ဩစတြေးလျတွင် ရေလှောင်ကန် သန့်ရှင်းရေး လုပ်ရာမှာ အဆိပ်ငွေ့ ရှူမိပြီး လူသုံးဦးသေဆုံး

ဩစတြေးလျ နိုင်ငံတွင် ရေလှောင်ကန် သန့်ရှင်းရေးလုပ်ရာမှ အဆိပ်သင့် ဓာတ်ငွေ့များ ရှူရှိုက်မိပြီး လူသုံးဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ရဲတပ်ဖွဲ့က သေဆုံးသူများမှာ မိသားစု တစ်ခုတည်းမှ အသက် ၆၀ ကျော် အရွယ်ရှိ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြကြောင်း ဆိုသည်။ ယခုဖြစ်ရပ်တွင် လူသတ်မှုကဲ့သို့ ရာဇဝတ်ကြောင်း ဆက်နွှယ်မှုမျိုး မရှိနိုင်ဘဲ ရေလှောင်ကန်အတွင်းရှိ ကာဘွန်မိုနော့ဆိုက် ဓာတ်ငွေ့များ ရှူမိပြီး အဆိပ်သင့်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦးအဆင့် ယူဆထားသည်။ သို့သော် အသေးစိတ် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားဦးမည် ဖြစ်သည်။

“ကျွန်တော်တို့ ကနဦး သိထားတာကတော့ ရေလှောင်ကန် အလွတ်ကို လူတစ်ယောက်က သန့်ရှင်းရေး ဆင်းလုပ်တာ။ သူက လဲကျသွားတော့ ဇနီးနဲ့ ညီကပါ လိုက်ဆင်းရင်း အခုလို ဖြစ်ခဲ့ပုံပေါ်တယ်”ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အန်ဒရူး ကော့ဆူဖစ်က ဆိုသည်။ ပထမဆုံး လူတစ်ဦး ပြုတ်ကျချိန်၌ အမျိုးသမီးက အော်ဟစ် အကူအညီ တောင်းခံသံကို အိမ်နီးချင်း တစ်ဦးက ကြားခဲ့ရပြီးနောက် ရဲထံ ဆက်သွယ် အသိပေးခဲ့သည်။ ထို့နောက် ယင်းရေလှောင်ကန်သို့ သွားရောက်ချိန်တွင် ရုပ်အလောင်းများကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။

“အခင်းဖြစ်ချိန်က ဓာတ်ဆီငွေ့နဲ့ ဆက်စပ်ပြီး အဆိပ်ပြင်းလွန်းတဲ့ ဓာတ်ငွေ့တွေ ပျံ့နေခဲ့တာကို တွေ့ရတယ်။ ဒီကိစ္စကို စုံစမ်းနေပါတယ်။ ဒါပေမဲ့ ကန်အောက်ခြေက ရေနည်းနည်း ကျန်နေတာကို စုပ်ထုတ်ဖို့ ဓာတ်ဆီပန့် သုံးခဲ့ရာက ခုလို ဖြစ်သွားတာလို့ ယုံကြည်ရတယ်”ဟုလည်း ကော့ဆူဖစ်က ပြောကြားခဲ့သည်။

ရာဇဝတ်မှုဆိုင်ရာ သံသယရှိစရာ မတွေ့သော်လည်း အလောင်းများကို ရင်ခွဲစစ်ဆေးသွားမည်ဟုလည်း သိရသည်။ ယခုဖြစ်ရပ်ကြောင့် အူလန်မြို့ငယ်လေးရှိ ဒေသခံများ အလွန်စိတ်မကောင်း ဖြစ်နေကြကြောင်းလည်း ကော့ဆူဖစ်က ဆိုသည်။

ရေလှောင်ကန်မှာ အလုံပိတ်ထားသည့် သဘောမျိုး ရှိနေရာ အဆိပ်သင့် ဓာတ်ငွေ့များကို ထူထပ်များပြားစွာ သိုလှောင်ထားသကဲ့သို့ ဖြစ်သွားပြီး ယခုလို အဖြစ်ဆိုး ကြုံရခြင်းဟု အိမ်နီးချင်း တစ်ဦးဖြစ်သော ဘရုစ်နယူးမန်းက မှတ်ချက်ပြုသည်။ “အရမ်း ဝမ်းနည်းစရာကောင်းတဲ့ မတော်တဆမှုပဲ။ ဒီလိုအဖြစ်မျိုး ဒီနားတဝိုက်မှာ ဘယ်တုန်းကမှ မကြားခဲ့ဖူးပါဘူး”ဟု ၎င်းက ပြောကြားသွားသည်။

Ref: Daily Mail