သုံးနှစ်ကြာပျောက်ဆုံးနေသော ကလေးငယ်တစ်ဦးကို ရဲတပ်ဖွဲ့ကရှာဖွေနေ

သုံးနှစ်ကြာပျောက်ဆုံးaနသော ဆယ်ကျော်သက်က ယားတိုင်းရင်းသူတစ်ဦးကို ပြန်လည်တွေ့ရှိရေး နယ်စပ်ထွက်ပေါက်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ၎င်း၏ ဓာတ်ပုံကို ချိတ်ဆွဲကြော်ငြာထားကာ ရှာဖွေနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့ နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ဒေါကူရယ်ရွာနေ အသက် (၁၀)နှစ်အရွယ်မဘယ်နာဒဲတာသည် ရန်ကုန် မြို့တွင် အိမ်အကူလုပ်ရန် ၂၀၁၄ က ဒေသခံအမျိုးသမီးတစ်ဦးက ခေါ်ဆောင်သွားပြီး ယင်းအချိန် ကတည်းက ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဖရူဆိုမြို့နယ်ရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကလေးမလေးက ၂၀၁၄ ခုနှစ် ခုနစ်လပိုင်းထဲက ရန်ကုန်ကို ခေါ်ဆောင်သွားခံရတာ။ နောက်ပိုင်း အိမ်ကနေ ဆက်သွယ်မရတဲ့အခါ ခေါ်သွားတဲ့ အမျိုးသမီးကို သူ့မိဘတွေက ကျွန်တော်တို့ဆီ မှာ (၂၀၁၆ ခုနှစ်က) အမှုဖွင့်လို့ ခရိုင်တရားရုံးမှာ စစ်ဆေးနေတဲ့ အမှုဖြစ်တယ်။ အခုထိမတွေ့ တော့ ရန်ကုန်မှာပါ ထပ်ဖွင့်တာလို့ သိရပါတယ်’’ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

မဘယ်နာဒဲတာကို ရန်ကုန်တွင် အိမ်အကူလုပ်ရန် ခေါ်ဆောင် သူသည် လွိုင်ကော်မြို့နေ ဒေါ် စန်းသန္တာသိန်းဖြစ်ပြီး ယင်းအမှုအတွက် လူကုန်ကူးမှုဖြင့် ဖမ်းဆီးခံထားရကာ လွိုင်ကော်ခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။ ၎င်းက မဘယ်နာဒဲတာကို သာကေတမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူလုပ်ရန်ထားခဲ့ကြောင်း သာကေတမြို့နယ် အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ သာကေတ မြို့နယ်က အိမ်တစ်အိမ်မှာ အိမ်အကူလုပ်ဖို့ ဒေါ်စန်းသန္တာသိန်းဆိုတဲ့ အမျိုးသမီးက ကလေးနှစ် ယောက်ခေါ်လာတယ်။ ကလေး တွေက နာမည်လည်း မပြောတတ်ဘူး။ ဗမာစကားလည်း မပြော တတ်ဘူး။ အဲဒီတော့ အိမ်ရှင်က ဒေါ်စန်းသန္တာသိန်းကို ပြန်ခေါ် သွားဖို့ ပြောတဲ့အခါ တစ်ယောက်ကိုပဲ ပြန်ခေါ်သွားတယ်။ တစ် ယောက်ထားခဲ့တယ်။ နောက်နေ့ ကျတော့ အဲဒီအိမ်ကနေ ကောင်မလေးက ထွက်ပြေးသွားတယ်။ ထွက်ပြေးတော့ အိမ်ရှင်က ဒေါ် စန်းသန္တာသိန်းကို အကြောင်း ကြားတဲ့အခါ သူကလွိုင်ကော်ပြန်တဲ့ ကားပေါ်ရောက်နေပြီ။ သူမလာနိုင်တော့ဘူး ပြောတယ်။ ဒီအ မျိုးသမီး (ဒေါ်စန်းသန္တာသိန်း)က သိလျက်နဲ့ ရှာတာ ဖွေတာမလုပ်ခဲ့ဘူး’’ဟု အထက်ပါအရာရှိက ပြောသည်။ အိမ်ရှင်က စခန်းသို့ လာရောက်အကြောင်းကြားစဉ် ကလေးနာမည်လည်းမသိရှိဘဲ ဓာတ်ပုံလည်း မပါခဲ့၍ လာရောက် အကြောင်းကြားသည့်အဆင့်သာ ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလ လယ်တွင် လူပျောက်တိုင်ကြားမှုအဖြစ် အမှုဖွင့်လိုက်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ‘‘တိုင်းရင်းသားတွေကို လက်ခံတတ်တဲ့ ဘုန်းကြီးကျောင်းတွေကို စုံစမ်းကြည့်တယ်။ မရှိဘူး။ နှစ်ကလည်း ကြာသွားပြီလေ။ ကျွန်တော်တို့က အခုမှသိရတာ’’ဟု အထက်ပါရဲအရာရှိက ပြောသည်။

မဘယ်နာဒဲတာသည် ၂၀၁၄ ဇူလိုင် ၂၇ ရက်က ပျောက်ဆုံးခဲ့ပြီး လတ်တလောစိစစ်ချက်များအရ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရသေးကြောင်း လူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ၎င်း၏အသက်အရွယ်သည် ၂၀၁၄ တွင် ၁၀ နှစ်ခန့်ရှိသည်ဟု မိဘများထံမှသိရကြောင်း ဖရူဆိုမြို့နယ်ရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သိသိချင်း တစ်နိုင်ငံလုံးရှိ သမျှ လူကုန်တားအဖွဲ့တွေကို အချက်အလက်တွေပေးထားတယ်။ နောက်ပြီး သီးသန့်တာဝန်ပေးထားတယ်။ ဓာတ်ပုံတွေနဲ့ ချိတ်ဆွဲပြီး အသိပေးဖို့လည်း ဌာနဆိုင်ရာအဖွဲ့တွေနဲ့ လုပ်ထားတယ်’’ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်)မှ ဒုတိယရဲမှူးကြီး သက်နောင်က ပြောသည်။

မဘယ်နာဒဲတာကို တွေ့ရှိ ပါက လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၏ Hot Line နံပါတ် များဖြစ်သော

၀၉-၄၉၅ ၅၅ ၆၆၆

၀၉-၄၉၅ ၅၅ ၇၇၇

၀၉-၄၉၅ ၅၅ ၈၈၈

၀၉-၄၉၅ ၅၅ ၉၉၉

ဖုန်းနံပါတ်များသို့ ၂၄ နာရီလုံးဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ဒုတိယရဲမှူးကြီး သက်နောင်က ပြောသည်။

Top News