အယ်ဒီတာ့ အာဘော်

အစိုးရအတွက် အကြံပြုချက်သုံးခု

ပြည်သူ့အစိုးရသက်တမ်း တစ်နှစ်ပြည့်ခါနီး ပြဿနာပေါင်းများစွာနှင့်ရင်ဆိုင်နေချိန်တွင် မတ်လ ၁၉ ရက်က မော်လမြိုင်မြို့၌ လူပေါင်းတစ်သောင်းကျော် ပါဝင်သည့် ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့သည်။ ဒီချုပ်အစိုးရသက်တမ်း တစ်နှစ်တာအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲလည်းဖြစ်ပါသည်။ သို့သော် အဆိုပါဆန္ဒပြပွဲသည် အစိုးရ အကိုင်အတွယ်မတတ်၍ ကိုယ်တိုင်ဖန်တီးခဲ့သော ပြဿနာဟု ဆိုရမလိုပင်။ အမှန်တော့ အစိုးရသက်တမ်းတစ်နှစ်ပြည့်ချိန်တွင် ပြည်သူများ စိတ်ကျေနပ်စေမည့် ကောင်းမွန်သော ဆောင်ရွက်ချက်များကိုလုပ်ကိုင်၍ မင်္ဂလာယူရမည့်ကာလသာဖြစ်သင့်ပါသည်။ ထိုအစား အစိုးရရုံးပိတ်ရက်အပြောင်းအလဲ၊ တံတားတစ်စင်းအမည်ပေးခြင်းဂယက်တို့ဖြင့် ပြည်သူများစိတ်ကို ညစ်ညူးစေခဲ့မိလေပြီ။ သို့သော် မြန်မာနိုင်ငံသားတိုင်း အလေးအနက်ထားသည့် နှစ်ကူးကာလတွင် အစိုးရက ပြည်သူများစိတ်ကျေနပ်ပျော်ရွှင်အောင် ဆောင်ရွက်ပေးလိုပါက လုပ်ကိုင်နိုင်သည့်အချက်သုံးချက်ကို ယနေ့အကြံပြုဆွေးနွေးလိုပါသည်။

တံတားအမည်အတွက် ယုံကြည်မှုမပျက်ပါစေနှင့်

အားလုံးသိထားသည့်အတိုင်းပင် သံလွင်မြစ်ကိုဖြတ်၍ မော်လ မြိုင်မြို့နှင့် ချောင်းဆုံမြို့ကို ဆက်သွယ်ပေးသော ပေ ၅,၀၀၀ ကျော် ရှည်သည့် သံလွင်တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်အတည်ပြုပြီး နောက် ဒေသခံများ၏ တုံ့ပြန်မှုပင်ဖြစ်ပါသည်။ အစိုးရ၊ အာဏာရ ပါတီနှင့် လွှတ်တော်တို့က ယခုကဲ့သို့ တံတားအမည်ပေးခြင်းကို မွန် ပြည်သူများ ကန့်ကွက်ခြင်းသည်မလိုသူအချို့၏ သွေးထိုးမှုများကြောင့်  နိုင်ငံရေးပယောဂပါဝင်ကြောင်း သုံးသပ်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်းအမည်ဖြင့် တံတားတစ်စင်းမှ မရှိသေး သည့်အတွက် အဆင့်မြင့်နည်းပညာ အသုံးပြုထားပြီး မြန်မာ့ပင် လယ်ဘက်မှလာလျှင် ပထမဆုံးတွေ့ရမည့် အဆိုပါတံတားကို ယခု ကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန် ငြိမ်းချမ်းရေး ဦး စားပေးဆောင်ရွက်ချိန်တွင် အမျိုးသားခေါင်းဆောင်လည်းဖြစ်၊ လွတ် လပ်ရေးဖခင်လည်းဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းအမည်ကို တံတား အမည်ပေးလျှင် အသင့်တော်ဆုံးဖြစ်သည်ဟု ဒီချုပ်အမတ်များက လွှတ် တော်တွင် ဆွေးနွေးထားသည်ကိုတွေ့ရသည်။ သို့သော် ဝေဖန်ထောက် ပြသူအားလုံးကလည်း ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒကို အလေးထား ကြောင်းပြသရန်နှင့် ယခုကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက်ကြိုး ပမ်းချိန်တွင် တိုင်းရင်းသားများ၏ ယုံကြည်မှုကို မဆုံးရှုံးရစေရန် ဒေသခံ များလိုလားသော အမည်ကိုသာပေးသင့်ကြောင်း တညီတညွတ်တည်း ဝေဖန်ထောက်ပြနေကြသည်။ ယခုကဲ့သို့ တံတားတစ်စင်း အမည်ပေး ခြင်းမျှကိစ္စဖြင့် တိုင်းရင်းသားများက အစိုးရအပေါ် အထင်အမြင်လွဲစေ မည့် အခြေအနေကို ယခုကာလတွင် မဖြစ်မနေ ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီနည်းအရ လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုထားသော်လည်း ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒကို လိုက်လျောကာ ၎င်းတို့လိုလားသော တံတားအမည်ကို ခွင့်ပြုလိုက်သင့် ပါသည်။ အစိုးရအနေဖြင့် တံတားအမည်ပေးခြင်းကို မိမိစိတ်တိုင်းကျ လုပ်ကိုင်နိုင်သော်လည်း လူနည်းစု၏ဆန္ဒကို မပစ်ပယ်ဘဲ လိုက်လျော ဆောင်ရွက်ပေးခြင်းမှာ နိုင်ငံရေးအရမရှုံးဘဲ အားလုံးနိုင်သည့် အဖြေသာ ဖြစ်ပါသည်။

