ဗိုလ်ချုပ်တို့ သားအဖနှင့် ဓာတ်ပုံထဲက ကချင်အမျိုးသမီးကြီး

မြစ်ကြီးနားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသော ဒေါ်မကောင့်ခေါန်ရော် (ဓာတ်ပုံ - မရန်)

ပြုံးရွှင်ရယ်မောနေကြသော ကချင်အမျိုးသမီးခြောက်ဦး၏ ရှေ့တွင် ကချင်ရိုးရာလွယ်အိတ်ကိုလွယ်ကာ ရိုးရာခေါင်းပေါင်း၊ စလွယ်ဓားတို့ ၀တ်ဆင်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံသည် သမိုင်းဝင် ဓာတ်ပုံတစ်ပုံ ဖြစ်ခဲ့ပါသည်။

ဗြိတိသျှလက်အောက်မှ အတူတကွ လွတ်လပ်ရေးရယူရန် ကချင်ပြည်နယ်သို့ စည်းရုံးရေး သွားရောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခရီးစဉ်အ တွင်း ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအပါ အ၀င် ယင်းဓာတ်ပုံထဲရှိ ပုဂ္ဂိုလ်အများစုသည် ကွယ်လွန်သွားကြပြီဖြစ်သော်လည်း တစ်ဦးတစ် ယောက်ကတော့ သက်ရှိထင်ရှား ကျန်ရစ်နေပါသည်။

အသက်(၉၀)အရွယ်ရှိပြီ ဖြစ်သည့် ဒေါ်မကောင့်ခေါန်ရော်သည် လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) ကျော်က ရိုက်ကူးခဲ့သည့် သမိုင်း ၀င်ဓာတ်ပုံထဲမှ သက်ရှိထင်ရှားကျန်ရစ်ဆဲဖြစ်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။

နှစ်ပေါင်း ၇၀ ကျော်ကြာမြင့် ပြီးချိန်တွင်တော့ ဖခင်ဖြစ်သူ၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ တွေ့ဆုံကာ ဓာတ်ပုံရိုက်ကူးရန် အကြောင်းဖန်လာပြန်ပါ သည်။

 ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်မတ်လအတွင်း ကချင် စစ်ဘေးဒုက္ခသည်စခန်းများသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မကောင့်ခေါန်ရော်တို့ ဖက်လဲ တကင်းနှုတ်ဆက်နေသည့် ဓာတ်ပုံသည် လူမှုကွန်ရက်စာမျက်နှာများထက် ပျံ့နှံ့ခဲ့ပြီး သမိုင်းဝင်ဓာတ်ပုံထဲမှ ကချင်အမျိုးသမီးကြီးကို လူအများ ပိုမိုသတိထားမိလာကြ သည်။

ပြည်သူများထဲမှ သာမန်ပြည်သူတစ်ဦးသာဖြစ်သော ဒေါ်မကောင့်ခေါန်ရော်သည် နိုင်ငံခေါင်းဆောင် သားအဖနှစ်ဦးစလုံးနှင့်အတူ ရိုက်ကူးခဲ့သည့်ဓာတ်ပုံများကြောင့် ထင်ရှားလာခဲ့သည်။ ဒေါ်မကောင့်ခေါန်ရော်သည် မြစ် ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။

 ၎င်း၏ နေအိမ်ဧည့်ခန်းအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ကချင်အမျိုးသမီးခြောက်ဦး အတူရိုက်ကူးထားသည့် ဓာတ်ပုံအပြင် ကချင်ဝတ်စုံဝတ်ဆင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့ နှစ်ဦးအတူ ရိုက်ကူးထားသည့် ပုံတစ်ပုံကိုပါ ဂုဏ်ယူစွာ ချိတ်ဆွဲထားသည်။

‘‘ဒီဓာတ်ပုံရိုက်တုန်းက အဘွားက (၁၉)နှစ်ပဲ ရှိသေးတယ်။ ဒီထဲမှာ အခုက အဘွားတစ်ယောက်ပဲ ကျန်တော့တယ်’’ဟု ဒေါ်မကောင့်ခေါန်ရော်က ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကချင်အမျိုးသမီးများ ရိုက်ထားသည့် ဓာတ်ပုံကို လက်ညိုးထိုးရင်း ပြောသည်။ ဒေါ်မကောင့်ခေါန်ရော်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဓာတ်ပုံအတူရိုက်ခဲ့ဖူးသည်သာမက သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သုံးကြိမ်တိုင်တိုင် တွေ့ဆုံ စကားပြောဆိုဖူးသည့် ရှေးမီနောက်မီပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သို့သော် ဒေါ်မကောင့်ခေါန်ရော်သည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းသားအဖနှင့်အတူ ဓာတ်ပုံရိုက်ကူးခွင့်ရရှိခဲ့သည်မဟုတ်ပါ။ မထင်မှတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရိုက်ကူးခွင့်ရခဲ့ပြီး ယင်းဓာတ်ပုံကြောင့် သူမကို ပြည်သူအများက သမိုင်းထဲမှ လူသားတစ်ဦးအနေဖြင့် သတိထားမိခဲ့သည်။


