ပန်းတောင်းမြို့နယ် ရွာသစ်ရွာနယ်နိမိတ်အတွင်း ကျောက်စရစ်ထုတ်နေ၍ ဒေသခံများကန့်ကွက်

ရွာသစ်ကျေးရွာဒေသခံများက သတင်းထောက်များအား ရှင်းပြ၍ ကျောက်စရစ်ထုတ်ယူမှုများကို ပြသနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

ပဲခူးတိုင်းဒေသကြီး ပန်း တောင်းမြို့နယ်ရွာသာယာကျေး ရွာအုပ်စု ရွာသစ်ကျေးရွာနယ် နိမိတ်အတွင်းသို့ ဝင်ရောက်ပြီး ကျောက်စရစ်ထုတ်လုပ်ငန်း လုပ် ကိုင်နေခြင်းများကို ဒေသခံများ က ကန့်ကွက်ထားကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်ကမ်းဘေး ရွာ သစ်ကျေးရွာနယ်နိမိတ်ဧရိယာ အတွင်း ယခုနှစ်အတွက် ကျောက်စရစ်ထုတ်လုပ်ရန် လုပ် ကွက်လိုင်စင် ချထားပေးခြင်းမရှိ သော်လည်း ကျောက်စရစ်ထုတ် ကားများသည် ကျေးရွာနယ်နိ မိတ်ဧရိယာအတွင်း ဝင်ရောက် လုပ်ကိုင်နေခြင်းကြောင့် ကန့် ကွက်ရကြောင်း ဒေသခံများက ပြောသည်။

 အဆိုပါ ကန့်ကွက်မှုနှင့် ပတ်သက်၍ တိုင်ကြားစာကို ဖေဖော်ဝါရီ ၁၅ ရက်က တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တစ်ဦးထံ ပေးပို့ထားပြီး ၎င်းမှတစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်လက်တင်ပြမည် ဖြစ်ကြောင်း ဒေသခံများက ပြော ကြားသည်။

ရွာသစ်ကျေးရွာအနီး ဧရာ ဝတီမြစ်အတွင်း ကျောက်စရစ် ထုတ်လုပ်ငန်း ဝင်ရောက် လုပ် ကိုင်မှုများကြောင့် ဒေသခံများ၏ ရေလုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်မပြေ ဖြစ်နေကြောင်း၊ ကျောက်စရစ်ထုတ်လုပ်ခြင်းများကြောင့် မြစ်ကမ်းပါးပြိုကျမှုများလည်း ဖြစ်ပေါ်လာကြောင်း ဒေသခံများက ဆိုသည်။

‘‘ကျွန်တော်တို့ရွာနဲ့ နယ်နိ မိတ်ချင်းထိနေတဲ့ စစ်တကွင်းရွာ ဘေးမှာ အဓိကထား ကျောက် စရစ်စုပ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ကျောက်စရစ်စုပ်တဲ့ မော် တော်တွေက ကျွန်တော်တို့ ကျေး ရွာနယ်နိမိတ်ထဲအထိ ငါးပစ် ကွင်းနေရာ၊ ငါးဖမ်းတဲ့နေရာတွေ အထိ ဝင်လာပြီး ကျောက်တွေ စုပ်ကြတယ်။ လှေနဲ့သွားပြောတဲ့ အခါ ပြန်ထွက်သွားတယ်။ မကြာဘူး ပြန်လာပြီး လုပ်ပြန်တယ်။ သူတို့လုပ်နေတာကြောင့် ငါးတွေ မရသလို ငါးဖမ်းပိုက်တွေလည်း မော်တော်တွေနဲ့ ငြိတာမျိုး ဖြစ် တယ်။ စားဝတ်နေရေး ဒုက္ခ ရောက်တယ်။ ကျောက်စုပ်တဲ့ အခါ ချိုင့်ကွက်ကြီးတွေဖြစ်ပြီး ကမ်းပါးမြေတွေ လျှောကျပြီး ကမ်း ပါးပြိုတာတွေဖြစ်တယ်။ လုပ် ကွက် ချထားပေးတဲ့နေရာမှာပဲ လုပ်ကြပေါ့’’ဟု ရွာသစ်ကျေးရွာ ဒေသခံ ဦးတင်ရွှေက ပြောသည်။

