ကြားဖြတ်ရွေးကောက်ပွဲတွင် အာဏာရပါတီကို ယှဉ်ပြိုင်အနိုင်ရမည်ဟု ပြိုင်ဘက်ပါတီအချို့ မျှော်မှန်း

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မဲပေးရန် သရုပ်ပြသနေစဉ် (ဓာတ်ပုံ − နစ်ကီ)

လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီကို အနိုင်ရမည်ဟု ပြိုင်ဘက်ပါတီအချို့က မျှော်မှန်း ထားကြောင်း သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်များက ပြောကြား သည်။

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ၂၂ မြို့နယ်တွင် ဧပြီ ၁ ရက်၌ ကျင်းပမည်ဖြစ်သည်။

ယင်းတို့အနက် မဲပေးခွင့်ရှိ သူ ခုနစ်သောင်းကျော်ရှိသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် အောင်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေများအရ ရခိုင်အမျိုး သားပါတီ (ANP)အသာရမည်ဟု မျှော်လင့်ကြောင်း ပါတီအထွေ ထွေ အတွင်းရေးမှူး ဦးထွန်း အောင်ကျော်က ပြောသည်။

 ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် အမ်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် တစ်နေရာ၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် တစ်နေရာ အနိုင်ရရှိထားပြီး ANP ပါတီက အမျိုးသားလွှတ် တော်ကိုယ်စားလှယ် မဲဆန္ဒနယ် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် တစ်နေရာ အနိုင်ရရှိထား သည်။

‘‘ဒီမှာကတော့ ပါတီတိုင်းက ဖိဖိစီးစီး ကြိုးကြိုးစားစားနဲ့ အနိုင် ရရှိရေး လုပ်နေကြတာတွေ ကျွန် တော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်ဟာကိုယ်မြင် တာလို့ပဲ ပြောရမလား၊ တခြား ပါတီတွေ မဲဆွယ်စည်းရုံးတဲ့ အခါ ကျွန်တော်တို့ ပါတီမဲဆွယ်ပွဲလောက် ပြည်သူတွေ တက် ရောက်မှုမရှိဘူးလို့ မြင်တယ်။ အဲ ဒါကြောင့် ရခိုင်အမျိုးသားပါတီအ နေနဲ့ မြေပြင်အခြေအနေတွေအရ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန် တော်တို့ ပါတီ အနေနဲ့ကတော့ အများကြီး မျှော်လင့်ချက်ရှိတယ်လို့ ပြောလို့ရတယ်’’ ဟု ဦးထွန်း အောင်ကျော်က ပြောသည်။

လစ်လပ်မဲဆန္ဒနယ် ရှစ်နေ ရာရှိသော ရှမ်းပြည်နယ်တွင် ခုနစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေဖြင့်လည်း ရာနှုန်းပြည့်မဟုတ်သည့် တိုင် စိတ်ကျေနပ်စေမည့် အောင် မြင်မှုရမည်ဟု ယုံကြည်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဆိုသည်။

‘‘ကျွန်တော်တို့ ခုနစ်နေရာ စလုံးကို အနိုင်ရရှိဖို့အတွက် အစွမ်းကုန် ကြိုးစားနေပါတယ်။ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ နောက်တစ်ပိုင်းပေါ့’’ဟု ဦးစိုင်းလိတ်က ပြောသည်။

 ရန်ကုန်တိုင်း အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၆)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီကိုယ်စားလှယ်လောင်း ဦးခိုင်မောင်ရည်ကလည်း ရန်ကုန်လူထု အနေဖြင့် အလုပ်လုပ်သည့် ကိုယ်စားလှယ်အား ရွေးချယ်မည် ဟု ယုံကြည်ကြောင်း ပြောသည်။

‘‘အလုပ်လုပ်မယ်။ နိုင်ငံရေး အစဉ်အလာရှိတဲ့ လူတွေ လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လွှတ်တော်ထဲမှာ ရောက်လာလိမ့် မယ်လို့ မျှော်လင့်ရပါတယ်’’ဟု ၎င်းက ဆိုသည်။

 ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် ပြည်သူများက ၎င်းတို့မျှော်လင့်သည့်အတိုင်း တိုင်း ပြည်ပြောင်းလဲသွားမလားဆိုသည့်ပုံစံဖြင့် မဲထည့်ခဲ့သည်ဟု ဦးခိုင်မောင်ရည်က ပြောသည်။

‘‘ဒီတစ်ခေါက်က တိုင်းပြည် ပြောင်းဖို့ မဟုတ်ဘူးဆိုတာလည်း သိတယ်။ လက်ရှိအခြေအနေက အစိုးရက ထူးခြားတဲ့အခြေအနေ ကြီးတစ်ရပ်ကို ပြည်သူ့အတွက် မဖန်တီးနိုင်ဘူး ဆိုတာကိုလည်း ပြည်သူက သိတယ်။ အဲဒီတော့ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်နဲ့ အညီပဲ ရွေးကောက်ပွဲ ရလဒ်က ထွက်လာလိမ့်မယ်။ ဒါမျှော်လင့် ရပါတယ်’’ဟု ၎င်းက ဆိုသည်။

NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကမူ အခြားပါတီများ မည်ကဲ့သို့ပင် ပြောကြားသည်ဖြစ်စေ ရွေးကောက်ပွဲရလဒ်ကို ပြည်သူလူထုက ဆုံးဖြတ်မည်ဟု ဆိုသည်။

‘‘၂၀၁၅ ရွေးကောက်ပွဲတုန်း ကလည်း နိုင်ဖို့ လူတိုင်းလူတိုင်း ကြိုးစားတယ်။ ကိုယ်တို့လည်း ကြိုးစားတယ်။ တခြားပါတီလည်း ကြိုးစားမယ်။ နိုင်တာ၊ မနိုင်တာ ပြည်သူလူထုဆုံးဖြတ်လိမ့်မယ်’’ ဟု ဦးဝင်းထိန်က ပြောသည်။

ကြားဖြတ်  ရွေးကောက်ပွဲ တွင် ရန်ကုန်တိုင်းရှိ မဲဆန္ဒနယ် အားလုံး အနိုင်ရရှိရေး သက်ဆိုင် ရာ မြို့နယ်၊ ခရိုင်နှင့် တိုင်းရှိ အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်နေ သည်ဟု ရန်ကုန်တိုင်း NLD ပါတီဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။

‘‘အပြောင်းအလဲဆက်လုပ် ဖို့ ကျွန်တော်တို့ အနိုင်ရရှိဖို့အ တွက် မဲပေးနိုင်ဖို့ ပြည်သူလူထုကို မေတ္တာရပ်ခံချင်ပါတယ်’’ ဟု ဦးမြင့်ဌေးက ပြောသည်။

လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ကိုယ်စားလှယ်များ အနေဖြင့် သက်ဆိုင်ရာ ဒေသအလိုက် ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် မှာကြားထားသည်။