အစိုးရသစ်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တစ်နှစ်တာ

ရန်ကုန်မြို့ မြန်မာ့စက်မှုဆိပ်ကမ်းတွင် ပြည်ပတင်ပို့ရန် စီစဉ်နေသော တရားမ၀င်သစ်များပါသည့် ကွန်တိန်နာကို စစ်ဆေးရန် ပြင်ဆင်နေစဉ် (Forest Department)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ၎င်းတို့အာဏာရချိန်တွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နှစ်ခုကိုတစ်ခုပေါင်းစည်းခဲ့သည်။

ဌာနနှစ်ခုပေါင်းစည်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟု အမည်ပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ သစ်တောတက္ကသိုလ်မှ ပါမောက္ခအဖြစ် အငြိမ်းစားယူခဲ့သူ ဦးအုန်းဝင်းအား ခန့်အပ်ခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးဆောင်မည့်သူအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်ပယ်မှ အတွေ့အကြုံရှိသူကို တာဝန်ပေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရချိန်တွင် မြန်မာ နိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် အဆိုးဆုံးနိုင်ငံများ၌ ကမ္ဘာတွင် နံပါတ် (၄) မှ (၃) သို့ ခုန်တက်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းတွင် ပြည်ပသို့သစ်အလုံးလိုက် တင်ပို့မှုရပ်တန့်ခဲ့သော်လည်း လက်တွေ့ရလဒ်သည် ယခင်အစိုးရသက်တမ်း ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် ကျန်အနှစ် ၂၀ ထက်ပင် များခဲ့သည်။

ထို့ကြောင့် ၂၀၁၀ တွင် ကမ္ဘာ့သစ်တောပြုန်းတီးမှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် အဆင့် (၄) နေရာရှိခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၅ ၌ အဆင့် (၃) နေရာသို့ ခုန်တက်ခဲ့သည်။ ဦးသိန်းစိန်အစိုးရသက်တမ်း ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ နှစ်စဉ်သစ်တောပြုန်းတီးမှုသည် ဟက်တာငါးသိန်း လေးသောင်းကျော် ရှိခဲ့သည်။

 အစိုးရသစ် တက်လာပြီး တစ်နှစ်အတွင်း အထင်ရှားဆုံးနှင့် လူသိများဆုံးသည် သစ်တောထုတ်လုပ်မှုတစ်နှစ်ခန့် ရပ်ဆိုင်းခြင်းနှင့် ပဲခူးရိုးမသစ်ထုတ်လုပ်မှု ၁၀ နှစ် ခန့် ရပ်ဆိုင်းခြင်း ဖြစ်သည်။

ပြည်ပထောက်ပံ့ကူညီမှု ရရှိ ခဲ့သဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို စစ်ဆေးနိုင်သည့် သုတေသနဓာတ်ခွဲခန်းတစ်ခု သစ်တောတက္က သိုလ်တွင် ဖွင့်လှစ်ခဲ့သည်။ ထို့အ ပြင် မျိုးသုဉ်းပျောက်ကွယ်လုနီး သော ရှားပါးသစ်ခွမျိုးစိတ် ၃၀၀ ခန့်ကို နော်ဝေးနိုင်ငံအခြေစိုက် သုတေသနဘဏ်၌ ထားခဲ့သည်။

သစ်ထုတ်လုပ်မှု ရပ်နားစဉ်တစ်နှစ်အတွင်း မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှုများကို ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် စိစစ်ခြင်း၊ တရားမ၀င်သစ်ထုတ်လုပ်မှုများကို စိစစ်ခြင်းနှင့် အဂတိလိုက်စားမှုများ ကြပ်မတ်ခြင်းတို့ဆောင်ရွက်မည်ဟု အစိုးရသက်တမ်းရက် ၁၀၀ တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက 7Day News သို့ ဖြေကြားခဲ့သည်။

ထို့အပြင် မြန်မာ့သစ်လုပ်ငန်းက ရောင်းချသည့် သစ်လေလံစနစ်တွင် ပြည်တွင်းရောင်းအတွက် ရောင်းချသည့်သစ်များ ပြည်ပတင်ပို့ခွင့်ပေးမှုကို ပယ်ဖျက်ခဲ့သည်။ သစ်တောခိုးထုတ်မှုများကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဖမ်းဆီးခဲ့သည်။

ခိုးထုတ်သစ်များကို အလေးထား ဖမ်းဆီးလာသဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ပြည့်မီရန် နှစ်လခန့်အလိုတွင် တန်ချိန် လေးသောင်းရှစ်ထောင်ကျော် ဖမ်းမိခဲ့သည်။ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက တန်တစ်သောင်းကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့သည်။

