လမ်းလျှောက်သင်္ကြန်က အစပြုမယ့် ယဉ်ကျေးမှုသင်္ကြန်

လမ်းလျှောက်သင်္ကြန်အတွက် ၂၆ လမ်းတွင် ပုသိမ်ထီးများဖြင့် အလှဆင်ထားစဉ် (ဓာတ်ပုံ-စည်သူလင်း)

စီရွှေချထားသည့် လှည်းယဉ်၊ ကောက်ရိုးမိုးထားသည့် စတုဒိသာကျွေးမည့် တဲငယ်နှင့် ကျုံးမြို့ရိုးဘေးတွင် တည်ဆောက်နေသည့် သုံးပေကျော်သာ မြင့်သည့် ရေကစားမဏ္ဍပ်တို့က ယခုနှစ်မန္တလေးသင်္ကြန်၏ သင်္ကြန်အ ကြိုမြင်ကွင်းဖြစ်လာသည်။

နန်းမြို့ရိုးနှင့် ကျုံးကို ကျောပေးကာ တည်ဆောက်နေသည့် လူတစ်ရပ်ကျော်မြင့်သော ပေပေါင်းရာချီကျယ်ဝန်းသည့် ဧရာမရေကစားမဏ္ဍပ်ကြီးများကသာ နှစ်ပေါင်းများစွာ မန္တလေးသင်္ကြန်၏ သင်္ကြန်အကြိုပြယုဂ်အဖြစ် ရှိနေရာမှ ယခုနှစ်တွင် ပြောင်းလဲမှု အနည်းငယ်ကို စတင်တွေ့ရခြင်း ဖြစ်၏။

ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံနှင့် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ပထမဆုံးစိတ်တိုင်းကျ ကျင်းပခွင့်ရသည့် မန္တလေးသင်္ကြန်ကို အပြောင်းအလဲပြုလုပ်ရန် ကြိုးစားနေသည်။ နှစ်ပေါင်း ၃၀ ခန့် အစဉ်အလာတစ်ခုလိုဖြစ်နေသည့် မန္တလေးကျုံးပတ်လည် လေးမျက်နှာစလုံးတွင် ရေကစားမဏ္ဍပ်ကြီးများ ဆောက်လုပ်ခြင်းကို ယခုနှစ်၌ ကန့်သတ်ခဲ့သည်။

ကျုံးပတ်လည်သုံးမျက်နှာကိုသာ ရေကစားမဏ္ဍပ်များဆောက် လုပ်ခွင့်ပြုခဲ့ပြီး ကျုံးတောင်ဘက်ခြမ်း၊ ၂၆ လမ်း(အာဇာနည်လမ်း)ကို မဏ္ဍပ်ကြီးများမဆောက်ဘဲ လမ်းလျှောက်သင်္ကြန်အဖြစ် ပြောင်းလဲပုံဖော်ခဲ့သည်။ ထိုသို့ သင်္ကြန်ကျင်းပပုံပြောင်းလဲရန်ကြိုး စားမှု၏အကျိုးဆက်အဖြစ် ကျုံးတောင်ဘက်ခြမ်းတွင် စတုဒိသာ မဏ္ဍပ်များနှင့် ရိုးရာရေကစား မဏ္ဍပ်ငယ်လေးများ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကျုံးမြို့ရိုးဘေးရှိ ၂၆ လမ်း (အာဇာနည်လမ်း) ကို လမ်းလျှောက်သင်္ကြန်အဖြစ် စတင်ပုံဖော်ခြင်းမှာ ယခုနှစ် မန္တလေးသင်္ကြန်၏အဓိက အပြောင်းအလဲ ဖြစ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်အဖြစ် ပြန်လည်ပုံဖော်ခြင်း ဖြစ်သကဲ့သို့ ရေရှည်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက် လေ့လာလည်ပတ်နိုင်သည့် ပွဲတော်တစ်ခုအနေဖြင့် ကျင်းပရန်ပါ ရည်ရွယ်သည်ဟု မန္တလေးသင်္ကြန်ပွဲတော် ကျင်းပ ရေးကော်မတီတွင် ပါဝင်သည့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ရင်မြင့် (ခ) ဦးကျော်ဆန်းမြင့်က ပြောသည်။

