ရေးမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို တပ်မတော်က ၀င်ရောက်ရှာဖွေ

 မွန်ပြည်နယ် ရေးမြို့ ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေး ရုံးကို အစိုးရတပ်မတော်နှင့် ရဲ တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၀င်ရောက် စစ်ဆေးခဲ့သည်ဟု အဆိုပါ ဆက် ဆံရေးရုံးမှ သတင်းရရှိသည်။

ရေးမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၁ နာရီကျော်က ခမရ ၅၈၇ မှ ဒုဗိုလ်မှူးကြီး မျိုး ဇော်ဝင်းနှင့် တပ်မတော်သား ၂၃ ဦး၊ ရဲတပ်ဖွဲ့ဝင် လေးဦး စုစုပေါင်း ၂၇ ဦးတို့သည် လက်နက်ရှိ၊ မရှိ ၀င်ရောက်စစ်ဆေးခဲ့သည်ဟု ရေး မြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးဆန်းနိုင်က ပြောသည်။

‘‘သူတို့ (စစ်တပ်နဲ့ ရဲ) စ၀င် လာတာက ကားနှစ်စီးနဲ့ဝင်လာ တယ်။ သူတို့ လူတွေကို ချပြီး ရုံး ကို အရင်ဝိုင်းလိုက်ပြီးမှ ရုံးထဲဝင် လာတယ်။ လက်နက်စစ်ဆေးဖို့ ဆိုပြီးတော့ စစ်တယ်’’ဟု ရေးမြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးဆန်းနိုင်ကပြောသည်။

စစ်ဆေးမှုကို ညနေ ၄ နာရီ ခန့်အထိ ပြုလုပ်ခဲ့ပြီး လက်နက် တစ်စုံတစ်ရာမတွေ့ရှိဘဲ ရုံးတွင် အသုံးပြုနေသည့် စကားပြောစက် တစ်လုံးသာတွေ့ရှိသိမ်းဆည်း သွားသည်ဟု ၎င်းက ပြောသည်။

ပြည်တွင်းတွင် ဖွင့်လှစ်ထား သည့် မွန်ပြည်သစ်ပါတီ ဆက်ဆံ ရေးရုံးများအနက် ရေးမြို့ ဆက်ဆံ ရေးရုံးတစ်ရုံးကိုသာ ၀င်ရောက် စစ်ဆေးခဲ့ကြောင်းနှင့်ရုံးဖွင့်လှစ်ခဲ့သည့် ကာလတစ်လျှောက်ယခုလိုတစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိဘဲ ၀င်ရောက်စစ်ဆေးမှုသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။

ထိုင်း-မြန်မာနယ်စပ်ဒေသ မွန်ပြည်သစ်ပါတီက ဗဟိုအဆင့်ကျင်းပသည့် အကြိမ်(၇၀)မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် စစ်ရေးပြအစီအစဉ်မပြုလုပ်ရန် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးရုံးက တားမြစ်ခဲ့သည်။

ထိုတားမြစ်မှုကို မွန်ပြည် သစ်ပါတီဘက် လက်မခံခဲ့ပေ။ မွန်ပြည်သစ်ပါတီ အကောက်ခွန် ဂိတ်စခန်း နှစ်ခုကို ဖယ်ရှားရန် ဖေဖော်ဝါရီ ၁၃ ရက်က အစိုးရနှင့် တပ်မတော်က ညွှန်ကြားခဲ့ပြီး မွန်ပြည်သစ်ပါတီကဖယ်ရှားခဲ့သည်။