အိမ်ပြန်ချိန်တွေ အဆင်ပြေအောင် ဆောင်ရွက်ပေးပါ

နှစ်ကူးရုံးပိတ်ရက် အပြောင်းအလဲများဖြင့် ပြည်သူများ မျက်က လဲဆန်ပျာဖြစ်အောင် အစိုးရကလုပ်ပြီးနောက် ပြည်သူများ စိတ်ချမ်း သာအဆင်ပြေအောင် အမြန်ဆုံးဆောင်ရွက်ပေးနိုင်သည့် ကိစ္စတစ်ခု ရှိနေပါသည်။ ရန်ကုန်မြို့အပါအ၀င် နိုင်ငံတစ်ဝန်းမြို့ကြီးများမှ သန်း နှင့်ချီသောပြည်သူများ  နှစ်သစ်ကူးကာလတွင် မိဘများအိမ်သို့ အ ဆင်ပြေစွာ ပြန်နိုင်ရေးကူညီဆောင်ရွက်ပေးရန်သာဖြစ်သည်။ အထူး သဖြင့် နိုင်ငံတစ်ဝန်းမှ လာရောက်အလုပ်လုပ် သူအများအပြားရှိသော စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် သင်္ကြန်ကာလရောက်လျှင် နေ ရပ်သို့ အဆင်ပြေစွာပြန်နိုင်ရေးသည် အဓိက စိန်ခေါ်မှုကြီးဖြစ်နေပါ သည်။ ကားခတက်၊ ကားလက်မှတ်ခက် စသည့်အခက်အခဲများကို ယခင်အစိုးရ အဆက်ဆက် အဆင်ပြေအောင် မစီမံနိုင်ခဲ့ပါ။ ထို့ ကြောင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ နွမ်းလျအိမ်ပြန်ချိန်မဖြစ် အောင် ယာဉ်အသင်းများ၊ ယာဉ်ပိုင်ရှင်များဖြင့် ညှိနှိုင်းအဖြေရှာ ကူညီပေးခြင်းမှာ ပြည်သူ့အရေးအလေးထားသော အမြော်အမြင် ရှိသည့် အစိုးရဖြစ်စေပါလိမ့်မည်။

ရေရှားပါးမှု ပြဿနာ အလေးထားဖြေရှင်းပါ

၂၀၁၆ ခုနှစ်တွင် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ပူပြင်း ခြောက်သွေ့သည့် အယ်လ်နီညိုရာသီဥတုနှင့် ရင်ဆိုင်ခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာလည်း အပူဒဏ်ကြောက်သူများအတွက် သတင်းကောင်း မကြားရပြန်ပါ။ ယခုနွေသည် အပူကဲသည့် နွေဖြစ်မည်ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပြီး မတ်လအတွင်းမှာ ပင် နိုင်ငံတစ်ဝန်း အပူချိန်များတိုးနေပြီး ဒေသအချို့တွင် ရေပြတ် လပ်နေပြီဖြစ်သည်။ သင်္ကြန်ကာလနှင့် နွေလယ်ရောက်လျှင် ပူပြင်း ခြောက်သွေ့မှုနှင့် ရေရှားပါးပြတ်လပ်မှု ပြဿနာသည်ပိုမိုကြီးမားလာ မည်ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရက သတင်းအချက်အလက်များကို စနစ်တကျရယူ၍ စေတနာရှင်ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် အကောင်းဆုံးပူးပေါင်းပြီး ရေရှားပါးပြတ်လပ်နေသော ဒေသများအတွက် ရေရရှိရန်၊ အပူကဲသည့်ဒေသများအတွက် အပူ ရှောင်စခန်းများ ဖွင့်လှစ်ပေး၍ ပြည်သူများ၏ ကျန်းမာရေးကို အလေးထားစောင့်ရှောက်ပေးခြင်းမှာ အစိုးရ၏ တာဝန်သိမှုနှင့် မေတ္တာတရားကို ပြသရာ ရောက်ပါလိမ့်မည်။

Top News