အသက်(၉၀)အရွယ်ရှိ ကချင်အမျိုးသမီးကြီး ဒေါ်မကောင့်ခေါန်ရော် (ဓာတ်ပုံ-မရန်)

၁၉၄၆ နိုဝင်ဘာ ၃၀ ရက်က ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရိုက်ကူးခဲ့ပြီး နောင်တစ်ချိန်သမိုင်းဝင်ဖြစ်လာမည့် ဓာတ်ပုံနှင့်ပတ်သက်၍ သူမက ယခုကဲ့သို့ ပြန် ပြောင်းပြောပြသည်။

‘‘ဓာတ်ပုံမှာပါတဲ့ ကျွန်မတို့က အဲဒီအချိန်မှာ အစည်းအဝေးလုပ်တဲ့သူတွေကို ကျွေးမွေးဖို့ထမင်းချက်ပေးတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းက အမှတ်တရအတွက် ကချင်အမျိုးသမီးတွေနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ အဘွားတို့ကလည်း ချက်ချင်းပြင် ဆင်လိုက်ပြီး ရိုက်လိုက်တာပဲ’’ဟု ဒေါ်မကောင့်ခေါန်ရော်က ပြုံးရယ်ကာ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က အမှတ်တရနေ့အကြောင်း ပြောပြသည်။ ထိုအချိန် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင် ခေါင်းဆောင်များ တွေ့ဆုံစဉ် မည်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ကိုမူ အသေးစိတ် မသိကြောင်း သူမကဆိုသည်။

‘‘အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး တောင်းရအောင်ဆိုပြီး ပြောတယ်။ကျွန်တော်တို့ ဗမာတွေပဲ၊ ကရင်တွေပဲ၊ တရုတ်၊ ကုလားပဲ တောင်းလို့မရလို့ ကချင်တွေကိုလည်း လာတိုင်ပင်တာ၊ လာစည်းရုံးတာ ဖြစ်တယ်လို့ လာပြောတာပဲ’’ဟု သူသိသလောက် ပြန်ပြောပြသည်။ အဘွား ဒေါ်မကောင့်ခေါန် ရော်အပြင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ ဓာတ်ပုံအတူ ရိုက်ခဲ့သူ များသည် ဆရာမကြီး ဂေါ်လူလု၊ ဆရာမ အယ်လ်နန်ဆိုင်း၊ မအင် ခွမ်ဘောက်၊ မခေါန်ရော်၊ မအယ်လ်ဂျာဘောက်၊ ဆရာမညမ်ရာတို့ဖြစ်သည်။ မြစ်ကြီးနားမြို့ မိန်ခိန်တွင် ကချင်လူထုနှင့် တွေ့ဆုံပွဲအပြီး ကချင်အမျိုးသမီးများနှင့် ဓာတ်ပုံရိုက်စဉ် ဗိုလ်ချုပ်၏မျက်နှာသည် လွန်စွာ ပျော်ရွှင်နေပုံ ကို တွေ့မြင်ခဲ့ရကြောင်း အဆိုပါ တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် ကချင်ခေါင်းဆောင် ဒူဝါ၀ါဘော်ဇော်ရစ် ရေးသားထားသည့် အတ္ထုပ္ပတ္တိစာ အုပ်တွင် ဖော်ပြထားသည်။

ဒေါ်မကောင့်ခေါန်ရော်က ‘‘သူ့ရဲ့ ကိုယ်ရံတော်က ဗိုလ်ချုပ်ခင်ဗျား ကချင်အမျိုးသမီးတွေနဲ့ ဓာတ်ပုံရိုက်ရင် ဒေါ်ခင်ကြည်က စိတ်ကောက်မလားနော်လို့ ပြော လိုက်တော့ ရယ်သွားတာ ဟုတ်တယ်’’ဟု ဓာတ်ပုံတွင် ဗိုလ်ချုပ်နှင့်ကချင်အမျိုးသမီးအားလုံး ပြုံးနေသည့်အကြောင်းရင်းကို ပြောပြသည်။