 ‘‘မန္တလေးမဟာသင်္ကြန်လို့ ကြားရတာနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ယဉ်ယဉ်ကျေးကျေးရေကစားကြတဲ့ ရိုးရာရေသဘင်ပွဲဆိုတဲ့ ပုံရိပ်တစ်ခုကို ဖော်ချင်တယ်။ဖော်ချင်တဲ့အတွက်ကြောင့်မို့ ၂၆ လမ်းပေါ်မှာစတင်ပြီး ပုံဖော်တယ်’’ဟု ၎င်းက ပြောသည်။

မန္တလေးသင်္ကြန်ပွဲတော်ကို အပြောင်းအလဲပြုလုပ်နိုင်ရန် မန္တလေးတိုင်းအစိုးရအနေဖြင့် တစ်နှစ်ကျော်ကြာ အချိန်ယူကြိုးစားခဲ့သည်။

၂၀၁၆ သင်္ကြန်ပွဲတော်ကို ယခင်အစိုးရစီစဉ်ခဲ့သည့်အတိုင်း ကျင်းပပြီး နောက်နှစ်များတွင် ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ရေဖြုန်းငွေဖြုန်းမဖြစ်စေဘဲ မြန် မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ဆောင်နိုင်မည့် သင်္ကြန်အဖြစ် ပြောင်းလဲကျင်းပနိုင်ရန် ကြိုးစားမည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများကဆိုခဲ့ပြီး ၂၀၁၇ သင်္ကြန်တွင် အပြောင်းအလဲများ စတင်ပြုလုပ်ခြင်းဖြစ်သည်။

ဟိန္ဒူနက္ခတ်ဗေဒင်ပညာရပ်များမှ ဆက်နွှယ်ဆင်းသက်လာသည့် နှစ်ကူးအတာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက ကျင်းပခဲ့ပြီး ရာသီအလိုက် ကျင်းပသည့် မြန်မာ့ရိုးရာပွဲတော်များအနက် အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံးပွဲတော်တစ်ခုဖြစ်သည်။ မြန်မာတို့၏ နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့သည့် မန္တလေးမြို့တွင် နှစ်ကူးသင်္ကြန်ပွဲတော်ကို ကိုလိုနီခေတ်မတိုင်မီအထိ ထီးဟန်နန်းဟန်အပြည့်ဖြင့် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများတွင် မန္တလေးသင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှုများကို ဖော်ကျူးပြသသည့် ပွဲတော်တစ်ခုအသွင် ဖြစ်လာခဲ့သည်။

လွတ်လပ်ရေးရပြီးစကာလများကစတင်ကာ ၁၉၈၀ ကျော်နှစ်များအထိ မန္တလေးသင်္ကြန်သည် ဆို၊ က၊ ရေး၊ တီး စသည့် မြန်မာမူ အနုပညာများဖော်ကျူးထုတ်ဖော်ပြသရာပွဲတော်၊ ချစ်ကြည်ရင်းနှီးမှု နှင့် ပျော်ရွှင်ဖွယ်ရာတို့ဖြင့် ထုံမွမ်း နေသည့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကြီးဖြစ်ခဲ့သည်။ မြို့မတူရိယာအသင်းကြီးနှင့် ဆရာမြို့မငြိမ်း၊ မန်းတောင်ရိပ်ခိုသီချင်းတို့သည် မန္တလေးသင်္ကြန်ကိုအခြေပြုကာ ပေါက်ဖွားရှင်သန်လာကြခြင်းဖြစ်သည်။