သို့သော် သစ်ခိုးထုတ်မှုများ ရပ်တန့်သွားခြင်း မရှိပေ။ မြန်မာခိုးသစ်များသည် ဥရောပနိုင်ငံများသို့ပင် ရောက်ရှိခဲ့သဖြင့် ဆွီဒင်အစိုးရနှင့် ဒိန်းမတ်အစိုးရတို့က အရေးယူခဲ့သည်။ အဆိုပါ အရေးယူမှုများကြောင့် မြန်မာနိုင်ငံ၏ သစ်တင်ပို့မှုအပေါ် သက်ရောက်မှုများစွာ ရှိခဲ့သည်။

 ထို့အပြင် ရန်ကုန်မြို့လယ် မြန်မာစက်မှုဆိပ်ကမ်းတွင် ပြည်ပသို့တင်ပို့မည့် တရားမ၀င်သစ်များထည့်သွင်းထားသည့် ကွန်တိန်နာ ၁၃ လုံး ဖမ်းဆီးရမိခဲ့မှုသည် လူအများကို အံ့အားသင့်စေခဲ့သည်။

သတင်းကွင်းဆက်ဖြင့် လိုက်လံဖမ်းဆီးရာ ၂၁ ရက်အတွင်း ရန်ကုန်မြို့တစ်မြို့တည်းတွင် တရားမ၀င် သစ်တန်ချိန် ၁,၅၃၀ နှင့် တရားခံ ၃၂ ဦး ဖမ်းဆီးရမိခဲ့သည်။ သို့သော် ၁၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။

 နှစ်ပေါင်းခြောက်ဆယ်အတွင်း ပမာဏအများဆုံး ဖမ်းဆီးရမိသည့် ပမာဏဖြစ်သည်။

မြန်မာစက်မှုဆိပ်ကမ်းကစ၍ ဆက်စပ်ဖမ်းမိသော မြို့နယ်များသည် သစ်အခြေခံထုတ်လုပ်မှုများရှိသည့် မင်္ဂလာဒုံ၊ လှိုင်သာယာ၊  ရွှေပြည်သာ၊ အရှေ့ဒဂုံစက်မှုဇုန်၊ တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့၌ ဖမ်းဆီးရမိသည်။  

  အဂတိလိုက်စားမှုများ ကြပ်မတ်ဆောင်ရွက်မည်ဟု ပြောဆိုခဲ့သော်လည်း ပြည်နယ်ဖြတ်ကျော် သစ်သယ်ယူရာတွင် ငွေကျပ်ရှစ်သောင်း လာဘ်စားခဲ့သည့် သစ်တောဝန်ထမ်းတစ်ဦးသာ တစ်နှစ်အတွင်း အရေးယူနိုင်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လူသိများခဲ့သည့် ပြည်ပတင်ပို့ရန် ပြင်ဆင်နေသော တရားမ၀င်သစ်ဖမ်းဆီးမှုနှင့်ပတ်သက်၍ တာဝန်ပေါ့လျော့ခဲ့သည်ဟု ယူဆထားသူ သစ်တောဝန်ထမ်း နှစ်ဆယ်ဦးကို စစ်ဆေးနေသည်။

အစိုးရသစ်လက်ထက်တွင် မပြီးမပြတ်သေးသည့် မြစ်ဆုံစီမံကိန်း၊ ရေအားလျှပ်စစ်စီမံကိန်းများကို ဆန့်ကျင်မှု၊ သစ်တောပြုန်းတီးမှုနှင့် ကြီးမားသည့် သစ်ခိုးထုတ်မှုများက စောင့်ကြိုနေသည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ မြစ်ဆုံအရေး အဆုံးအဖြတ်ပေးမည့် ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

သို့သော် မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့်နှင့်ပတ်သက်၍ ယခုအချိန်ထိ အစိုးရထံမှ တိကျပြတ်သားသည့် ဆုံးဖြတ်ချက် ယနေ့အချိန်ထိ ချမှတ်နိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ၎င်းတို့သက်တမ်းတစ်နှစ်တာအတွင်း မြစ်ကြီးများပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်သော ကန့်ကွက်မှုများကို မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။

ဖားကန့်ကျောက်စိမ်းတွင်း ပြိုကျမှုများကြောင့် သေဆုံးခဲ့သူများအတွက် မည်သည့် ဖြေရှင်းမှုများ လုပ်ဆောင်ခဲ့ခြင်း မရှိသော် လည်းဒီချုပ်အစိုးရသက်တမ်းတစ်နှစ်အတွင်း ကျောက်စိမ်းတွင်းလုပ်ကိုင်ခွင့် အသစ်ချပေးခြင်း တား မြစ်ခဲ့သည်။ သတ္တုတွင်းတူးဖော်မှုများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များ လိုက်နာရမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒများ ရှိနေသော်လည်း လိုက်လံစစ်ဆေးမှုများနှင့် အရေးယူမှုများသည် မရှိသလောက် နည်းပါးနေသည်။