ဒေါ်မကောင့်ခေါန်ရော်သည် သားသမီး ခုနစ်ဦး၊ မြေးများနှင့်အတူ မြစ်ကြီးနားမြို့ မိန်ခိန်ရပ် ကွက်ရှိ နေအိမ်တွင် အတူနေထိုင်နေပြီး ခင်ပွန်းသည်သည် ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ကိုလိုနီခေတ်ကစ၍ ခေတ်အပြောင်းအလဲ အ ဆက်ဆက်ကို ကြုံတွေ့ဖူးသည့် သူမသည် အလုပ်အကိုင်မျိုးစုံ လုပ်ကိုင်ဖူးသူဖြစ်သည်။ သူမသည် ရက်ကန်းအလုပ်ကိုလည်း ကျွမ်းကျင်စွာလုပ်နိုင်၍ မိသားစုစားဝတ်နေရေးအတွက် ရက်ကန်းအလုပ်ကို လုပ်ကိုင်ခဲ့သည်။ ဒေါ် မကောင့်ခေါန်ရော်သည် ကချင်ပြည်နယ် ရက်ကန်းသမဥက္ကဋ္ဌ အဖြစ် ၁၄ နှစ် တိုင်တိုင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ကျောင်းဆရာမ အလုပ်ကိုလည်း လုပ်ကိုင်ခဲ့ဖူးကြောင်း သူမက ပြန်ပြောင်း ပြောပြသည်။ ဒုတိယကမ္ဘာစစ်အတွင်း ကာလများတွင် ရှမ်း ပြည်နယ် ကွတ်ခိုင်မြို့တွင် ဖွင့်ထားသည့် Dr.Seagrave  ဆေးခန်းတွင် ဆေးဆရာမအကူအဖြစ် ၂ နှစ်တာဝန်ထမ်းဆောင်ခဲ့သည်။

ဖက်ဆစ်ဂျပန်နှင့် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ရှေ့တန်းစစ်မြေပြင်တွင် ဒဏ်ရာရသည့် အင်္ဂလိပ်နှင့် တရုတ်စစ်သားများကို အများဆုံးဆေး ကုသပေးရကြောင်း သူမက အတိတ်ကို ပြန်ပြောင်းပြောပြသည်။

‘‘ဆေးသွားကုတဲ့အချိန် အများပိုင်းသေတာက တရုတ်တွေပဲ။ အင်္ဂလိပ်တွေက နောက်မှာပဲ နေတာ။ တရုတ်တွေကို ရှေ့မှာ သွားခိုင်းတယ်။ အင်္ဂလိပ်စစ်သားတွေက လမ်းလျှောက်တာတောင် မှ ရှေ့ကတစ်ယောက်ရဲ့ ခြေရာမှာပဲ တန်းစီပြီး လျှောက်တာ။ မိုင်းနင်းမိမှာ ကြောက်လို့လေ’’ဟု ယခုတိုင်မှတ်မိနေသေးသော သူမ၏ အတွေ့အကြုံကို ပြန်ပြောပြသည်။ ဒေါ်မကောင့်ခေါန်ရော်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံ ပြီးနောက် ၄၄ နှစ်ခန့်အကြာ ၁၉၉၀တွင် ကချင်ပြည်နယ်သို့ ပထမဆုံး အကြိမ် ရောက်ရှိလာသည့် ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရှိခဲ့ပြန်သည်။ ထို့အပြင် ဒီမိုကရေစီခေါင်းဆောင်နှင့် ဓာတ်ပုံ အတူတွဲရိုက်ခဲ့ ကြောင်း သူမကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၀၀ အလွန်ကာလများတွင် နောက် တစ်ကြိမ် ထပ်မံတွေ့ဆုံခွင့်ရခဲ့သော်လည်း နေ့ရက်အတိအကျ ကို မမှတ်မိတော့ကြောင်း သူမက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ကို ထမ်းဆောင်ပြီး တစ်နှစ်ခန့်အကြာတွင်တော့ သူမနှင့် ထပ်မံတွေ့ဆုံကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

၂၀၁၇ မတ်လ ၂၈ ရက်က ဒေါ်အောင်ဆန်းစုကြည်က ကချင်စစ်ဘေးဒုက္ခသည်စခန်းများသို့ ပထမဆုံးသွားရောက်ခဲ့သည်။ ယင်းနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တာဝန်ရှိသူများက ဒေါ်မကောင့်ခေါန်ရော်ကို နံနက် ၈ နာရီတွင် နေအိမ်မှ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ကချင်လူထုခေါင်းဆောင်များနှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံကို တွေ့ဆုံရန် ဟိုတယ်တွင် စောင့်နေခဲ့ရကြောင်း သူမကပြောသည်။ နေ့လယ် ၁၂ နာရီကျော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရသော်လည်း တွေ့ဆုံချိန်သည် တို တောင်းလှကြောင်း ဒေါ်မကောင့် ခေါန်ရော်က အားမလိုအားမရဆို သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံနှုတ်ဆက်၊ မှတ် တမ်းဓာတ်ပုံရိုက်ခြင်းမှလွဲ၍ ထွေထွေထူးထူးပြောဆိုမှု မရှိခဲ့ကြောင်း ဒေါ်မကောင့်ခေါန်ရော်က ပြောသည်။