သို့သော် ၁၉၈၀ ကျော်ကာလများတွင် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ မန္တလေးသင်္ကြန်၏ ကျင်းပပုံများ ပြောင်းလဲခဲ့သည်။ အနုပညာကို ဖော်ထုတ်ခွင့်ရသည့် ယဉ်ကျေးမှုသင်္ကြန်အဖြစ်မှ ရေပက်ရုံ စီးပွားရေးသင်္ကြန်အဖြစ် အသွင်ပြောင်းခဲ့သည်။ မန္တလေး သင်္ကြန်ပွဲတော်၏ ရိုးရာဆန်မှုနှင့် အများပြည်သူ ပါဝင်နိုင်မှုသည် လျော့ကျခဲ့သကဲ့သို့ မန္တလေးသင်္ကြန်၏တန်ဖိုးနှင့် အနှစ်သာရများလည်း ယုတ်လျော့သွားခဲ့ရသည်။ နောက်ပိုင်းတွင် သရုပ် ပျက်သင်္ကြန်၊ စီးပွားရေးသင်္ကြန်၊ ရေပက်သည့် သင်္ကြန်အဖြစ်သာ ကျန်ရှိခဲ့သည်။

တိုင်းအစိုးရအဖွဲ့သစ်က မန္တလေးသင်္ကြန်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု ဖော်ဆောင်နိုင်သည့် ပွဲတော်တစ်ခုအဖြစ် ပြန်လည်အသက်သွင်းမည်ဟု ဆိုခဲ့သော်လည်း လက်ရှိအခြေအနေတွင် ကျုံးတောင်ဘက်ခြမ်းကို လမ်း လျှောက်သင်္ကြန်အဖြစ် ပုံဖော်ခြင်းကိုသာ အဓိကအပြောင်းအလဲအဖြစ် ပြုလုပ်ထားနိုင်သေးသည်။ သင်္ကြန်အလှပြယာဉ်များနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များ ပြန်လည်ပေါ်ထွက်လာနိုင်ရန် အချိန် ယူရဦးမည်ဖြစ်သလို သရုပ်ပျက် ဝတ်စားဆင်ယင်မှုနှင့် မူးယစ်ရမ်းကားသည့်သင်္ကြန်အဖြစ်မှ ပြောင်းလဲနိုင်ရန်လည်း ကြိုးစားရဦးမည် ဖြစ်သည်။ မန္တလေးသင်္ကြန်နှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့က လုပ်ဆောင်သည့် အပြောင်းအလဲ အပေါ် ထောက်ခံကြိုဆိုသော် လည်း အားမရသေး ဘဲ ယခုထက် ပိုမိုရဲဝံ့စွာ ပြောင်းလဲရန် လိုအပ် ကြောင်း မန္တလေးမြို့ခံ အနုပညာရှင်အချို့က ပြောသည်။

‘‘မန္တလေးသင်္ကြန်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲတာ ကောင်းပါတယ်။ ဒါပေမဲ့ အားရတဲ့အပိုင်းတွေရှိသလို အားမရတဲ့အပိုင်းတွေ ရှိတယ်။ ဘယ်လိုအပိုင်းတွေမှာ အားရသလဲဆိုတော့ လမ်းလျှောက်သင်္ကြန်ပေါ့။ ဒါပေမဲ့ မြန်မာ့ရိုးရာသင်္ကြန်နဲ့ တူအောင်လို့ အပြည့်အဝမလုပ်နိုင်သေးတာကတော့ အားရကျေနပ်မှု မရှိသေးဘူး။ ကျွန်တော်တို့မျှော်လင့်တာက မြန်မာ့ရိုးရာသင်္ကြန်ရဲ့ ယိမ်းအကတွေ၊ မြန်မာ့ဆိုင်းဝိုင်းတွေ၊ ရိုးရာသင်္ကြန်ကို သရုပ်ဖော်တဲ့မဏ္ဍပ် ကြီးတွေ ဒါတွေကို ဖြစ်ပေါ်လာစေချင်တာပါ’’ဟု မန္တလေးမြို့ခံဆိုင်းပညာရှင် ဦးစိန်မွတ္တားက ပြောသည်။ သင်္ကြန်ပွဲတော်ကို အကြောင်းပြုကာ အရက်၊ ဘီယာမူးယစ်သောက်စားမှု၊ သရုပ်ပျက် ဝတ်စားဆင်ယင်မှုများကိုလည်း အလေးထားတားမြစ်သင့်ကြောင်း မန္တလေးမြို့ ချမ်းမြသုခလူမှုကူညီ ရေးအသင်းမှ ဦးလှအောင်ကပြောသည်။