၂၀၁၅ အတွင်းကလည်း ရွာသစ်ကျေးရွာ နယ်နိမိတ်ဧရိ ယာဖြစ်သည့် ဧရာဝတီမြစ်အတွင်း ကျောက်စရစ်လုပ်ငန်း ထုတ်လုပ်ခွင့် ချထားပေးခဲ့ရာ ဒေသခံများက ကန့်ကွက်သဖြင့် ယခုနှစ်၌ လုပ်ကွက်လိုင်စင် ချထားပေးခြင်းမရှိပေ။ သို့သော် ကျေးရွာနယ်နိမိတ်ချင်း ထိစပ်နေသည့် စစ်တကွင်းကျေးရွာအနီး ဝန်းကျင်တွင် လုပ်ကိုင်နေသည်ကို တွေ့နေရကာ ရွာသစ်ကျေးရွာအနီးသို့ပါ လာရောက်လုပ်ကိုင်နေခြင်းများ ရှိနေသည်ဟု ဒေသခံများကပြောကြားသည်။

‘‘ကျောက်စရစ်ထုတ်တဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဖြစ်တယ်။ အဲဒီမှာ သူတို့ပြောတာက တော့ သက်ဆိုင်ရာဌာနက ချပေးထားတဲ့ ကျောက်လုပ်ကွက်ဧရိယာ ရေစူးအမှတ်တွေကို ရေကြောင်းအရ သတ်မှတ်ဧရိယာထက်ကျော်သွား တတ်တယ်လို့ ဆိုတယ်။လက်ရှိအချိန်မှာတော့ ရေအရင်းအမြစ်နဲ့ မြစ်ကြောင်းဖွံ့ဖြိုး တိုးတက်ရေးဌာနရဲ့ သတ်မှတ်ထားတဲ့ ဧရိယာထက် ကျော်မလုပ်ဖို့ ပြောလိုက်တယ်။ ရွာသစ်ကျေးရွာ ဒေသခံတွေရဲ့ တိုင်ကြားစာအရ လိုအပ်သလို စိစစ်ဆောင်ရွက်နိုင်ဖို့ကိုလည်း စက်မှု လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ် ရေးတိုင်းဒေသကြီး ဝန်ကြီးထံဆက်လက်တင်ပြတိုင်ကြားပေးသွားမှာပါ’’ဟု ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်က ပြောသည်။

 ယခုနှစ်တွင် ပြည်ခရိုင် အတွင်း မြို့နယ်များဖြစ်သည့် ပန်းတောင်း၊ ပြည်၊ ရွှေတောင်တို့ ၌ ကျောက်စရစ်ထုတ်ယူခွင့် လုပ်ကွက် ၁၆ ခု ချပေးကြောင်း ပြည် ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

ပန်းတောင်းမြို့နယ်အတွင်း ကျောက်စရစ် ထုတ်လုပ်ငန်း လုပ်ကွက်ရှစ်ခု ချထားပေးပြီး ဒေသခံများ၏ ကန့်ကွက်မှုများကြောင့် လုပ်ကွက်နှစ်ကွက်ကို ရပ်နားထားစေခဲ့ကြောင်း၊ လက်ရှိတွင်လုပ်ကွက် ခြောက်ခုသာရှိပြီး ရွာသာယာ ကျေးရွာအုပ်စုအတွင်း အကွက် အမှတ် (၄၀)လုပ်ကွက်တစ်ခု ချပေးသည်ကို သိရကြောင်း ပန်းတောင်းမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်က ပြောကြားသည်။

ပန်းတောင်းမြို့နယ် ရွာသာ ယာကျေးရွာအုပ်စု ရွာသစ်ကျေး ရွာသည် ဧရာဝတီမြစ်ကမ်းဘေး တွင်တည်ရှိပြီး အိမ်ခြေ ၁၂၀ ခန့် ရှိရာ အများစုသည် ဧရာဝတီမြစ် အတွင်း ငါးဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြ ကြောင်း သိရသည်။

 

More in Regional Section