လန်းနေဦးမယ့် သင်္ကြန်ဖက်ရှင်

ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်စွာ ရေကစားနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

သင်္ကြန်ရက်များ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သင်္ကြန်ပွဲတော်ဆင်နွှဲကြမည့် လူငယ်များ၏ ပြောင်းလဲလာသည့် အပြင်အဆင်နှင့် ဖက်ရှင်များကလည်း ပိုမိုအရောင်အသွေးစုံလာသည်။

သင်္ကြန်ရက်များကို နည်းလမ်းအသွယ်သွယ်နှင့် ပါဝင်ဆင် နွှဲကြမည့်သူများအတွက် အထူး ဈေးနှုန်းများဖြင့် ရောင်းချပေးသည့် ဈေးဆိုင်ခန်းများနှင့် ဈေးရောင်းပွဲတော်များမှာလည်း ကြိတ်ကြိတ်တိုး စည်ကားနေကြပြီဖြစ် သည်။

ယခုနှစ်သင်္ကြန်တွင် လူငယ်များကြား ရေပန်းစားမည့် ဖက်ရှင် ဒီဇိုင်းများ၊ ခေတ်မီသင်္ကြန်မိတ် ကပ်အပြင်အဆင်များနှင့် ဆံပင် အပြင်အဆင်များလည်း ထွက်ပေါ်လာပြီဖြစ်ကာ နှစ်စဉ်မဏ္ဍပ်ကြီးငယ်များဖြင့် အချက်အချာကျသော လမ်းမကြီးအချို့တွင် ဆင်နွှဲ လေ့ရှိသော ရန်ကုန်သင်္ကြန်သည် ယခုနှစ်တွင်တော့ ဖျော်ဖြေရေးကွင်းပြင်ကျယ်ကြီးများတွင် Elec-tro Dance Music (EDM) နှင့် DJ ဖျော်ဖြေပွဲများပုံစံကျင်းပရန် စိုင်းပြင်းနေရာ EDM ပွဲများသို့ သွားကြမည့် ဖက်ရှင်ပုံစံများကို အွန်လိုင်းစာမျက်နှာများတွင် ကြော်ငြာထားသည်ကို တွေ့ရသည်။

သင်္ကြန်ဖက်ရှင်ဟု ဆိုလိုက်သည်နှင့် အရောင်စုံဒီဇိုင်းဆန်း အ၀တ်အစားများနှင့် ရေစိုခံပြီး ရာသီဥတုဒဏ်ကိုလည်းခံနိုင်မည့် ဂျင်းဖက်ရှင်များပဲ မြင်ယောင်မိကြပေမည်။

‘‘သင်္ကြန်အတွက် အဓိကဒီဇိုင်းကတော့ အပေါ်ကို လက်ပြတ်၊ ပန်းပွင့် Crop Top ဒီဇိုင်းလေးနဲ့ အောက်က ဂျင်းဘောင်းဘီတိုကို စတော်ကင်ခံဝတ်မယ်။ အပေါ်က Army ကုတ်ထပ်ဝတ်သွားမယ်။ ဆံပင်ကိုတော့ အစိမ်းရောင်လေး ဆိုးထားတယ်။ မိတ်ကပ်ကတော့ နေလောင်ခံခရင်မ်နဲ့ ရေစိုခံမိတ်ကပ်ကိုပဲ အဓိကလိမ်းသွားမှာပါ’’ ဟု မော်ဒယ်သဇင်ကိုက ပြောသည်။

သင်္ကြန်ဖက်ရှင်နှင့် ပတ်သက်လျှင် မိန်းကလေးများသာမက ယောက်ျားလေးများပါ ဖက်ရှင်ထွင်ကြသည်။

‘‘သင်္ကြန်က နေပူတော့ နေကာမျက်မှန်က မပါမဖြစ်ပါမယ်။ ဒီနှစ်သင်္ကြန်က ကျွန်တော့်ကောင်မလေးနဲ့အတူ မဏ္ဍပ်ထိုင်မှာဆိုတော့ လေးရက်လုံးကို ဂျက်ကတ်ရောင်စုံလေးတွေနဲ့ ဆင်တူဝတ်ဖို့ တိုင်ပင်ထားတယ်။ ဂျင်းဘောင်း ဘီနဲ့ ဖိနပ်ကတော့ Nike လေး စီးမယ်။ ဆံပင်ကိုတော့ One Way ဒီဇိုင်းနဲ့ပဲသွားမှာပါ’’ဟု အသက် (၂၄)နှစ်အရွယ် ကိုထက်အောင်ကျော်ခန့်ကပြောသည်။

