတ်များများရဖို့ လိုပါသည်။ ဤ သို့ဖြင့် မိဘနှင့် ကျောင်းသားသည် တက္ကသိုလ်ဝင်တန်းတွင် အမှတ်များများရရေးအတွက် ဆရာများကို အားကိုး၍ မရတော့သောအခါ အပြင်ကျူရှင်များကို အားကိုးလာပါတော့သည်။ ၁၉၉၅ နောက်ပိုင်တွင် ကျူရှင်ကျောင်းတွေ အားကောင်းမောင်းသန်ပေါ်ထွက်လာခဲ့၏။

ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပြင်ဦးလွင်စသည့် မြို့ကြီးတွေမှာ ဘော်ဒါကြီးတွေ အပြိုင်းအရိုင်း ပေါ်လာသည်။ ‘မိဘများစီးပွား ရေးကို စိတ်အေးချမ်းသာစွာ လုပ်ပါ။ သင်တို့၏ သားသမီးများ ပညာရေးကို ကျွန်ုပ်တို့ ဘော်ဒါက တာ ၀န်ယူပါသည်’ဆိုတာမျိုး၊ ‘သင့် ကလေးအနာဂတ်စိတ်အေးရ အောင် ကျွန်ုပ်တို့ဘော်ဒါမှာ ယုံ ကြည်စွာအပ်နှံပါ’စသည့် ကြော်ငြာမျိုးတွေကို ထိုစဉ်က TV တွေ၊ သတင်းစာတွေမှာ နေ့စဉ်လိုလို ကြားခဲ့မြင်ခဲ့ရ၏။ ထို့အတူ မြို့ငယ် ကလေးများတွင်လည်း သူ့ရွာနှင့် သူ့အထွာအလျောက် ဘော်ဒါ အသေးစားလေးတွေ ပေါ်လာခဲ့ကြသည်။ ထို့အပြင် Section ဟုခေါ် သည့် ဘာသာစုံနေ့တက်သင်တန်း များ၊ ၁၀ ယောက်ထက်မပိုသော ကျောင်းသားများစုစည်း၍ စိတ် ကြိုက်ဆရာများ ခေါ်ယူသင်ကြားသည့် ၀ိုင်းများလည်း မြို့တိုင်းလိုလိုတွင် ပေါ်ထွက်လာခဲ့လေသည်။ သည်လိုနှင့် မြန်မာ့ပညာရေးတွင် ဘော်ဒါတွေ၊ ကျူရှင်တွေ၊ ၀ိုင်းတွေခေတ်စားလာသည်။

တစ်ဖက်သောင်းထွန်းလျှင် တစ်ဖက်ကမ်းပြိုဆိုသလို မိဘတွေ၊ ကျောင်းသားတွေက ကျူရှင်တွေကို အားကိုးလာကြသောအခါ ပညာရေးတွင် အစိုးရကျောင်းများက အလိုလိုနောက်တန်းရောက် သွားတော့၏။ ချမ်းသာသော မိဘများက တက္ကသိုလ်ဝင်တန်း ရောက်လာသော သူတို့၏ သားသမီးများကို မြို့ကြီးပြကြီးတွေက ဘော်ဒါကြီးတွေဆီပို့ကြသည်။ မရှိမရှားမိဘတွေက နယ်မြို့ကလေးတွေက ဘော်ဒါအသေးလေးတွေ ဆီမှာ ထားကြသည်။ အချို့က Section တွေမှာထားကြသည်။ အချို့က ကိုယ့်အိမ်မှာ ကိုယ်စိတ်ကြိုက်ဆရာတွေခေါ်ပြီး ၀ိုင်းဖွဲ့သင်ကြားစေသည်။ အစိုးရကျောင်းတွေမှာ တက်ရောက်သင်ကြားသူ အလွန်ပဲနည်းသွားကြ၏။ အချို့ ကျောင်းသားများ ကိုးတန်းအောင်သည်နှင့် အစိုးရကျောင်းမှအပြီး ထွက်လိုက်တော့သည်။ ၁၀ တန်းကို အပြင်ကပဲဖြေကြတော့၏။ ၁၉၉၇၊ ၁၉၉၈ ခုနှစ်များတွင် ကိုးတန်းအောင်ပြီး ကျောင်းကြီးဆက်တက်သည့် ကျောင်းသား ဆယ်ဂဏန်းမျှသာရှိတော့၏။ မြို့ကြီး ပြကြီးတွေက နာမည်ကြီးကျောင်းများ၌ပင် ကျောင်းသားဦးရေမှာ ဆယ်ဂဏန်းအနည်းငယ်မျှသာ ရှိတော့၏။