ထို့အပြင် တွင်းထွက်သယံဇာတနှင့် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့သစ်ကို အစိုးရသစ်တစ်နှစ်သက်တမ်းပြည့်ရန် တစ်လခန့်အလိုတွင် ဖွဲ့စည်းနိုင်ခဲ့သဖြင့် အမြဲတမ်းအဖွဲ့ဝင်ဖြစ်မည့် အစီရင်ခံစာတင်သွင်းမှုကို တစ်နှစ်ခန့်နောက်ဆုတ်ခဲ့ရသည်။

‘‘မတ်လကုန်လောက် အစီရင်ခံစာတင်ရမယ့် အစီအစဉ်ကို ၂၀၁၈ ကို တစ်နှစ်ရွှေ့လိုက်တယ်။ အစီရင်ခံစာသစ်မှာတော့ သစ်တောနဲ့ ရေအားလျှပ်စစ်ကဏ္ဍတွေက ၀င်တဲ့ငွေကြေးတွေ ပါလိမ့်မယ်’’ ဟု EITI သုံးပွင့်ဆိုင်ညွန့် ပေါင်းအဖွဲ့တွင် အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားလှယ်အဖြစ်ပါဝင်သူ မမိုးမိုးထွန်းက ပြောသည်။

လာမည့် လေးနှစ်အတွင်း သစ်တောကဏ္ဍ ပြုပြင်ပြောင်းလဲရေး သစ်ထုတ်လုပ်မှုများ ယခင်နှစ်များထက် လျှော့ထုတ်လုပ်ခြင်း နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ထုတ်လုပ်ခွင့်ပေးခဲ့သည့် ကန်ထရိုက်စနစ်သစ်ထုတ်ခြင်းကို ဖျက်သိမ်းမည်ဟု ကြေညာထားသည်။

လာမည့် ဘဏ္ဍာရေးနှစ် သစ်ထုတ်ရာသီတွင် ပဲခူးရိုးမကလွဲ၍ ကျန်သည့်တောရှိသည့် ဒေသများမှ ကျွန်းသစ်တန်ချိန်တစ်သောင်းခွဲနှင့် သစ်မာသုံးသိန်းခွဲခန့် ထုတ်လုပ်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။

အဆိုပါ ပမာဏသည် ဆယ်နှစ်အတွင်း သစ်ထုတ်လုပ်မှု အနည်းဆုံးပမာဏဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်က မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှုသည်ဆယ်သိန်းကျော်ရှိရာမှ ထက်ဝက်ကျော်လျှော့ချခြင်း ဖြစ်သည်။

သစ်ထုတ်လုပ်မှု တစ်နှစ်မနားမီ ၂၀၁၅-၁၆ တွင် အစိုးရကသစ်မာနှင့် ကျွန်းစုစုပေါင်း ခြောက်သိန်းခွဲခန့် ထုတ်လုပ်ခဲ့သည်။ ထို့ကြောင့် ယခုနှစ်အတွင်း ထုတ်လုပ်မည့်သစ်ပမာဏသည် ၂၀၁၅-၁၆ နှင့် နှိုင်းယှဉ်ပါက တန်ချိန်သုံးသိန်းခွဲခန့် လျှော့ထုတ်ခြင်းဖြစ်သည်။

ထိုသို့ လျှော့ချခြင်းသည် မြန်မာနိုင်ငံ၏ သစ်တောများပြုန်းတီးမှု မြန်ဆန်လာခြင်းကြောင့်ဖြစ်ပြီး သစ်တောများ အနားပေးရန် စီစဉ်ခြင်းဖြစ်သည်ဟု သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထိပ်ပိုင်းတာဝန်ရှိသူများက ဆိုသည်။

သို့သော် မတ်လကုန်တွင် သစ်ထုတ်လုပ်မှုတစ်နှစ်ခန့် ရပ်ဆိုင်းခြင်းသည် အဆုံးသတ်တော့ မည်ဖြစ်သည်။ ထို့ကြောင့် သစ်ထုတ်လုပ်မှုများ ပြန်လည်ခွင့်ပြု ပေးမည်ဖြစ်၍ လာမည့်လေးနှစ်အတွင်း အစိုးရက သစ်တောပြုန်းတီးမှု လျော့နည်းအောင် မည်မျှဆောင်ရွက်နိုင်မည်ကို စောင့်ကြည့်ရပေမည်။   ။