သင်္ကြန်ကာလသည် ရာသီဥတုပူပြင်းသည့် နွေနေ့ရက်များ ဖြစ်သဖြင့် ရေကစားထွက်မည့် လူငယ်အများစုသည် ၀တ်ဆင်ရပေါ့ပါးပြီး သက်သာမှုရှိမည့် ခေတ်နှင့်အညီ ဖက်ရှင်များကိုသာ ရွေးချယ်နေသည်ဟု မထက်ထက်ဇင်က ပြောသည်။

‘‘မိန်းကလေးတွေဆိုလည်းအပေါ်က ရင်ပြတ်အပါးအင်္ကျီလေးတွေပဲ အ၀ယ်များတယ်။ ဒီ ဒီဇိုင်းလေးတွေက ခေတ်လည်း မီတယ်။ ရာသီဥတုနဲ့လည်း ကိုက်ညီပြီး ဈေးလည်း သက်သက်သာသာနဲ့ ၀ယ်လို့ရတယ်။ ဒီနှစ်သင်္ကြန် ရာသီဥတုကလည်း အပူချိန်မြင့်တော့ ရေဆော့ကစားမယ့်သူတွေ အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်သင့်တော်မယ့် အ၀တ်အစားတွေကို ပိုရွေးချယ်သင့်ပါတယ်’’ဟု Amara Fashion Shop မှ မစုစုစံက ပြောသည်။

ယခုနှစ်သင်္ကြန်တွင် လူငယ်ယောက်ျားလေးများအတွက် ကာလာစုံဂျက်ကတ်ကို ရက်ပါပုံစံဖြစ်သည့် ခွကျအောက်စည်းပုံစံ၊ ဂျင်းဘောင်းဘီအပြဲပုံစံများဖြင့် တွဲဖက်ဝတ်ဆင်မှုခေတ်စားနိုင်ပြီး ဖိနပ်မှာရေစိုခံနိုင်သည့် All Star ၊ Van အမှတ်တံဆိပ်များကို ၀တ်ဆင်နိုင်ကြောင်း လူငယ်ဖက်ရှင်ဆိုင် Platinum Box မှ အရောင်းတာဝန်ခံ ကိုလပြည့်ကပြောသည်။

ဦးထုပ်မှာလည်း လတ်တလော ခေတ်စားနေသည့် အနား ပျော့၊ လည်ပင်းသိုင်းကြိုးဖြင့် ၀တ်ဆင်ရသည့် ဦးထုပ်မျိုးကို ၀တ်ဆင်နိုင်ကြောင်း ကိုလပြည့်က ပြောသည်။

‘‘သင်္ကြန်တွင်းက ပေါ့ပေါ့ပါး ပါးပဲဝတ်ကြတယ်။ အရမ်းထူပိန်း ကြီးတွေကိုတော့ မ၀တ်ကြတာ များတယ်။ နေရောင်ဒဏ်ကာမယ့် ဂျက်ကတ်လို အ၀တ်မျိုးလေးကို အောက်ကဂျင်းနဲ့ တွဲဝတ်တာ ခေတ်စားနိုင်တယ်။ လိုက်လည်း လိုက်ဖက်တယ်’’ဟု ၎င်းက ပြောသည်။

သင်္ကြန်တွင်းရေထွက်ကစားမည့် လူငယ်အများစု နှစ်ခြိုက်သဘောကျသည့် ဆံပင်အရောင်သည် အစိမ်းရောင်နှင့် ခရမ်းရောင်များလည်းပါဝင်ပြီး ယောက်ျားလေးအများစုသည် အစိမ်းရောင်ကို ရွေးချယ်၍ မိန်းကလေးအများစုသည် ခရမ်းရောင်ကို နှစ်သက်ကြောင်း ရန်ကုန်မြို့တွင်းရှိ ဆံပင်ညှပ်ဆိုင်အချို့မှ သိရသည်။

‘‘ယောက်ျားလေးတွေက ဆံပင်ကို ဘေးနှစ်ဖက်ကို အပြောင်ထားပြီး အလယ်ကို အစိမ်းရောင်ဆိုးတဲ့ ဆံပင်ဒီဇိုင်းနဲ့ မိန်းကလေးတွေကတော့ ခရမ်းရောင်ကို တစ်ချောင်းချင်းဖောက်ပြီး ဆိုးကြတာလည်းရှိတယ်။ ဒီနှစ်သင်္ကြန်အတွက် ဆံပင်ကာလာကိုတော့ ဒီနှစ်ရောင်ပဲ အများဆုံးဆိုးပေးဖြစ်ပါတယ်။ နှစ်တိုင်းမရိုးတဲ့ ခဲရောင်တို့ ရွှေရောင်တို့ဆိုးတဲ့သူလည်း တစ်ယောက်၊ နှစ်ယောက်လောက်ရှိ ပါတယ်’’ဟု Infinity Hair Beauty Saloon မှ မကေကေက ပြော သည်။