ဤအခြေအနေကို အစိုးရ ပညာရေးဌာနက မည်သို့ဖြေရှင်း လိုက်သည်ထင်ပါသနည်း။ သူ့ဆေးမြီးတိုက အလွန်ပဲ ခါးသက်လွန်းပါ၏။ ကိုးတန်းအောင်ပြီး ဆယ်တန်းနှစ်တက်ကျောင်းသား များကို အပြင်ဖြေလုံးဝခွင့်မပြု တော့ခြင်းပင် ဖြစ်သည်။ ထိုအမိန့် ကို ၁၉၉၈-၉၉ ပညာသင်နှစ်တွင် စတင်ခဲ့သည်။ ထိုအမိန့်ကြောင့် အစိုးရကျောင်းများတွင် ဆယ် တန်းကျောင်းသားဦးရေပြန်လည် များပြားလာခဲ့သည်။ သို့သော် အစိုးရကျောင်းတစ်ခုတည်းဖြင့် တက္ကသိုလ်ဝင်တန်းတွင် မိမိတို့လိုချင်သော အမှတ်မရနိုင်ရကား အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များကို သွားဖို့အမှတ်မီရန် အပြင်ကျူရှင်များကိုလည်း လက် မလွှတ်ကြရပေ။ ဤသို့ဖြင့် ဆယ် တန်းကျောင်းသားများမှာ အစိုးရ ကျောင်းကြီးနှင့် ကျူရှင်လူးလာ ခေါက်တုံ့ပြေးတက်ရင်းမှ မိမိတို့၏ကိုယ်ပိုင်ချိန်များပျောက်ဆုံးသွားရလေတော့၏။

သည်အထဲပညာရေးစနစ်ကလည်း ‘၏၊ သည်’ မလွဲအလွတ် ကျက်ပြီး ဖြေနိုင်သူ လူတော်သတ်မှတ်သည့် စနစ်ဖြစ်ရကား မြန်မာ့ပညာရေးတွင် ကျောင်းကြီးနှင့် ကျူရှင်အပြင် သင်ခန်းစာတွေကို ‘၏၊ သည်’မလွဲအလွတ်ရွတ်နိုင်ဖို့ ကူညီဖြည့်ဆည်းပေးမည့် Guide ဆိုတာကြီးပါ ပေါ်လာလေတော့၏။ ကျောင်းသားများမှာ ကျူရှင်ပြီး ကျောင်းကြီး၊ ကျောင်းကြီးပြီး ဂိုက် နှင့် နံနက် ၆ နာရီခွဲမှ ည ၉ နာရီခွဲအတွင်း အားရချိန်၊ နားရချိန်ဆို တာလည်း မရှိတော့ပါပေ။ တစ် နေ့တာရေးဆွဲထားသည့် အချိန်ဇယားအတိုင်း စက်ရုပ်ကလေးများသဖွယ် လည်ပတ်နေရတော့၏။ ဗဟုသုတရအောင် အပြင်စာဖတ်ဖို့ ဝေးလို့ ကလေးသဘာဝဗီဒီ ယိုကြည့်တာ၊ ဂိမ်းဆော့တာတွေတောင် လူကြီးမိဘတွေဆီက သဘောတူခွင့်ပြုချက်ယူပြီး မအားသည့်အချိန်တွေထဲက တစ်ခါတစ်ရံဖဲ့ဖဲ့ပြီး လုပ်ခွင့်ရလေ၏။ သည်တော့ နိုင်ငံရေးလည်း စိတ်မ၀င်စား၊ သမိုင်းလည်း စိတ်မ၀င်စား၊ ရသလည်း စိတ်မ၀င်စား၊ ကုန်ကုန် ပြောရလျှင် ကိုယ်ဖတ်နေ၊ ကျက်နေသည့် ကျောင်းစာကိုတောင် မလွဲသာမရှောင်သာတာဝန်အရ ကျက်နေရခြင်း ဖြစ်လေသည်။ စိတ်မ၀င်စားတော့ပေ။

