မန္တလေးစည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် (ခ) ဦးကျော်ရင်မြင့်နှင့် တွေ့ဆုံခြင်း

‘‘ကျွန်တော်တို့အတွက် စိန်ခေါ်ချက်ကတော့ရှိပါတယ်။ အဲဒါကတော့ မန္တလေးမှာကြီးတဲ့ လူငယ်တွေကိုယ်တိုင်က မြန်မာမှု၊ မြန်မာ့ဂီတဆိုတာတွေကို မခံစားဖူးတဲ့အတွက်ကြောင့် ဘာကြီးလဲမသိဘူး၊ ပျင်းစရာကြီးလို့ မြင်ကောင်းမြင်နိုင်ပါတယ်’’

မြန်မာတို့၏ နောက်ဆုံးမင်းနေပြည် ဖြစ်ခဲ့သည့် မန္တလေးမြို့တွင် နှစ်ကူးသင်္ကြန်ပွဲကို ခေတ်အဆက်ဆက် စည်ကားစွာကျင်းပခဲ့သည်။ ခေတ်ပြောင်း၊ စနစ်ပြောင်းအရ မန္တလေးသင်္ကြန်ပွဲတော်ကျင်းပပုံနှင့် အနှစ်သာရများလည်း အပြောင်းအလဲများရှိခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်သည် ၂၀၁၇ မြန်မာ့ရိုးရာနှစ်ကူးအတာသင်္ကြန်ပွဲကို အပြောင်းအလဲများပြုလုပ်ကျင်းပရန် ကြိုးစားခဲ့သည်။ အစိုးရသစ်လက်ထက် မန္တလေးသင်္ကြန်ပွဲတော်ကျင်းပပုံအပြောင်းအလဲပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီတွင် ပါဝင်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် (ခ) ဦး ကျော်ရင်မြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မင်္ဂလာပါဆရာ။ မကြာခင်မှာကျ ရောက်တော့မယ့် နှစ်ကူးသင်္ကြန်ပွဲဟာ အစိုးရသစ်လက်ထက် ပထမဆုံးစိတ်တိုင်းကျကျင်းပခွင့်ရတဲ့ သင်္ကြန်ပွဲဖြစ်ပါတယ်။ ဒီနှစ် မန္တလေးသင်္ကြန်နဲ့ ပတ်သက်ပြီး ဘယ်လိုအပြောင်းအလဲတွေပြု လုပ်ဖို့ စီစဉ်ထားပါသလဲခင်ဗျ။