‘‘အခု အစိုးရသစ်က ပထမစပြီး ပြောင်းလဲတဲ့အခါမှာတော့ အခက်အခဲတွေတော့ ရှိမှာပါ။ လူကြီးတွေအနေနဲ့သာ ကြိုက်ပြီး လူငယ်တွေကြိုက်ချင်မှလည်း ကြိုက်မယ်လေ။ ဒါပေမဲ့ ကောင်းတဲ့ဘက်ကို အပြုသဘောဆောင်ပြီးပြောင်းရမယ်။ အဲဒီအတွက်လည်း လူကြီးတွေ သတိရှိရှိ ရဲရဲဝံ့ဝံလုပ်ပါလို့ ပြောချင်တယ်။ မြန်မာ့ရိုးရာသင်္ကြန်ဖြစ်အောင်ဆိုပြီး ငွေဖလားနဲ့ရေပက်တဲ့ခေတ်တော့မရနိုင်ဘူးပေါ့။ ယဉ်ကျေးမှုနဲ့ သွေဖည်နေပြီး သရုပ်မပျက်တဲ့ သင်္ကြန်ဖြစ်အောင်ပဲလုပ်ရမှာပေါ့။ အဓိကကဝတ်စားဆင်ယင်မှုနဲ့ အရက်သေစာသောက်စားရမ်းကားမှုတွေ လျော့အောင်လုပ်ဖို့ လိုအပ်တာပေါ့’’ဟု ဦးလှအောင်က အကြံပြုသည်။

မန္တလေးသင်္ကြန်ကို တိုင်းအစိုးရအဖွဲ့က ဦးစီးကျင်းပခြင်းကပင် လွဲမှားနေသည်ဟု မန္တလေးမြို့ခံစာရေးဆရာ ဆူးငှက်က ပြောသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ၁၉၈၀ မတိုင်မီကာလများက ကျင်းပခဲ့သည့် မန္တလေးသင်္ကြန်ပွဲတော်လိုမျိုး မြို့ခံများက ဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်ဖြစ်လာသည်အထိ အပြောင်းအလဲ ပြုလုပ်စေလိုသည်ဟု ဆရာဆူးငှက်က ပြောသည်။

‘‘အရင်ကတော့ မန္တလေးသင်္ကြန်ကို ဘယ်သူက ဦးဆောင်ကျင်းပတာလဲဆိုရင် သင်္ကြန်ကျင်းပရေးကော်မတီက ဦးဆောင်ကျင်းပတာ။ ဘယ်အာဏာပိုင်အဖွဲ့အစည်း၊ ဘယ်အစိုးရကမှ မပတ်သက်ဘူး။ သင်္ကြန်ကျင်းပရေး ကော်မတီကို သင်္ကြန်နားနီးတာနဲ့ ဖွဲ့လိုက်တယ်။ ကော်မတီမှာဘယ် သူတွေပါလာလဲဆိုတော့ မြို့မိမြို့ ဖတွေပါလာတယ်။ တကယ့်မြို့မိ မြို့ဖလို့ ပြောရလောက်အောင် မန္တလေးမှာ မွေး၊ မန္တလေးမှာကြီး၊ မန္တလေးနဲ့ပတ်သက်တာ နောကျေနေအောင်သိ၊ တစ်လျှောက်လုံးလည်း မန္တလေးရဲ့အကျိုးစီးပွားကို အကုန်လုံးတတ်နိုင်တဲ့ဘက်က ဆင်းရဲချမ်းသာမရွေး လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ ပြီးတော့ တကယ့်ပညာရှင်ကြီးတွေ၊ ဂီတပညာရှင်၊ အနုပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ အဲဒီလိုပါဝင်ပြီးတော့မှ ကော်မတီကနေ ဦးဆောင်ပြီး ကျင်းပတာ’’ဟု ဆရာဆူးငှက်က ပြောကြားသည်။

