ဩစတြေးလျတွင် မိကျောင်းဆွဲခံရပြီး အမျိုးသားတစ်ဦး သေဆုံး

ဩစတြေးလျ နိုင်ငံတွင် မိကျောင်းတိုက်ခိုက်မှုဟု ယုံကြည်ရသည့် အခြေအနေဖြင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသားမှာ မှိန်းထိုးပြီး ငါးဖမ်းသည့် တံငါသည် တစ်ဦးဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့်လှေကို ကွင်းစလန်း မြောက်ပိုင်းရှိ ပယ်လ်မာပွိုင့် အရပ်တွင် မတ် ၁၈ ရက်က ရှာတွေ့ခဲ့သည်။ ကနဦးအဆင့် စုံစမ်းမှုများ ပြုလုပ်ပြီးနောက် အသက် ၃၅ နှစ်အရွယ် အမျိုးသားသည် မိကျောင်းဆွဲ ခံခဲ့ရသည်ဟု ရဲများက ကောက်ချက်ချထားသည်။


ကွင်းစလန်း ရဲတပ်ဖွဲ့က ထိုသူ၏ အလောင်းကို ရှာတွေ့ခဲ့ပြီးနောက် အနည်းဆုံး အလျား ၄ မီတာမျှ ကြီးမားသည့် မိကျောင်းကို ရှာဖွေလျက် ရှိသည်။ မတ် ၁၉ ရက်ကလည်း အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးသည် အင်းနစ်ဖေးလ် တောင်ဘက် မိုင် ၄၀ မျှအကွာတွင် မိကျောင်းတိုက်ခိုက်မှု ခံရသော်လည်း အသက်ရှင် လွတ်မြောက်ခဲ့သည်။

ယခု အမျိုးသား သေဆုံးမှုသည် မိကျောင်းကြောင့်ဟု တရားဝင် အတည်ပြုခဲ့ပါက ကွင်းစလန်း ပြည်နယ်တွင် ၁၉၈၅ ခုနှစ်နောက်ပိုင်း မိကျောင်းကြောင့် နဝမအကြိမ်မြောက် လူသေဆုံးမှုအဖြစ် မှတ်တမ်းဝင်လာမည်ဟု သိရသည်။ 

ရဲတပ်ဖွဲ့က လူသားစား မိကျောင်းသည် ပတ်ဝန်းကျင် ဒေသခံများကိုပါ အန္တရာယ် ပေးနိုင်ကြောင်း သတိပေး နှိုးဆော်ထားသည်။ မတ် ၁၉ ရက် ညပိုင်းက မြစ်ကြောင်းအတွင်း သံသယရှိသော မိကျောင်းကို လိုက်လံ ရှာဖွေနေစဉ်တွင် ဧရာမ မိကျောင်းကြီး တစ်ကောင်က ရဲများ လိုက်ပါလာသည့် စက်လှေကိုပါ ရန်ပြု တိုက်ခိုက်ခဲ့သည်။

“တိတိကျကျတော့ မပြောနိုင်သေးဘူး။ ဒါပေမဲ့ အဲဒီကောင်ကြီးကပဲ လူသတ်တရားခံ မိကျောင်း ဖြစ်နိုင်ပါတယ်”ဟု ကွင်းစလန်း သဘာဝ ပတ်ဝန်းကျင်နှင့် အမွေအနှစ်များ ထိန်းသိမ်းရေးဌာနမှ ဒေါက်တာ မတ်ဘရီယန်က ပြောကြားခဲ့သည်။ “ဒီကောင်ကြီးက အဲဒီလောက် ကြမ်းတမ်းနေတယ် ဆိုရင်တော့ ပတ်ဝန်းကျင်က လူတွေအတွက်ပါ စိုးရိမ်သင့်ပါတယ်။ လူတွေကို တိုက်ခိုက်ပြီးရင် မိကျောင်းတွေက ပိုဆိုးသွမ်းသွားတာမျိုးကို အရင်ကလည်း ကြုံဖူးတယ်”ဟု ၎င်းက ဆိုသည်။

ယခုမိကျောင်းကို ရှာဖွေတွေ့ရှိပါက ဖမ်းဆီးခြင်း၊ သို့မဟုတ် အပြီးတိုင် သတ်ဖြတ်သုတ်သင်ခြင်း တစ်ခုခုကို ရွေးချယ် ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

Ref: AFP

Top News