မြောင်းမြတွင် ကျောင်းအုပ်ဆရာကြီးက ကျောင်းသားအချို့ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနှင့်ပတ်သက်၍ ကျောင်းသားဟောင်းတစ်ဦး အမှုဖွင့်

ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုပြုလုပ်ခဲ့သည်ဆိုကာ မြောင်းမြမြို့နယ် ကဝက် ကျေးရွာအခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးကို အသက် (၂၃)နှစ် အရွယ် ကျောင်းသားဟောင်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် မြောင်း မြမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

မြောင်းမြမြို့နယ် ကဝက် အထကကျောင်း၌ ဖွင့်လှစ်သည့် ညစာသင်ဝိုင်းတွင် ကျောင်းသားအချို့ မတက်ရောက်လိုသည်ကို အကြောင်းပြု၍ ကျောင်းအုပ်ဆရာကြီးက ကျောင်းသားများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို သိရှိခဲ့ကြောင်း အဆိုပါ ကျောင်းမှ ဆရာသုံးဦးနှင့် ဆရာမတစ်ဦးတို့က ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့သည်။ ယခုအခါကျောင်းသားဟောင်းတစ်ဦးက အဆိုပါ ကျောင်းအုပ်ဆရာကြီးကို ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ထားခြင်းဖြစ်သည်။

အသက် (၅၀)ကျော်အရွယ် ကျောင်းအုပ်ဆရာကြီးသည် ၂၀၁၆ မတ်လက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားအချို့အား စာမေးပွဲဖြေဆိုရန် တည်းခိုနေသည့် ဘုန်းကြီးကျောင်း၌ ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အခြား ကျောင်းသားများကိုလည်း ယင်းကဲ့သို့ ပြုမူဆောင်ရွက်နေသည်ကို မြင်တွေ့ခဲ့သည်ဆိုကာ အဆိုပါ ကျောင်းသား ဟောင်းက တရားလိုပြုလုပ်ကာ ရဲစခန်းတွင် လာရောက်အမှုဖွင့်ထားကြောင်း မြို့မရဲစခန်းမှူး ဒုရဲမှူးအေးမင်းသိန်းက ပြောသည်။

‘‘ဝန်ထမ်း ဖြစ်နေတော့ တရားစွဲဆိုဖို့ ခွင့်ပြုချက်တောင်းရမယ်။ လောလောဆယ်တော့ အမှုတည်ဆောက်နေဆဲပါ။ ဥပဒေအကြံတောင်းတင်ပြီး ခွင့်ပြုချက်ရရင် တရားစွဲဆိုသွားမှာပါ’’ဟု ဒုရဲမှူးအေးမင်းသိန်းက ပြောကြားသည်။

လွန်ခဲ့သည့်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ကဝက်ကျေးရွာ အထက်တန်း ကျောင်းမှ ကျောင်းသားတစ်ရာ ကျော်သည် မြောင်းမြမြို့ရှိ ဘုန်း တော်ကြီးကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမ ၁၀ ဦး၊ မိဘအုပ်ထိန်းသူ ၁၅ ဦးနှင့်အတူ တည်းခိုနေထိုင်ခဲ့သည်ဟု ဆို သည်။

ယင်းကဲ့သို့ တည်းခိုနေထိုင်စဉ် ညအိပ်ချိန်များတွင် ကျောင်းအုပ်ဆရာကြီးက ကျောင်းသားအချို့အား ၎င်းအိပ်သောအခန်း၌ ခေါ်ယူအိပ်ပြီးနောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုများပြုလုပ်ခဲ့သည်ဆိုကာ တိုင်ကြားထားခြင်းဖြစ်သည်။

အဆိုပါ ကျောင်းအုပ်ဆရာကြီးကို မြောင်းမြမြို့မရဲစခန်းက ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ထားသည်။

Top News