ပန်းတောင်းမြို့ ရွှေဘုံသာစေတီတော်ဂေါပကအဖွဲ့ကို ပြန်လည်ရွေးချယ်ပေးရန် ဒေသခံများ ဆန္ဒဖော်ထုတ်

ရွှေဘုံသာစေတီတော်ဂေါပကအဖွဲ့ကို ပြန်လည်ရွေးချယ်ပေးရန်ဒေသခံများက ဖေဖော်ဝါရီ ၁၄ ရက်က ဆန္ဒထုတ်ဖော်နေစဉ်(ဓာတ်ပုံ−ဇော်မင်းထိုက်)

 ပဲခူးတိုင်းဒေသကြီး ပန်း တောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိ စေတီတော်ဂေါပကအဖွဲ့ဝင်များကို အသစ်ပြန်လည်ရွေးချယ်ပေးရန် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

 ရွှေဘုံသာမုနိစေတီတော် တွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဂေါပကအဖွဲ့ဝင်များတွင် အဂတိလိုက်စားသူများနှင့် ဒေသခံများ၏ ကြည်ညိုလေးစားမှုမရှိသူ အကျင့်ပျက်ယွင်းနေသူများပါဝင်နေ၍ ပြည်သူများဆန္ဒနှင့်အညီ အသစ်ပြန်လည်ရွေးချယ်ပေးရန် တောင်းဆိုကြခြင်း ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူများက ပြောသည်။

 ‘‘လက်ရှိဂေါပကအဖွဲ့ထဲ မှာ အဂတိလိုက်စားလို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနေရာကနေ တာ ၀န်ရပ်စဲခံထားရသူတွေ၊ ကျေးရွာ မီးလင်းရေး ရန်ပုံငွေအလွဲသုံးစား ပြုသူတွေပါနေတယ်။ ဒါ့အပြင် အခုလက်ရှိ ဂေါပကအနေနဲ့ စေတီတော်မြတ်ကြီးရဲ့ အလှူခံရတဲ့ငွေတွေ၊ သုံးစွဲမှုတွေကို ပွင့်လင်းမြင်သာစွာ  ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ပေးတာမျိုးမရှိဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ သိက္ခာသမာဓိရှိသူတွေကို ထားရှိပေးဖို့ တောင်းဆိုကြတာ ဖြစ်တယ်’’ဟု ဆန္ဒဖော်ထုတ်ရာ တွင် ပါဝင်သူရွှေဘုံသာကျေးရွာ အုပ်စု၊ ညောင်ပင်သာကျေးရွာနေကိုမော်ကြီးက ပြောသည်။


 ဆန္ဒဖော်ထုတ်သူ ဒေသခံ အင်အား သုံးရာခန့်သည့် န၀ဒေး တံတားကြီးအနောက်ဘက်ထိပ်မှ စတင်၍ ရွှေဘုံသာမုနိစေတီတော်မုခ်ဦးအထိ မိနစ် ၄၀ခန့်ကြာ လမ်းလျှောက်ကာ ဂေါပကအဖွဲ့ကို အမြန်ဆုံးအသစ်ပြန်လည်ရွေးချယ်ပေးရန် အဓိကတောင်းဆိုခဲ့ကြသည်။

စေတီတော် ဂေါပကအဖွဲ့ဝင်များအား အသစ်ပြန်လည်ရွေးချယ်ပေးရန် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၇ရက်ကပြည်ထဲရေး၊ သာသနာရေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးစသည့် ပြည်ထောင်စုအဆင့်အထိ တိုင်ကြားတောင်းဆိုခဲ့သည်။ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးတာဝန်ရှိသူများက တိုင်ကြားသူများကို ခေါ်ယူစစ်ဆေးခဲ့သော်လည်း အခြေအနေထူးခြားမှု မရှိခြင်းကြောင့် ဆန္ဒဖော်ထုတ်ရသည်ဟု ဒေသခံများကဆိုသည်။

ရွှေဘုံသာမုနိစေတီတော် သည် ပြည်မြို့တစ်ဖက်ကမ်း၊ ပန်းတောင်းမြို့ မြို့နယ်အပိုင် ရွှေဘုံသာကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ထင်ရှားသည့်စေတီတော်တစ်ဆူဖြစ်သည်။ ဘာသာရေးပွဲတော်ရက်များတွင် ယင်းစေတီတော်သို့ လာရောက်ဖူးမြော်သည့် ဘုရားဖူးပြည်သူများ အလွန်စည်ကားကြောင်း သိရသည်။

စေတီတော် ဖွဲ့စည်းပုံအရ ဂေါပကအဖွဲ့ဝင် ၁၅ ဦးရှိပြီး ၂၀၁၄ တွင် အသစ်တစ်ဖန်ပြန်လည်ဖွဲ့စည်းထားကြောင်း၊ ကျန်းမာရေးမကောင်းသူများ၊ နုတ်ထွက်စာတင်ထားသူများရှိနေသဖြင့် လက်ရှိတာဝန် ထမ်းဆောင်နေသူ ၁၁ဦးသာရှိကြောင်း ယင်းဂေါပကအဖွဲ့မှ သိရသည်။

  ‘‘ဂေါပကသက်တမ်းက လေးနှစ်ဆိုပေမယ့်လည်း အကျင့် ပျက်တာတို့၊ စည်းကမ်းချက်မညီ တာတွေရှိရင် ထုတ်ပယ်ပါတယ်။ အခုလို ဆန္ဒဖော်ထုတ်လာကြတဲ့ အတွက် ကျွန်တော်တို့အဖွဲ့မှာ ခေါင်းဆောင်လိုမျိုးသတ်မှတ် ထားသူရှိတယ်။ သူက ကျန်းမာ ရေးမကောင်းလို့ အခြားတစ်နေ ရာမှာ  ဆေးကုသမှုခံယူနေရ တယ်။ သူပြန်ရောက်တဲ့အခါ အ စည်းအဝေးခေါ်မယ်။ ပြန်လည် ရွေးချယ်ပေးမယ်။ မပေးဘူးဆို  တာကိုတော့ နာယက၊ အဖွဲ့ဝင် တွေဆွေးနွေးဆုံးဖြတ်မှ အဖြေ ပေါ်မယ်။ အဲဒီအချိန်ကျရင်လည်း သတင်းထောက်တွေကို ဖိတ်ကြား ပြီး သတင်းစာရှင်းလင်းပေးသွား ပါမယ်’’ဟု ရွှေဘုံသာမုနိစေတီ တော်ဂေါပကအဖွဲ့ဝင် ဦးသန်းအေးက ပြောသည်။

Top News