အဆိုပါကော်မတီအောက်တွင်မှ မြူနီစီပယ်နှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များကို ပူးပေါင်းပါဝင်စေပြီး သင်္ကြန်ပွဲတော်ကို စနစ်တကျကျင်းပစေသည်ဟု ၎င်းကဆိုသည်။ ကော်မတီမှ သင်္ကြန်အလှပြယာဉ်များ၊ ယိမ်းအကများ၊ သံချပ်ပြိုင်ပွဲများ ကျင်းပကာ မန္တလေးသင်္ကြန်ကိုစည်ကားအောင်၊ ရိုးရာယဉ်ကျေးမှုပွဲတော် ဖြစ်အောင် ဦးစီးကျင်းပခြင်းဖြစ်သည်ဟု ဆက်လက် ပြောသည်။

မန္တလေးသင်္ကြန်သည် ရေပက်သည့် ရိုးရာပွဲတော်တစ်ခုဆိုသည်ထက် ပိုမိုလေးနက်သည့် အဓိပ္ပာယ်ဆောင်သည်။ ၁၉၅၀ ပြည့်နှစ်များဆီက မန္တလေးသင်္ကြန်ကို မြို့မိမြို့ဖများက ဦးဆောင် ကျင်းပစဉ်က ငြိမ်းချမ်းရေး၊ ပြည်ထောင်စုသင်္ကြန် စသည်ဖြင့်ကျင်းပပြီး နိုင်ငံရေးအရ မြို့ခံပြည်သူ များ၏ဆန္ဒကို ထုတ်ဖော်ပြသသည့် ပွဲတော်တစ်ခုအသွင် ဖန်တီးခဲ့သည်။ မြန်မာနိုင်ငံတွင်ပြည်တွင်း စစ်မီးစတင်တောက်လောင်ချိန် က ပြည်သူလူထုက ငြိမ်းချမ်းရေးကို လိုလားကြောင်း တောင်းဆိုသည့်အနေဖြင့် မန္တလေးတွင် ငြိမ်းချမ်းရေးသင်္ကြန်ကို ကျင်းပခဲ့သကဲ့သို့ ငြိမ်းချမ်းရေးကို မန္တလေး မြို့ခံ ပြည်သူလူထုများတွင်သာမက ပြည်ထောင်စုတစ်ဝန်းလုံးကပါ လိုလားကြောင်း ပြသသည့်အနေဖြင့် ပြည်ထောင်စုသင်္ကြန်ကို ကျင်းပခဲ့သည်။

သို့သော် လက်ရှိ အစိုးရလက်ထက်တွင် သင်္ကြန်ပွဲတော် ကျင်းပပုံမှာ ပိုမိုရှုပ်ထွေးသွားပြီး ယခင်အစိုးရလက်ထက်ကဲ့သို့ စည်ပင်သာယာက ဦးစီးကျင်းပခြင်းပင်မဟုတ်တော့ဘဲ တိုင်းအစိုးရအဖွဲ့တွင်း သင်္ကြန်ပွဲတော်ကျင်းပ ရေးအတွက် အစည်းအဝေးအ ကြိမ်ကြိမ်ထိုင်ကာ တိုင်းအစိုးရက ဦးစီးကျင်းပနေခြင်းမှာ ခရုခါးတောင်းကျိုက်ဖမ်းသလို ဖြစ်နေပြီး လူရယ်ချင်စရာ ဖြစ်နေသည်ဟု ဆရာဆူးငှက်က ဝေဖန်သည်။

‘‘အစိုးရနဲ့စည်ပင်က သင်္ကြန်ကို ကျင်းပစရာ မလိုဘူး။ တခြားအရေးကြီးတာတွေ လုပ်ကြပါ။ သင်္ကြန်ကျင်းပဖို့ ကော်မတီဖွဲ့ပါ။ အစိုးရအဖွဲ့နဲ့ မြို့တော်စည်ပင်က ဘာတွေအကူအညီပေးနိုင်မလဲ။ ဒါပဲလုပ်ပါ။ အဲဒါမျိုးဆိုရင် အ ကောင်းဆုံးပဲ’’ဟု ၎င်းက ပြောသည်။