ပထမဆုံးဒီနှစ်ထူးခြားတာက (၂၆) အာဇာနည်လမ်း လမ်းလျှောက်သင်္ကြန်ပေါ့။ (၂၆) အာဇာနည်လမ်း လမ်းလျှောက်သင်္ကြန်က အရင်တုန်းကဆိုရင် ကျုံးဘေးမှာပဲ လုပ်ကြတယ်။ လွယ်လွယ် ပြောရရင်တော့ ကားတွေပိတ် လူတွေက တောင်ပြုံးပွဲလို ကြိတ်ကြိတ်တိုး လူတွေလည်း မရွေ့၊ ကားတွေလည်း မရွေ့၊ အဲဒီလိုဖြစ်နေတာတစ်ခု၊ နောက်တစ်ခုက ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ သူတို့ကလည်း စီးပွားရေးရည်ရွယ်ချက်တွေ ပါတာပေါ့။ နောက်တစ်ခုက ရေပက်မဏ္ဍပ်ပြုလုပ်တဲ့ သူတွေလည်း ငွေကြေးယူပြီးတော့မှ ကိုယ့်မဏ္ဍပ်လူစည်အောင်လို့ နာမည်ကြီးတဲ့ အဆိုတော်တွေကို ခေါ်ပြီးတော့မှ မဏ္ဍပ်မှာ သီဆိုခိုင်းတယ်။ အဲဒီတော့ အဆိုတော်တွေ ကလည်း တစ်ခါ သူတို့ကို စိတ်ဝင်စားအောင် ၀တ်စားဆင်ယင်မှုကအစ နည်းနည်းဖော်တာတွေ၊ ချွတ်တာတွေရှိလာတယ်ပေါ့။ ရှိလာတော့ ပြီးခဲ့တဲ့ နှစ်တွေမှာဆို သရုပ်ပျက်သင်္ကြန်စသည်ဖြင့် အပြော အဆိုခံရတာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က စပြီးတော့ ဖြစ်ချင်တဲ့ အပြောင်းအလဲကတော့ ဒီသရုပ်ပျက်သင်္ကြန်လို့ ပြောဆိုဝေဖန်ခံရတဲ့ သင်္ကြန်ကို မြန်မာ့ယဉ်ကျေးမှုသင်္ကြန်အဖြစ်နဲ့စပြီးတော့ ပြောင်းချင်တာပေါ့။ အဲဒီတော့ ဒီ ၂၆ အာ ဇာနည်လမ်းမကြီးပေါ်မှာ လမ်းလျှောက်သင်္ကြန်လုပ်မယ်။ လမ်းလျှောက်သင်္ကြန်လုပ်တော့ ဘယ်ယာဉ်မှ ၆၆ လမ်းကနေ ၇၈ လမ်းကြားကို မ၀င်ရတော့ဘူးပေါ့။ အဲဒီတော့ ယာဉ်ကြောတွေ ကျပ်ပိတ်ပြီးတော့မှ မရွေ့ဘူးဆိုတဲ့ ပြဿနာတစ်ခုလျော့သွားမယ်။ နောက်တစ်ခုက မန္တလေးကျုံးရဲ့အလှကို တန်ဖိုးထားချင်တယ်။ အဲဒါကြောင့်ကျုံးကို ကျောပေးပြီးတော့ မဏ္ဍပ်အမြင့်စားတွေ၊ အကြီးစားကြီးတွေဆောက်တာမျိုးတွေကိုလည်း မ ဖြစ်စေချင်ဘူး။ အဲဒါကြောင့် ၂၆ ဘီလမ်းကို ကျွန်တော်တို့ စတင်အရွေ့တစ်ခုနဲ့ ပြောင်းတဲ့အခါမှာ မဏ္ဍပ်က အကျယ်ကလည်း အလျားပေ ၃၀၊ အနံက ၁၂ ပေ၊ မဏ္ဍပ်ရဲ့ခုံအမြင့်က အများဆုံး ၃ပေ၊ ၂ပေခွဲ ခွင့်ပြုထားတယ်။ မဏ္ဍပ်ရဲ့ ထောင်ထားတဲ့ အထောင်က ၆ ပေထက် မကျော်ရဘူးဆိုတာလည်း သတ်မှတ်ထားလိုက်တယ်။ အဓိက ရည်ရွယ်ချက်က ကျုံးအလှကို ပေါ်လွင်စေချင်တာပေါ့။ နောက်ပြီး ရိုးရာသင်္ကြန်ကို ၂၆ လမ်းပေါ်မှာ ဖော်ဆောင်တဲ့အခါမှာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကို အထောက်အကူ ပြုတာမျိုးဖြစ်စေချင်တယ်။ ဥပမာအနေနဲ့ ထိုင်းနိုင်ငံမှာ လုပ်တဲ့သင်္ကြန် Song Kran လိုမျိုးပေါ့။ ယဉ်ကျေးမှုကို စိတ်ဝင်စားတော့ အားလုံး လာကြတယ်။ မန္တလေးမဟာ သင်္ကြန်လို့ ကြားရတာနဲ့လည်း မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်စားတော့ အားလုံးလာကြတယ်။ မန္တလေးမဟာသင်္ကြန်လို့ ကြားရတာနဲ့လည်း မြန်မာ့ယဉ်ကျေးမှု ယဉ်ယဉ်ကျေးကျေးရေကစားကြတဲ့ ရိုး ရာရေသဘင်ပွဲဆိုတဲ့ ပုံရိပ်တစ်ခုကို