မြောက်ကိုရီးယား ဒုံးကျည်အင်ဂျင် နည်းပညာ တိုးတက်မှုများ ရှိလာဟု တောင်ကိုရီးယား ဝန်ခံ

မြောက်ကိုရီးယား၏ ဒုံးကျည်အင်ဂျင် နည်းပညာပိုင်းတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရှိလာပြီဟု လက်ခံရမည်ဖြစ်ကြောင်း တောင်ကိုရီးယားဘက်က ဝန်ခံခဲ့သည်။


မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဒုံးကျည်အင်ဂျင် နည်းပညာ စမ်းသပ်မှုသစ် တစ်ရပ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ နည်းပညာ အောင်မြင်မှုသည် နိုင်ငံ၏ ဒုံးကျည် လက်နက် တစ်ခေတ်ဆန်းမှု ဖြစ်လိမ့်မည်ဟုလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ကြွေးကြော်ခဲ့သည်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက အဆိုပါ ဒုံးကျည်အင်ဂျင် နည်းပညာကို ပိုင်ဆိုင်လာခြင်းဖြင့် မြောက်ကိုရီးယားသည် ကမ္ဘာ့နိုင်ငံကြီးများနှင့်တန်းတူ ဂြိုဟ်တု လွှတ်တင်နိုင်စွမ်း ရှိလာမည်ဟု ဖော်ပြ ခဲ့သည်။ မြောက်ကိုရီးယားက ထိုနည်းပညာသည် ဂြိုဟ်တု လွှတ်တင်ရေး အတွက်သာ ရည်ရွယ်သည်ဟု ပြောကြားထားသော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့ကမူ တိုက်ချင်းပစ် ဒုံးကျည်များအတွက်ဟု အလေးအနက် ယုံကြည်နေသည်။

အဆိုပါ စမ်းသပ်မှုနှင့် ပတ်သက်ပြီး တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်သော လီဂျင်ဝူးက “ဒီစမ်းသပ်မှုကို စောင့်ကြည့်တဲ့အခါ ဒုံးကျည်အင်ဂျင်ရဲ့ အလုပ်လုပ်ပုံကို သိသိသာသာ တိုးတက်မှုတွေ ရှိလာတာကို သတိပြုမိပါတယ်။ ဒါပေမဲ့ အင်ဂျင်ရဲ့ တွန်းအားနဲ့ လက်တွေ့ အသုံးဝင်မှုတွေကို     သေချာ ဖော်ထုတ်နိုင်ဖို့ ဆိုရင်တော့ ဒီထက်ပိုပြီး ဆန်းစစ် လေ့လာရမှာတွေ ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။

ကနဦး လေ့လာမှုများအရ ဒုံးကျည်၏ ပင်မအင်ဂျင်ကို သီးခြားအင်ဂျင်လေးလုံးဖြင့် ပံ့ပိုးသည့် နည်းစနစ်ကို အသုံးပြုထားသည်ဟု သိရှိရကြောင်းလည်း လီက ဆိုသည်။ ထိုအင်ဂျင်သည် တိုက်ချင်းပစ် ဒုံးကျည်များတွင် တပ်ဆင်ရန် သင့်တော်အဆင်ပြေမှု ရှိနိုင်မရှိနိုင် ဆိုသည်ကိုမူ ၎င်းက မည်သည့်မှတ်ချက်မျှ မပေးခဲ့ချေ။

တောင်ကိုရီးယားရှိ ပညာရှင် တစ်ဦးကမူ အဆိုပါ ဒုံးကျည်အင်ဂျင်သည် ယခင်အမျိုးအစားများထက် သိသာစွာ တိုးတက်မှု ရှိလာကြောင်း ဝန်ခံခဲ့သည်။ “ဒါဟာ တိုက်ချင်းပစ် ဒုံးကျည်ကြီးတွေရဲ့ ပထမအဆင့် အလုပ်လုပ်ပုံလို့
ယေဘုယျ ယူဆထားနိုင်ပါတယ်။ ဒါကြောင့် လက်ရှိ အခြေအနေဟာ အန္တရာယ် များနေပြီလို့ ပြောနိုင်တယ်”ဟု ဆိုးလ်အခြေစိုက် အရှေ့ဖျားဒေသများ လေ့လာစောင့်ကြည့်ရေးဌာနမှ ကင်မ်ဒွန်ယွက်ဘ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်နည်းပညာ စမ်းသပ်မှုများကြောင့် ၎င်းတို့၏ တစ်ခုတည်းသော အဓိက မဟာမိတ် နိုင်ငံသဖွယ် ရပ်တည်နေသည့် တရုတ်နှင့် ဆက်ဆံရေးမှာလည်း ယိုယွင်းပျက်ပြားစ ပြုလာပြီဟု ယုံကြည်ရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် တရုတ်သမ္မတ စီကျင်းပင်သည် ဘေဂျင်းသို့ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်နှင့် တွေ့ဆုံရာတွင် မြောက်ကိုရီးယား အရေးကိုပါ ထည့်သွင်း
ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ref: CNN

Top News