သည်လိုနှင့် တက္ကသိုလ်ဝင်တန်းအောင်လာခဲ့သည့် ကလေးတစ်ယောက်သည် သူကုန်းရုန်းကျက်လာခဲ့ရသည့် ကျောင်းသင် ရိုးစာအုပ်လို စာအုပ်ထူထူကြီးတွေ တွေ့လျှင် အလိုလိုကြောက်နေ၊ မုန်းနေတော့သည်။ ၀တ္ထုစာအုပ်တွေ၊ အက်ဆေးစာအုပ်တွေ၊ ဆောင်းပါးပေါင်းချုပ်တွေ အသစ်စက်စက် ယခုထုတ်စာအုပ်တွေ သူတို့ရှေ့ချပေးထားလည်း ကောက်မကိုင်တော့ပေ။ ဂျာနယ်လို၊ သတင်းစာလိုစာစောင်မျိုးတွေထဲက ပေါ့ ပေါ့ပါးပါး ဆောင်းပါး၊ သတင်းဆောင်းပါးများကိုပင် ရှည်လျှင်မဖတ်ချင်သူတွေ များလာသည်။ ယုတ်စွအဆုံး ဖေ့စ်ဘွတ်ခ်ထဲက ဆောင်းပါးများကိုပင် တချို့က Comment တွေ လိုက်ဖတ်၏။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပုံတင်လျှင် Like များများရ၏။ စာတင်လျှင် Like သိပ်မရပေ။

သည်တော့ လူငယ်အများစု စာဖတ်လာအောင် ကျွန်တော်တို့ ဘာလုပ်ကြမည်နည်း။ သူများတကာ နိုင်ငံတွေထက် အများကြီး နောက်ကျကျန်နေခဲ့သော နိုင်ငံကို အချိန်တိုအတွင်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်လာအောင် လူ ငယ်ထုအပါအ၀င်နိုင်ငံသားအ များစုစာဖတ်လာအောင် လုပ်ခြင်းသည်အထိရောက်ဆုံးနည်းလမ်း ကောင်းတစ်ခုဟုထင်သည်။ စာဖတ်သည်ဆိုရာ၌ စာအုပ်စာတမ်းတွေကိုင်ပြီး ဖတ်ခြင်းသာမဟုတ် ဘဲ ဖေ့စ်ဘွတ်ခ်တွေ၊ အင်တာနက်တွေက ဖတ်ခြင်းများလည်း အကျုံးဝင်ပါသည်။ သည်အတိုင်းစာဖတ်ပါ၊ စာဖတ်ပါဟု ဘယ်လောက် အော်နေအော်နေဖတ်လိမ့်မည်မ ဟုတ်ချေ။ ကျွန်တော်တို့၏ အခြေခံပညာရေးစနစ်က စာဖတ်ခြင်းကို တွန်းအားပေးသည့် စနစ်ဖြစ်ဖို့ လိုပါသည်။ ပြဋ္ဌာန်းစာအုပ်တွေချည်း ကျက်မှတ်ဖြေရုံနှင့် စာမေးပွဲမအောင်ဘဲ သူ့အရွယ်၊ သူ့အတန်း နှင့် ဖတ်သင့်ဖတ်ထိုက်သော အပြင်စာတွေ ဖတ်ထားပြီး သင်ရိုးနှင့် ပေါင်းစပ်ဖြေမှ စာမေးပွဲအောင် သည့်စနစ်မျိုးဖြစ်လျှင် ဘယ်ကျောင်းသားမှ စာမဖတ်ဘဲနေ၍ ရတော့မည်မဟုတ်ချေ။

ထို့အပြင် ကျူရှင်ပြီးကျောင်းကြီး၊ ကျောင်းကြီးပြီး ဂိုက်နှင့် ကျောင်းသားတွေကို အားချိန်နား ချိန်မရအောင် လုပ်ထားသည့် စနစ်ကြီးကိုလည်း အမြန်ဆုံးပြောင်းဖို့ လိုပါသည်။ ကျောင်းသားများ၏ ကိုယ်ပိုင်ချိန်တွေ မဆုံးရအောင် ကျူရှင်တက်စရာမလိုဘဲ ကျောင်း ကြီးတစ်ခုတည်းနှင့် သင်ကြားမှုလုံ လောက်ရပါမည်။ သည့်အတွက် ဆရာ၊ ဆရာမများ၏ သင်ကြားရေးစွမ်းရည်မြင့်မားလာအောင် လုပ်ရပါမည်။ ထို့ပြင် ၁၉၉၉ ခုနှစ်ကစတင်လုပ်ဆောင်ခဲ့သော တက္က သိုလ်ဝင်တန်းနှစ်တက်ကျောင်းသားများ အပြင်ဖြေခွင့်မပြုသည့် စနစ်ကြီးကလည်း ပုဂ္ဂလိကကျောင်းများ တည်ထောင်ခွင့်ပြုနေသည့် ယနေ့ခေတ်နှင့် အံဝင်ခွင်ကျမဖြစ် တော့ပါ။

ချုပ်၍ဆိုရလျှင် နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်ရန် စာဖတ်ကြဖို့ လိုပါသည်။ နိုင်ငံသားအများစုစာဖတ်လာအောင် ပညာရေးကို ဦးစားပေးပြောင်းလဲရမည် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။