‘‘နေကောင်းသလားလို့ မေး တော့ သူက ကောင်းတယ်ပြောတယ်။ ပြီးတော့ သူနဲ့အတူ ရိုက်ထားတဲ့ပုံကို ဘယ်မှာရိုက်ထားတာ မှတ်မိလားလို့မေးတော့ သူက မှတ်မိတယ်တဲ့။ အချိန်ဘယ် ရှိမလဲနော်’’ဟု ဒေါ်မကောင့်ခေါန်ရော်က နိုင်ငံတော်အတိုင်ပင်ခံနှင့် တွေ့ဆုံခဲ့သည့် အတွေ့အကြုံကို ပြန်ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အချိန်ပိုမိုစကားပြော ခွင့်ရခဲ့ပါက သူမစိတ်တွင် တောင်းဆိုတင်ပြလိုသည့်အကြောင်းအရာတစ်ခုရှိခဲ့သည်။

ဒေါ်မကောင့်ခေါန်ရော်၏ နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြလိုသည့်အကြောင်းအရာသည် ကြီးကျယ်လွန်းလှသည်တော့မဟုတ်။ ယခင်ဗိုလ်ချုပ်နှင့် ကချင်ခေါင်းဆောင်များ တွေ့ဆုံခဲ့သည့် လက်ရှိ မိန်ခိန်အထက်တန်း ကျောင်းနေရာတွင် သုံးထပ်ကျောင်းဆောင် တစ်ခုဆောက်လုပ်ပေးရန်နှင့် မိန်ခိန်ရပ်ကွက်ရှိ လမ်းကြားများ၌ ကတ္တရာခင်းပေးစေလိုခြင်းသာ ဖြစ်သည်။

လွတ်လပ်ရေးဗိသုကာ၏ သမီးဖြစ်သူ ဒီမိုကရေစီခေါင်းဆောင်နှင့် တွေ့ဆုံခွင့်ရသော်လည်း သူမသေချာနားမလည်သည့် နိုင်ငံရေးအကြောင်းပြောရန်တော့ အစီအစဉ်မရှိကြောင်း ကချင်အမျိုးသမီးကြီးက ဆိုပါ သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားအမြင်ကိုတော့ ‘‘သူတို့နှစ်ယောက်က သမီးနဲ့ အဖေပဲ ဘာကွာခြားမလဲ။ မကွဲပြားပါဘူး။ အဘွားက နိုင်ငံရေးလည်း မလိုက်စားတော့ မသိတော့ဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်တာဆိုတာကို သူများတွေ ပြောပြမှ သိရတယ်’’ဟု သူက ပွင့်လင်းစွာ ပြောသည်။

‘‘အရင်ဗိုလ်ချုပ်လည်း ဒီလိုပဲ ဒီမှာတရားဟော၊ အားလုံးကို စည်းရုံးသဘောတူကြပြီး ပင်လုံမှာလူကြီးတွေ စာချုပ်သွားချုပ်တယ်။ ပြီးတော့ ရန်ကုန်ရောက်တော့ လုပ်ကြံခံရပြီး သေသွားပြီ။ ဗိုလ်ချုပ်ရဲ့အကြောင်း၊ ဗိုလ်ချုပ်ရဲ့ အနာဂတ်က ဘာမှမရှိတော့ဘူးလေနော်။ ဘာမှမလုပ်ရသေးခင်။ ပင်လုံစာချုပ်ပဲ ချုပ်သေးတဲ့ အချိန်မှာ ဂဠုန်ဦးစောသတ်လိုက် ပြီလေ။ နောက်ပိုင်းက ဗိုလ်ချုပ်လုပ်ချင်တာနဲ့ စစ်တပ်လုပ်တာ အဝေးကြီးဖြစ်သွားတယ်’’ဟု နိုင်ငံရေးနှင့် အလှမ်းဝေးလှသော သူမက သူမတို့ ကချင်ပြည်နယ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်လှမ်းမမီလှသော်လည်း အားလုံးကို အေးချမ်းစေလိုကြောင်း သူမက နံရံပေါ် ချိတ်ဆွဲထားသည့် ဗိုလ်ချုပ်နှင့် ရိုက်ကူးခဲ့သည့် ဓာတ်ပုံကိုငေးရင်း ပြောသည်။

သမိုင်းဝင်ဓာတ်ပုံထဲမှ တစ်ဦးတည်းသော ကျန်ရှိသည့် ဇာတ်ကောင်ကချင်အမျိုးသမီးကြီးသည် ငြိမ်းချမ်းရေးရောင်ခြည်ကို မျှော်လင့်နေသည့် သာမန်ပြည်သူများထဲမှ တစ်ဦးသာဖြစ်သည်။

Top News