ဖော်ချင်တယ်။ ဖော်ချင်တဲ့အ တွက်ကြောင့်မို့ ၂၆ လမ်းပေါ်မှာ စတင်ပြီးပုံဖော်တယ်။ စောစောက ပြောခဲ့သလို ၆၇ လမ်းနဲ့ ၆၉ လမ်းကြားမှာ ခရီးသွားလုပ်ငန်းမြှင့်တင် ရေးကို သီးခြားပိုင်းပြီး ပေးလိုက် တယ်။ အဲဒီအပိုင်းထဲမှာဆိုရင် တိုင်းရင်းသားရိုးရာအကတွေ တိုင်းရင်းသားရိုးရာအစားအစာတွေ၊ အမှတ်တရဓာတ်ပုံရိုက်လို့ရမယ့်နေရာတွေ အတူပျော်ပျော် ပါးပါးရေကစားလို့ရမယ်။ အထူး သဖြင့် နိုင်ငံခြားသားဆွဲဆောင်မှုများတဲ့ အလုပ်တွေကို သူတို့က ပိုသိတော့ သူတို့အဲဒါတွေလုပ်ကြလိမ့်မယ်။ နောက်တစ်ခုက ၀က်ဘ်ဆိုက်တွေကနေလည်း ကြေညာ မယ်။ ဒီနှစ်ကတော့ ကျွန်တော်တို့ လုပ်တာနည်းနည်းနောက်ကျနေ ပြီ။ နောက်ကျနေတဲ့အတွက် ကြောင့်မို့ နိုင်ငံတကာက ခရီးသွားတွေကလည်း သွားဖို့လည်ဖို့ အစီအစဉ်တွေဆွဲထားပြီးလောက်ပြီ။ အဲဒါကြောင့် ခရီးသွားလာရောက် မှုတွေကတော့ နည်းလိမ့်မယ်လို့ ထင်တယ်။ သို့သော်လည်း ဒါက အစပဲ။ နောက်နှစ်တွေမှာ ဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံတကာမှာ ခရီးသွားလုပ်ငန်းကို လာချင်တဲ့သူတွေ  ကို အထောက်အကူပေးနိုင်တဲ့၊ မြှင့်တင်ပေးနိုင်တဲ့ ဟာမျိုးလေးဖြစ်ချင်လို့ ဒါကိုဖော်ဆောင်တာပါ။ ၆၉ လမ်းနဲ့ ၇၂ လမ်းကြားစည်ပင်ရဲ့ ရှေ့မှာ စတုဒိသာမဏ္ဍပ်ပေ ၃၀ အလျားရှိတဲ့ စတုဒိသာမဏ္ဍပ် ပေါင်း ၁၅ ခု အနည်းဆုံးထိုးမယ်။ အဲဒီမဏ္ဍပ်တွေမှာ ဘယ်သူမဆို လာပြီးတော့ ကျွေးလို့ရတယ် ဘယ်သူမဆိုလာစားလို့လည်း ရ မယ်။ အခုလည်း ကျွေးမလို့ စီစဉ် ထားတဲ့ ဟာတွေလည်း အများကြီး ပဲ။ နောက်တစ်ခါတချို့ကလည်း စီးပွားရေးကုမ္ပဏီတွေက မဏ္ဍပ် တွေမှာ သူတို့နာမည်ထိုးပြီး ကျွေး တာတွေလုပ်ချင်တယ်။ အဲဒါမျိုး တွေကို ကျွန်တော်တို့က အလှူငွေ ၁၀ သိန်းနဲ့ လက်ခံပါတယ်။ သင်္ကြန်ထမင်း ကျွေးတာတွေလည်းရှိမယ်။ ပြန်ချုပ်ရလို့ရှိရင် ၆၉ လမ်းနဲ့ ၇၂ လမ်းကြားမှာ စတုဒိသာမဏ္ဍပ်တွေအများဆုံးရှိမယ်။ နောက်တစ်ခါ အဲဒီရဲ့ အနောက်ဘက်မှာတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မန်းမြို့သူရေပက်မဏ္ဍပ်နဲ့ အကအလှတွေရှိမယ်။ နောက်တစ်ခါ ၇၈ လမ်းနဲ့ ၇၃ လမ်းကြားမှာ အဲဒီမှာကျတော့ မဏ္ဍပ်ပေါင်း ၃၅ ခု ကျွန်တော်တို့ လျာထားတယ်။ သစ်ပင် တွေနဲ့ လွတ်ပြီးတော့ ပေ ၃၀ ရှိတဲ့ မဏ္ဍပ်လေးတွေ လျာထားတယ်။ နောက် ၂၆ လမ်းရဲ့ အလယ်ကောင်လမ်းတွေမှာ သင်္ကြန်တွေရဲ့ ပုံရိပ်ဟောင်းတွေကို ဗီနိုင်းတွေနဲ့ လှလှပပဖြစ်အောင် တန်ဆာဆင်ဖို့ လည်းရှိမယ်။ နောက်တစ်ခါရည် ရွယ်ထားတာတစ်ခုကတော့ အဲဒီလမ်းပေါ်မှာပဲ ရေကန်ဖိုက်ဘာ ကန်တွေချထားပေးမယ်။ အဲဒီမှာလည်း ရေပက်လို့ရအောင်စီစဉ်ထားပေမယ်။ နောက်ပြီးရခိုင်ရိုးရာ ဓလေ့အတိုင်းလောင်းလှေတွေနဲ့ ရေထည့်ပြီး ရေပက်ကစားလို့ရအောင် စီစဉ်ထားပေးမယ်။ အဲဒါကဒီနှစ်ရဲ့အထူးခြားဆုံးအချက်တွေ ပါပဲ။