သင်္ကြန်ဖက်ရှင် ဆံပင်အရောင်ဆိုးရာတွင် အပြာနုရောင်၊ မီးခိုးရောင်စသည့် အရောင်များ ဆိုးခြင်းခေတ်စားလာကြောင်း ForU For Me ဆံပင်အလှပြုပြင်ရေး ဆိုင်မန်နေဂျာ မကြေးမုံဦးကပြောသည်။

‘‘ဆံပင်အရောင်ဆိုးရင် ကာ လာအနုလေးတွေ ဆိုးကြတာများလာတယ်။ ပြီးတော့ နှစ်ရောင်စပ်လိုမျိုး အရောင်နှစ်မျိုးဆိုးတာလည်း ကောင်းတယ်။ သင်္ကြန်ဖက်ရှင်ပေါ့’’ဟု ၎င်းကပြောသည်။

 သင်္ကြန်မိတ်ကပ်အပြင်အဆင်နှင့် ပတ်သက်၍လည်း ရေစိုခံမိတ်ကပ်များကိုသာ အသုံးပြုရန် ပြင်ဆင်ထားကြသည်။

နေရောင်ဒဏ်ခရင်မ်နှင့် ရေစိုခံမိတ်ကပ်ကို အသုံးပြုကာ အိုင်းလိုင်နာနှင့် မျက်တောင်ကော့ခြင်းကို အဓိကပြင်ဆင်မည်ဟု အသက်(၁၉)နှစ်အရွယ် မအေးမြတ်ချယ်ဦးက ပြောသည်။

‘‘မိတ်ကပ်ကို ပါးပါးလေးပဲ ပြင်သွားမယ်။ သင်္ကြန်မှာ ရေဆော့ပြီးတဲ့အခါ အသားအရေပျက်စီးမှု နည်းအောင် Skin Care တွေကိုပဲ အဓိကသုံးမယ်။ ဆံပင်ကိုလည်း ကျစ်ဆံမြီးကျစ်မယ်’’ဟု ၎င်းက ပြောသည်။

သင်္ကြန်ရက်များတွင် ရာသီဥတုပူပြင်းသဖြင့် အပြင်ထွက်လည်ရန် လုံခြုံပေါ့ပါးသည့် အ၀တ်အစားဒီဇိုင်းများကိုသာ အဓိက ရွေးချယ်ဝတ်ဆင်မည်ဟု သရုပ်ဆောင် ဟန်သီကပြောသည်။

‘‘ရေစိုခံဂျက်ကတ်အပါး၊ ဒါမှမဟုတ်ရင် Hoodie အပါးလေးနဲ့ အောက်ကတော့ ဂျင်းဘောင်းဘီအရှည်ဒီဇိုင်းလေးကိုပဲ စဉ်းစားထားပါတယ်။ အ၀တ်အစားကိုတော့ အရောင်တောက်တောက်လေးတွေဝတ်မယ်။ ဖိနပ်ကိုလည်း ရေစိုခံရှူးလေးပဲ စီးဖြစ်မယ်။ မိတ်ကပ်ကိုတော့ ရေစိုခံ BB Cream လေးလိမ်းပြီး အိုင်းရှဲဒိုးကို အညို ရောင်ပါးပါးလေးပဲတင်သွားမယ်။ ဆံပင်ကိုတော့ ရေစိုရင်ပုံမပျက်အောင် ပိုနီတေးမြင့်မြင့်လေးစည်း သွားမယ်’’ဟု ၎င်းကပြောသည်။

 သင်္ကြန်မိတ်ကပ်ဖန်တီးရာတွင် ရေစိုစို၌ ပိုမိုအရောင်ပေါ်လွင်စေမည့် ကာလာအရင့်အတောက်လေးများကို မျက်လုံးနှင့် နှုတ်ခမ်းကို အသားပေးလိမ်းခြယ်သင့်ကြောင်းနှင့် နေလောင်ခံခရင်မ်များကို မဖြစ်မနေအသုံးပြုကြရန် မိတ်ကပ်ပညာရှင် လင်းလင်းက အကြံပြုပြောကြားသည်။

‘‘ဒီနှစ်သင်္ကြန်မှာ အပူချိန်က မြင့်နေမှာဆိုတော့ ရေကစားကြမယ့် သူတွေအနေနဲ့ ဖက်ရှင်လည်းကျပြီး အသားအရေပျက်စီးမှု နည်းပါးအောင် နေလောင်ဒဏ်ခံအကာ အကွယ်တွေဖြစ်တဲ့ ဦးထုပ်တို့၊ မျက်မှန်တို့ကိုလည်း သေချာဆောင်သွားသင့်တဲ့အပြင် SPF ၅၀ လောက်ပါဝင်တဲ့ နေလောင်ခံခရင်မ်တွေကို လိမ်းသွားသင့်ပါတယ်’’ဟု ၎င်းကပြောသည်။