ထို့ပြင် ငွေကုန်ခံကာ ကျုံးဘေးမဏ္ဍပ်များတွင် ရေသွားပက်မှ လူငယ်များပျော်ရသည့်သင်္ကြန်မျိုးထက် လူတန်းစားပေါင်းစုံပါဝင်ဆင်နွှဲနိုင်သည့် သင်္ကြန်မျိုးဖြစ်လာရန် လုပ်ဆောင်သင့်သည်ဟု ၎င်းက အကြံပြုသည်။

လူငယ်များကမူ အစိုးရသစ်လက်ထက် အပြောင်းအလဲများ နှင့်ကျင်းပမည့် မန္တလေးသင်္ကြန်အပေါ် စိတ်ဝင်စားမှုမြင့်တက်နေသည်။ လမ်းလျှောက်သင်္ကြန်ထည့် သွင်းကျင်းပခြင်း၊ သင်္ကြန်ရေပက်မဏ္ဍပ်များကို ကျုံးဘေးပတ်လည် တွင်သာမဟုတ်ဘဲ မနော်ရမ္မံဥယျာဉ်ဘက်တွင်ပါ ဖျော်ဖြေရေး မဏ္ဍပ်များထားရှိပေးခြင်းတို့ကြောင့် ယခုနှစ်မန္တလေးသင်္ကြန်မှာ ယခင်နှစ်များထက် ပိုမိုစည်ကား နိုင်ကြောင်း မန္တလေးမြို့ခံလူငယ်အချို့က ခန့်မှန်းသည်။

‘‘သင်္ကြန်ကို အပြောင်းအလဲလုပ်ပြီး ကျင်းပပေးတာ သဘောကျတယ်။ အဓိကကတော့ လမ်းလျှောက်သင်္ကြန်ကို စိတ်ဝင်စားတယ်။ လမ်းလျှောက်သင်္ကြန်ကို လည်ဖြစ်အောင်လည်းလည်မယ်။ သူတို့က အဝင်ဂိတ်တွေမှာ အ ရက် သောက်ထားတာကအစ စည်းကမ်းတကျဖြစ်အောင် စစ်မယ်လို့ ကြားတယ်။ အဲဒီလိုသေ ချာစိစစ်ပေးရင် လူလည်းသန့်သွားပြီး မိန်းကလေးတွေလည်း အေးအေးဆေးဆေးလည်လို့ရတယ်’’ ဟု မန္တလေးမြို့ နန်းရှေ့နေအသက် (၂၅)နှစ်အရွယ် မစံပယ်က ပြော သည်။

ယခင်နှစ်များက မူးယစ်ရမ်းကားမှုများအပါအဝင် လုံခြုံရေးကြောင့် သင်္ကြန်မလည်ခဲ့သော်လည်း ယခုနှစ်တွင် မန္တလေးလမ်းလျှောက်သင်္ကြန်ကို လည်မည်ဟု မစံပယ်က ဆိုသည်။

ကျုံးဘေးမဏ္ဍပ်များအပြင် မနော်ရမ္မံလူငယ်သင်္ကြန်နှင့် မြို့တွင်းတွင်ပါ ရေပက်မဏ္ဍပ်များ တည်ဆောက်လာ၍ ယခုနှစ်မန္တလေးသင်္ကြန်မှာ ကျုံးဘေးတစ်နေရာတည်းတွင် စုပြုံ ပိတ်ဆို့နေမည် မဟုတ်တော့ဘဲ မြို့အနှံ့တွင် စည်ကားမည်ဟု ထင်မိကြောင်း မန္တလေးမြို့ခံ ဘဏ်ဝန်ထမ်းလူငယ်တစ်ဦးက ပြောသည်။

မန္တလေး လမ်းလျှောက်သင်္ကြန်တွင် စည်ပင်သာယာနှင့်အတူ ပူးပေါင်းကာ သင်္ကြန်မဏ္ဍပ်နှင့် တိုင်းရင်းသားရိုးရာအကများ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာများလုပ်ကိုင်မည့် မန္တလေးတိုင်းခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးရည်ကလည်း ယခုနှစ် မန္တလေးသင်္ကြန်အပြောင်းအလဲ၊ အဓိကအားဖြင့် လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပခြင်းကြောင့် နိုင်ငံတကာခရီးသည်များကို ဆွဲဆောင်နိုင်မည်ဖြစ်သကဲ့သို့ မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးကိုပါ အထောက်အကူပြုနိုင်ကြောင်း ပြောသည်။