ကျုံးတောင်ဘက် ၂၆ လမ်းမှာတော့ လမ်းလျှောက်သင်္ကြန်အဖြစ် ပြောင်းလဲ ကျင်းပမယ်ပေါ့။ သင်္ကြန်ပွဲတော်နဲ့ပတ်သက်ပြီး တခြားကော ဘယ်လိုအပြောင်းအလဲတွေရှိသေးလဲခင်ဗျ။

ကျုံးရဲ့ အရှေ့ဘက်၊ မြောက် ဘက် အနောက်ဘက်ကတော့ အရင်နှစ်တွေကို သိပ်ပြီးမပြောင်းလဲဘူ။ ရေကစားတဲ့ မဏ္ဍပ်တွေက ရှိနေမှာပဲ။ တစ်ခုပဲ ကျွန်တော်တို့က ကန့်သတ်တာက ကျုံးအလှကို မကွယ်အောင်လုပ်ဖို့၊ တစ်ချိန်က နာမည်ပျက်ခဲ့တဲ့ အခန်းတို့ ဘာတို့ အလုံခန်းတွေမထားဖို့။ ဒါတွေကို တော့ ကြပ်ကြပ်မတ်မတ်လုပ် မယ်။ ဒါပေမဲ့ စောစောကပြောသလို ရေကစားမဏ္ဍပ်တွေက အရင် နှစ်တွေကနဲ့ မကွာဘဲ ကျုံးရဲ့ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်မှာတော့ ရှိနေဦးမှာပဲ။ ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းက လူငယ်တွေအတွက် မနော်ရမ္မံမှာ လူငယ်ရေကစားမဏ္ဍပ်တစ်ခုကို သီးသန့်လုပ်ပေးဖို့ရှိမယ်။ အဲဒီမှာ ဘာတွေပါဝင်လဲဆိုတော့ ဝေလ အပါအ၀င် လူငယ်တွေကြိုက်တဲ့ အဆိုတော်တွေနဲ့၊ လူငယ်တွေ ကြိုက်တဲ့ တေးသီချင်းတွေနဲ့ ရေကစားမဏ္ဍပ် အဲဒီမှာရှိမယ်။ စတိတ်ရှိုးဆန်ဆန်ပေါ့။ အဲဒီအတွက် ကွင်းပြင်ကြီးတစ်ခုလုံးကို ရေပန်းတွေစပြီးဆင်နေပြီ။ ကွင်း ထဲဝင်လာတာနဲ့ ရေပန်းတွေနဲ့ စိုစိုရွှဲရွှဲလောင်းပြီးသားလိုဖြစ်နေမယ်။ လူငယ်တွေကြိုက်တဲ့ အဆိုတော်တွေ တီးခတ်ဖျော်ဖြေတာရှိမယ်။

အရင်နှစ်တွေကတော့ မြို့တော် ၀န်မဏ္ဍပ်ဖွင့်ပွဲကနေစပြီးတော့ ငွေကြေးတွေအများကြီးသုံးစွဲတယ်လို့ သိရပါတယ်။ မြို့တော်ဝန်မဏ္ဍပ်မှာဆိုရင်လည်း အရက်ပုလင်းကအစ စိတ်ကြိုက်သုံးစွဲတယ်ဆိုတာမျိုးကြားရပါတယ်။ လက်ရှိအစိုးရကတော့ မန္တလေး သင်္ကြန်ကို ရေဖြုန်း၊ ငွေဖြုန်းမဖြစ်အောင် လုပ်မယ်လို့ မနှစ်ကတည်းက ပြောထားပါတယ်။ ဒီနှစ်မန္တ လေးသင်္ကြန်မှာ ငွေကြေးသုံးစွဲမှု အပိုင်းကကော ဘယ်လိုရှိပါသလဲ ခင်ဗျ။

ငွေသုံးတဲ့ အပိုင်းအနေနဲ့ ပြောရမယ်ဆိုရင် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အတွက် စတိတ်ရှိုး၊ နာမည်ကြီးအဆိုတော်တွေကို  ငှားရတဲ့ ကုန်ကျစရိတ်တွေ၊ ဖွင့်ပွဲမှာ မိုးပျံပူဖောင်းလွှတ်တာတွေ၊ ပိတ်ပွဲမှာ မီးရှူးမီးပန်းတွေ ဖောက်တာတွေ အဲဒီဟာတွေဒီနှစ်မှာ မပါတော့ဘူး။ မပါခြင်းအားဖြင့် သိန်း ၂,၀၀၀ လောက်သက်သာသွားတယ်။  နောက်တစ်ခေါက် ရေမဖြုန်းတဲ့အပိုင်းမှာလည်း အရင်တုန်းက မီးသတ်ပိုက်ကြီးတွေနဲ့ အားရပါးရ မိန်းကလေးတွေရဲ့ အဝတ်အစားကို လန်နေ အောင်ပက်တာတွေကို မဖြစ်စေဖို့အတွက် ရေပိုက်တွေကိုပြင်းအားများတဲ့ပိုက်တွေ  ရေစုပ်စက်တွေ မသုံးရဘူး။ ပိုက်ကိုလည်း ၂ လက်မလောက်ထက်ကြီးတဲ့ ပိုက်တွေမသုံးရဘူးတဲ့။ ကန့်သတ်ချက်တွေကို ရေလည်း အကုန်အကျသက်သာအောင်၊ ငွေလည်း အကုန်အကျသက်သာအောင် ကန့်သတ်လိုက်တယ်။

