ဒူးဒဏ်ရာဟောင်းကို ပြန်လည် ထိခိုက်မိသည့် ငြိမ်းချမ်းအောင်၏ အခြေအနေကို စောင့်ကြည့်မည်

 နေပြည်တော်နှင့်ပွဲတွင် ရန်ကုန်ယူနိုက်တက်ကွင်းလယ် ကစားသမား ငြိမ်းချမ်းအောင် သည် ယခင်ဒူးဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်မိသောကြောင့် အခြေအနေကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ရန်ကုန်အသင်း မန် နေဂျာဦးမြင့်သိန်းက ပြောကြား သည်။

 ဖေဖော်ဝါရီ ၁၁ ရက်က ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသည့် ၂၀၁၇ မြန်မာလိဂ် ပွဲစဉ် (၅)တွင် နေပြည်တော်နှင့် ရန်ကုန် ပွဲစဉ်အတွင်း နေပြည်တော်အသင်း ကစားသမားတစ်ဦးနှင့် ထိခိုက်မိရာ ငြိမ်းချမ်းအောင်၏ ဒဏ်ရာဟောင်းကို ပြန်လည်ထိမိခဲ့ကြောင်း ဦးမြင့်သိန်းက ပြောကြားသည်။

‘‘ဆရာဝန်က အရွတ်မထိ ဘူးလို့ပြောတယ်။ သုံးရက်ကုသမှု လုပ်ပြီး မသက်သာမှ MRI ရိုက်ရ မယ်’’ဟု ၎င်းက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောသည်။ ၂၀၁၅ ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲဝင် မြန်မာ အသင်း ကွင်းလယ်ကြယ်ပွင့် ငြိမ်းချမ်းအောင်သည် ယင်းပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲများ၌ ညာဘက် ဒူးအရွတ် စုတ်ပြဲဒဏ်ရာရရှိသောကြောင့် ခွဲစိတ်မှုပြုလုပ်ထားကာ တစ်နှစ်ကျော် အနားယူခဲ့ရသည်။

  ငြိမ်းချမ်းအောင်သည် ရန်ကုန်ယူနိုက်တက်အသင်းအတွက် ယခုနှစ်ရာသီပွဲစဉ်များတွင် လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ကစားနေချိန်၌ ယခုကဲ့သို့ဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်မိခြင်းဖြစ်သည်။

‘‘ကျွန်တော့်အရင် ဒဏ်ရာ ဟောင်းကိုပဲ  ပြန်ထိခဲ့တာပါ။ ဆေးစစ်ချက်အရ ဘယ်လိုထွက်မယ်ဆိုတာ မသိသေးဘူး။ ဆရာဝန်က စောင့်ကြည့်မယ်လို့ ပြောတယ်’’ဟု ငြိမ်းချမ်းအောင်ကပြောသည်။

  ငြိမ်းချမ်းအောင်သည် ၂၀၁၇ မလေးရှားဆီးဂိမ်း၌ ဝင် ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ -၂၂ လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမားဖြစ်သည်။