‘‘အခုလို မြန်မာ့ရိုးရာသင်္ကြန်စစ်စစ်ကို ဖော်ထုတ်တဲ့အတွက်ကြောင့်မို့ နိုင်ငံခြားသားတွေ မြန်မာ့ရိုးရာစစ်စစ်ကို သူတို့အနီးကပ်လေ့လာခွင့်ရမယ်။ နောက်ပြီး တိုင်းရင်းသားအကတွေကို အနီးကပ်လေ့လာခွင့်ရမယ်လေ။ အဲဒီလိုလေ့လာခွင့်ရမယ်ဆိုတော့ ခရီးသွားလုပ်ငန်းတွေမှာ အထောက်အကူရနိုင်မယ်။ ဒီကနေ စိတ်ဝင်စားလို့ တိုင်းရင်းသားမျိုးနွယ်စုတွေ ရှိမယ့်နေရာကို သူတို့သွားမယ်၊ လာမယ်ဆိုရင် နောက်ပိုင်းမှာ ခရီးစဉ်တွေဖြစ်လာမယ်။ ခရီးသွား လုပ်ငန်းကိုပါ အထောက်အကူပြု နိုင်မယ်လို့ ထင်ပါတယ်’’ဟု ဦးမျိုးရည်က ပြောသည်။

ယခုနှစ်တွင် ပထမဆုံးဖြစ်ပြီး စီစဉ်ချိန် နည်းပါး၍ လမ်းလျှောက် သင်္ကြန်နှင့်ပတ်သက်၍ အားနည်း ချက်အချို့ရှိနိုင်သော်လည်း နောင်နှစ်များတွင် ယခုထက် ပိုမိုစည်ကားသည့်၊ ပိုမိုခမ်းနားသည့် လမ်းလျှောက်သင်္ကြန်အဖြစ် စီစဉ် လုပ်ဆောင်လာမည်ဟု ထင်မြင်ကြောင်း ၎င်းက ပြောသည်။

သင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုသင်္ကြန်အဖြစ် ပြောင်းလဲကျင်းပရာတွင် အဓိကစိန်ခေါ်မှုမှာ လူငယ်များ၏ပါဝင်မှုဖြစ်ပြီး စတိတ်ရှိုးများမပါဝင်ဘဲ မြန်မာ့ဆိုင်းဝိုင်းများဖြင့် ရိုးရာစစ်စစ်ပြုလုပ်မည်ဆိုလျှင် မစည်ကားတော့ ဘဲဖြစ်နိုင်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။

‘‘ကျွန်တော်တို့အတွက် စိန်ခေါ်ချက်ကတော့ မန္တလေးမှာရှိတဲ့ လူငယ်တွေကိုယ်တိုင်က မြန်မာမှု ၊မြန်မာ့ဂီတဆိုတာတွေကို မခံစားဖူးတဲ့အတွက်ကြောင့် ပျင်းစရာကြီးလို့ မြင်နိုင်ပါတယ်။ တချို့သော လူတွေကလည်း စတိတ်ရှိုးမှာ ခုန်ပေါက်ဆိုရတာကို ပျော်ရတာမျိုးမှ ပိုပြီးတော့ စည်နိုင်တာလို့ ပြောတာတွေကြောင့် ဒါကို အထာမကျနိုင်တဲ့လူတွေ ရှိကောင်းရှိလာနိုင်တယ်လို့ ကြိုတင်မျှော်လင့်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

သို့သော် နောက်နှစ်များတွင် မြို့ခံများမျှော်လင့်သည့် သင်္ကြန်ပွဲတော်အဖြစ် ကျင်းပနိုင်ရန် ကြိုးစားမည်ဟု ၎င်းကဆိုသည်။    ။