သင်္ကြန်မဏ္ဍပ်တွေ နေရာချထားပေးတာနဲ့ ပတ်သက်ပြီးတော့လည်း အရင်နှစ်တွေကတော့ နီးစပ်တဲ့သူတွေက စိတ်ကြိုက်နေရာရပြီး ပြန်ရောင်းစားကြတယ်လို့ ကျွန်တော်တို့ ကြားရတယ်။ ဒီနှစ်တော့ လေလံ စနစ်နဲ့ပြောင်းလုပ်တယ်ဆိုတော့ အဲဒီကနေ စည်ပင်သာယာအတွက် အခွန်အခတွေ ဘယ်လောက်ပိုရပါသလဲခင်ဗျ။

အရင်နှစ်တွေတုန်းကတော့ မဏ္ဍပ်နေရာတွေကို ပတ်သက်ရာပတ်သက်ကြောင်းတွေက ရတယ်လို့ဆိုပါတယ်။ သူတို့ကမှထပ်ဆင့် ရောင်းစားတယ်လို့ မဏ္ဍပ်နေရာဝယ်ပြီးဆောက်ခဲ့ရတဲ့ လူတစ်ယောက်က သတင်းစာတိုက်ကို ပြောတာကြားသိရတယ်။ ကျွန်တော်တို့က ဒီနှစ်မှာတော့ မဏ္ဍပ်နေရာတွေကို ပွင့်လင်းမြင်သာစွာ ကြိုက်သလိုဈေးပြိုင်ပေး၊ အများဆုံးထည့်တဲ့ သူကိုနေရာချထားပေးပါတယ်။ မဏ္ဍပ်တွေ အကုန်လုံးကိုလည်း ဈေးပြိုင်စနစ်နဲ့ နေရာချထားပေးတယ်။ အဲဒီက ရထားတဲ့ငွေတွေကိုလည်း စည်ပင်ရန်ပုံငွေထဲကိုလည်း သတ်မှတ်ထားတဲ့နှုန်းထားတစ်ခုသွင်းပါမယ်။ အရင်နှစ်ကတော့ မဏ္ဍပ်တစ်လုံးကို ငါးသိန်းသွင်းတယ်။ ဒီနှစ်မှာ ၁၀ သိန်းသွင်းမယ်လို့ ကြားသိရတယ်။ ကျန်တဲ့ပိုတဲ့ငွေတွေကိုလည်း ဘာလုပ်မလဲဆိုရင် မြို့အကျိုးရှိရာရှိကြောင်း CCTV ကင်မရာတွေတပ်မယ်၊ သင်္ကြန်ကရတဲ့ ငွေတွေနဲ့ မြို့လုံခြုံရေးအတွက် သုံးမယ်လို့ ရည်ရွယ်ထားတယ်။ နောက်တစ်ခါ အမှိုက်ကားတွေလည်း ထပ်ဝယ်ပြီးသုံးမယ်လို့ ရည်ရွယ်ထားတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပေါ့။

အဲဒီတော့ သင်္ကြန်ပွဲတော် ကျင်းပတဲ့ပုံစံကတော့ ပြောင်းသွားတယ်။ဒါပေမဲ့ မြို့ခံတွေဖြစ်စေချင်နေတာက သင်္ကြန်သံချပ်တွေ၊ အလှပြယာဉ်တွေနဲ့ ပြန်လည်စည်ကားစေချင်တာပေါ့။ အဲဒီဘက်အပိုင်းမှာကော သင်္ကြန်သံချပ်တွေ၊ အလှပြယာဉ်တွေ ထွက်နိုင်အောင် စည်ပင်သာယာကနေ ဘယ်လိုကူညီပံ့ပိုးပေးတာမျိုးရှိပါသလဲခင်ဗျ။

