NATOထံ ဂျာမနီ အကြွေးများစွာ တင်နေကြောင်း ထရမ့်၏ စွပ်စွဲမှုကို ဂျာမနီ ငြင်းဆို

ဂျာမနီ ကာကွယ်ရေးဝန်ကြီး အာဆူလာ ဗွန်ဒါလီယန်။

ဂျာမနီ အနေဖြင့် NATO မဟာမိတ် အဖွဲ့ထံ အကြွေးပေးစရာ ငွေပမာဏ အမြောက်အမြား ရှိနေကြောင်း ဒေါ်နယ်လ်ထရမ့်၏ စွပ်စွဲချက်ကို ဂျာမနီ အစိုးရဘက်က ငြင်းပယ်ခဲ့သည်။


ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ အာဆူလာ ဗွန်ဒါလီယန်းက အမေရိကန် သမ္မတ၏ စွပ်စွဲချက်မှာ လုံးဝ မှားယွင်းကြောင်း မတ် ၁၉ ရက်က ဖြေရှင်းချက် ထုတ်ပြန်ခဲ့သည်။ “NATOဆီမှာ ဂျာမနီက ဘာအကြွေးမှ မရှိပါဘူး။ ပြီးတော့ ကာကွယ်ရေး အသုံးစရိတ်ရဲ့ ၂ ရာခိုင်နှုန်းကို လာမယ့် ဆယ်စုနှစ်အတွင်း NATOအတွက်ပဲ မြှင့်တင် အသုံးပြုသွားမယ် ဆိုတာကလည်း မှားယွင်းပါတယ်။ ကာကွယ်ရေး အသုံးစရိတ်တွေကို ကုလသမဂ္ဂ၊ ဥရောပ မစ်ရှင်တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကဏ္ဍတွေမှာပါ ဖြန့်ကျက် သုံးစွဲသွားမှာ ဖြစ်ပါတယ်”ဟု သူမက ပြောကြားခဲ့သည်။

ထရမ့်က ဂျာမနီ အပါအဝင် NATO အဖွဲ့ဝင် နိုင်ငံအချို့သည် ကာကွယ်ရေး အသုံးစရိတ်ကို လျာထားချက် ပြည့်မီအောင် အသုံးမပြုသဖြင့် NATOအပေါ် အကြွေးတင်နေကြောင်း ဝေဖန် ပြောကြားခဲ့သည်။ ဂျာမနီသည် ပြီးခဲ့သည့်နှစ်က နိုင်ငံ၏ စုစုပေါင်း GDPအနက် ၁.၁၉ ရာခိုင်နှုန်းကိုသာ ကာကွယ်ရေးအတွက် အသုံးပြုခဲ့သည်။

ထရမ့်က အမေရိကန်သည် NATOအပေါ် ဆက်လက်၍ ခိုင်မာ အားကောင်းစွာ ထောက်ပံ့ရပ်တည်မည် ဖြစ်သော်လည်း အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို လျာထားချက်အတိုင်း ပြည့်မီစေရန် အရေးကြီးကြောင်း သတိပေးခဲ့သည်။ “ပြီးခဲ့တဲ့ နှစ်တွေအတွင်း နိုင်ငံတော်တော်များများက NATOအပေါ် ကြွေးကျန်တွေ အများကြီး ရှိခဲ့တယ်။ ဒါဟာ ကာကွယ်ရေးစရိတ် ပိုသုံးရတဲ့ အမေရိကန်အတွက် မျှတမှု မရှိပါဘူး”ဟု ဆိုသည်။

၎င်းက ဂျာမန် အဓိပတိ အန်ဂျလာ မာကယ်လ်နှင့် ဆွေးနွေးမှုများသည် အဆင်ပြေထူးကဲ ကောင်းမွန်ခဲ့ကြောင်း၊ သို့သော် ဂျာမနီက NATOအပေါ် အကြွေးတင်နေသည့် ကိစ္စကမူ အပြောင်းအလဲ မရှိကြောင်းလည်း Twitterတွင် ရေးသားခဲ့သည်။ ၎င်းက “ဂျာမနီဟာ အရမ်းတန်ဖိုးကြီးမားတဲ့၊ အဆင့်မြင့်တဲ့ ကာကွယ်ရေး အထောက်အပံ့တွေ ပေးထားရခြင်းကြောင့် NATOနဲ့ အမေရိကန်ကို အကြွေးတွေ အများကြီး ပေးစရာ ရှိနေပါတယ်”ဟု ၎င်းက အခိုင်အမာ စွပ်စွဲထားခဲ့သည်။

Ref: CNN