အရင်တုန်းက သံချပ်အဖွဲ့ တွေကို ညီတူညီမျှ ထောက်ပံ့ငွေ ပေးမယ်လို့ ရည်ရွယ်ထားတာ ပေါ့။ နောက်တော့သူတို့က ဒီက ပထမဆုရပါတယ်ဆိုတဲ့ဂုဏ်မျိုး ကို မက်ပါတယ်တဲ့။ အဲဒီအတွက် ကြောင့် ပြိုင်ပွဲလုပ်ပေးပါဆိုလို့။ အဲဒီအတွက် ဒိုင်အဖွဲ့ကို တိုင်းအစိုးရကနေ ဖွဲ့စည်းပြီး သံချပ်ပြိုင်ပွဲလုပ်ပါမယ်။ ပြိုင်လိုသူရဲ့စာရင်းတွေကို တိုင်းအစိုးရကို ပေး၊ ကျွန်တော်တို့က သူတို့ကို အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့ အဲဒီသုံးရက်မှာ အချိန်ဇယားဆွဲပြီး လာပြိုင်တာမျိုးလက်ခံပါမယ်။ သံချပ်အသင်းတွေထွက်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ အစည်းအဝေးအရ တစ်ဖွဲ့ကို ငါးသိန်းနဲ့ အဖွဲ့တိုင်းကို ကူညီမယ်။ နောက်တစ်ခါ သူတို့ကားတွေ အလှဆင်တဲ့အခါမှာ သစ်ပါမစ်၊ လိုအပ်တဲ့သစ်ကို အစိုးရဆိုင်ခန်းတွေ ကနေရအောင် တိုင်းအစိုးရအဖွဲ့ သစ်တောဦးစီးက လူတွေနဲ့ညှိနှိုင်းပြီး ဆောင်ရွက်ပေးမယ်။ ပြိုင်ပွဲအရ ငွေကြေးဆုလည်းပေးဖို့ စီစဉ်ပေးထားတယ်။ ဆုပမာဏက အရင်တုန်းက ရည်ရွယ်ထားတာ ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယဆု ခုနစ်သိန်းလို့ ရည်ရွယ်ထားပေမယ့် Amount (ပမာဏ)က မသေးပါဘူး။ အဲဒီတော့ ပြန်ချုပ်ရရင်တော့ သံချပ်တစ်ဖွဲ့ကို ငွေငါးသိန်းရယ်၊ လိုအပ်တဲ့သစ်ကတော့ ရမယ်၊ ကူညီပေးမယ်ပေါ့။ အရင်နှစ်တွေလည်း သံချပ်ပြိုင်ပွဲတွေရှိပေမယ့်လည်း ထွက်ရှိနိုင်မှုနည်းတာပေါ့။ နောက်ပြီး သံချပ်ပြိုင်မယ့် အဖွဲ့တွေ သံချပ်ထိုးရာမှာ ကားတို့အဆင်မပြေဘူးဆိုရင် မဏ္ဍပ်ပေါ်မှလာပြီး သံချပ်ထိုးယှဉ်ပြိုင်နိုင်တယ်။ ဘယ်လိုလာလာရတယ်ဆိုပြီး ဖိတ်ခေါ်ထားပါတယ်။ နောက်ထပ်ဖိတ်ခေါ်တာကတော့ ဝေဖန်တာကို ကြိုဆိုတယ်၊ ကျွန်တော်တို့ စည်ပင်သာယာမဏ္ဍပ်ပေါ်မှာ သံချပ်ယှဉ်ပြိုင်လို့ စည်ပင်ကို မဝေဖန်စေချင်ဘူးဆိုတဲ့စိတ်မရှိပါဘူး။ မြို့တော်ဝန်ကလည်း များများဝေဖန်ပါတဲ့။ ဝေဖန်လာမှ သိလာမယ်ပေါ့။ နောက်ပြီး အလှပြယာဉ်တွေအတွက်လည်း မန္တလေးတက္ကသိုလ် က ကျောင်းသား၊ ကျောင်းသူတွေက တင်ပြလာတယ်။ အစည်းအဝေးအရလည်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို တိုင်းအစိုးရကနေ ငွေကျပ် ၁၀ သိန်းနဲ့ သစ်နဲ့ ထောက်ပံ့ပေးမယ်။ တက္ကသိုလ်ကျောင်းသားတွေ ညီညီညွတ်ညွတ်လုပ်ကြတာကို အားပေးတဲ့သဘောပါ။ တခြားလည်း အလှပြထွက်မယ့်ကားတွေ အလှဆင်ဖို့ သစ်တို့ဘာတို့လိုမယ်ဆိုရင် သက်ဆိုင်ရာသစ်တောကို ဆက်သွယ်ပြီး ရောင်းပေးနိုင်မယ့်ပမာဏကို စီစဉ်ဆုံးဖြတ်ပြီးသစ်ပါမစ်လည်း ရအောင်လုပ်ပေးပါမယ်။

သစ်ပါမစ်ပေးမယ်ဆိုတော့ တစ်ခုစဉ်းစားမိတာက အရင်ခေတ်ကလိုများ ပြန်ဖြစ်သွားမလားခင်ဗျ။

အရင်ခေတ်ကလည်း မဏ္ဍပ်ဆောက်မယ်ဆိုရင် သစ်ပါမစ်ရမယ်။ လွယ်လွယ်ပြောရရင် မဏ္ဍပ်ဆောက်မယ်ဆိုပြီး ပါမစ်ရောင်း စားတယ်ဆိုတဲ့ဟာမျိုးတွေ အရင်ခေတ်တွေက ရှိခဲ့မှာပါ။ အခု ကျွန် တော်တို့က သင်္ကြန်မှာ တစ်ခေတ် တစ်ခါကလိုမျိုး အလှပြယာဉ်တွေ၊ အလှပြကားတွေ များများကြီး ထွက်လာစေချင်တယ်။ သံချပ်အဖွဲ့တွေလည်း ပြန်ပြီး ထွက်လာစေ ချင်တယ်။ သူတို့တွေက ပြောပြ တာက သူတို့မှာ ရန်ပုံငွေအခက်အ ခဲရှိတယ်။ အဲဒီလိုပြောတဲ့အတွက် အစိုးရအဖွဲ့က သူတတ်နိုင်တာ ကူညီနိုင်သလောက် ပါမစ်ချပေးတာပါ။ အဲဒီပါမစ်က ရောင်းစားဖို့ မဟုတ်ဘဲနဲ့ အလှပြကားတွေ သက်သက်သာသာနဲ့ ဆင်နိုင်ဖို့အ တွက် ကူညီတာမျိုးဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါကလို သစ်နှစ်တန်လောက်ကုန်မှာကို တန် ၂၀ လောက်ချပေးပြီး ရောင်းစားတာမျိုးမဟုတ်ပါဘူး။ အခုတော့ သစ်တွေကလည်း အရင်လောက် ဖော ဖောသီသီ မရှိတော့ဘူး ထင်ပါ တယ်။ အဲဒါကြောင့် သူတို့အလှ ဆင်နိုင်ရုံလောက်တော့ ရနိုင်တယ်။ ပြန်ရောင်းစားလောက်အောင်ကတော့ ရမယ်မထင်ပါဘူး။

မြို့ခံတွေ မျှော်လင့်တာက ၁၉၈၀ ကျော် မတိုင်မီကာလတွေကလိုမြို့လူထုမြို့ခံတွေပါတဲ့ သင်္ကြန်ကော်မတီဖွဲ့ပြီးတော့များ လုပ်မလားဆိုတာမျိုး မျှော်လင့်ကြသူလည်း ရှိပါတယ်။ အခု အပြောင်းအလဲက စည်ပင်က ဦးဆောင်လုပ်တာပဲလား။ တိုင်းအစိုးရက ဦးဆောင်လုပ်တာလားခင်ဗျ။

အခု သင်္ကြန်ကို တိုင်းအစိုးရ  က ဦးဆောင်လုပ်တာ။ တိုင်းအစိုး ရက ဖွဲ့စည်းပေးတဲ့ ကော်မတီနဲ့ စီစဉ်ဆုံးဖြတ်ဆွေးနွေးပြီး လုပ်တာ ပါ။ ကျွန်တော်တို့စည်ပင်အနေနဲ့ ကလည်း ဒါကိုလုပ်ရမယ်မှန်းသိ လို့ ကော်မတီဖွဲ့ပြီး လုပ်ထားတာ တော့ ရှိပါတယ်။ ဒါပေမဲ့ အခုကော်မတီထဲမှာ များသောအားဖြင့်တော့ အစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့ ဌာန ဆိုင်ရာတွေက ပိုများပါတယ်။ မြို့ မိမြို့ဖတွေတော့ သိပ်ပြီးတော့မပါ ဘူးဗျ။ ဒါပေမဲ့ ဝမ်းသာစရာတစ်ခု ကတော့ အရင်တုန်းက မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို ဖွင့်ပွဲလုပ် ရင် ဝန်ကြီးတို့၊ ဝန်ကြီးချုပ်တို့က အစိုးရတာဝန်ရှိသူတွေကပဲ ဖဲကြိုး ဖြတ်ဖွင့်လှစ်တယ်။ ဒီနှစ် သူတို့က ဖွင့်လှစ်မှာမဟုတ်ဘူး။ ပြောင်း လိုက်တယ်။ စာပေနယ်မှာ လူ တိုင်းလေးစားရတဲ့ မောင်သစ်လွင် (လူထု)၊ ဆရာသစ်ပါမယ်။ မြို့မ ဦးရွှန်းမြိုင်ပါမယ်။ နောက်တစ်ခါ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ်က ပါမောက္ခချုပ် ဒေါ် ခင်ကြည်ပြာပါမယ်။ နောက် တစ်ခါ မန္တလေးတက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာဒေါ်သီ တာဝင်းပါမယ်။ နောက်တစ်ခါ ဦးမင်းမောင် (နိုင်ငံရေးသမား ဟောင်းကြီး) သူတို့ပါမယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကိုပဲ ကျွန်တော်တို့က ဗန်းတင်ပြီး ဖဲကြိုးဖြတ်ဖို့အတွက် အစီအစဉ်တွေဆွဲထားတယ်။

အဲဒီတော့ မြို့ခံတချို့ မျှော်လင့်သလိုမျိုး သင်္ကြန်ကို တိုင်းအစိုးရက ဦးဆောင်ကျင်းပတာမျိုး မဟုတ်ဘဲနဲ့ မြို့ခံတွေပါတဲ့ကော်မတီက ဦးဆောင်ကျင်းပတာမျိုးအထိကော အပြောင်းအလဲလုပ်ဖို့ အစီအစဉ်ရှိလားခင်ဗျ။

တဖြည်းဖြည်းတော့ အရွေ့က ရွေ့သွားမှာပါ။ မြို့ရဲ့မြို့မိမြို့ဖလူကြီးတွေပါပြီးတော့ သူတို့ရဲ့ အကြံဉာဏ်တွေ၊ သူတို့ရဲ့စိတ်ကူးတွေလည်းပါတဲ့ သင်္ကြန်ဖြစ်အောင်တော့ ကျွန်တော်တို့ရွေ့နေပါတယ်။ မြို့မအပျော်တမ်းတူရိ ယာအသင်းကိုလည်း အလှူငွေ သိန်း ၅၀ နဲ့ ကားကူညီတာကလည်း တကယ်တော့ တစ်ခေတ်တစ်ခါ ကလို မန္တလေးဆန်တဲ့ သင်္ကြန်ဖြစ် အောင်လို့ပါ။ မန္တလေးသင်္ကြန်ကို ထိန်းသိမ်းထားတာ သူပဲရှိတာပေါ။  သူ့(မြို့မ)ကိုလည်း ကျေးဇူးတင်တယ်။ ငွေလှူတဲ့ပွဲမှာလည်း ပြောခဲ့မိပါသေးတယ်။ မြို့မကထိန်းသိမ်းထားတဲ့ ဒီသန္ဓေလေးကို ပြန်ပွားပြီး မန္တလေးသင်္ကြန်ကို ပြန် လုပ်ချင်တာပါလို့။ အရင်လိုတော့ ပြန်ဖြစ်ချင်တယ်။ အခုဆိုရင် မြို့ ထဲမှာလည်း မဏ္ဍပ်တွေ တော်တော်လေးဆောက်လာကြပါပြီ။ အရင်တုန်းက ကျုံးဘေးမှာပဲရှိတဲ့ သင်္ကြန်ကိုလည်း မြို့ထဲရောက်အောင် ကျွန်တော်တို့အားပေး တိုက်တွန်းနေပါတယ်။ ချက်ချင်း ကြီးအရင်တုန်းကလို ပြောင်းလဲဖို့တော့ မလွယ်ကူနိုင်သေးဘူးပေါ့။ ဒါပေမဲ့ ဒီလိုသွားချင်ပါတယ်။ မန္တလေးသင်္ကြန်ကို နေ့ခင်းရေပက်၊ ညခင်း ဘာမှမရှိဆိုတဲ့ဟာကို ညပိုင်းမှာ အကအလှတွေနဲ့ ထွန်းကားတဲ့ သင်္ကြန်မျိုးတွေဖြစ်အောင် ရေ ပက်ချိန်ကိုလည်း ကန့်သတ်ထား တယ်။ မနက် ၇ နာရီကနေ ၁၂ နာရီ၊ ညနေ ၃ နာရီကနေ ၆ နာရီအထိပဲ ရေပက်ရပါမယ်။ ကျန်တဲ့အချိန် မပက်ရပါဘူး။ နေ့ခင်းတစ်အားပူရင် အန္တရာယ်ရှိတာ ရယ်၊ ညခင်းပိုင်းမှာ အကအလှ တွေနဲ့ ဝေဝေဆာဆာရှိနိုင်အောင်။ မြို့အနှံ့ဖျော်ဖြေကြ၊ လှည့်ပတ်ကြည့်ရှုကြနဲ့ အဲဒီလိုမျိုးတစ်ခေတ်တစ်ခါက သင်္ကြန်မျိုးပြန်ဖြစ်စေချင်လို့ စီစဉ်ရခြင်းဖြစ်ပါတယ်။