ကမ္ဘာ့ဖလား အသင်းအရေအတွက် တိုးမြှင့်ခြင်းသည် ငွေကြေးအတွက် မဟုတ်ဟု ဖီဖာဥက္ကဋ္ဌဆို

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အသင်းအရေအတွက် မြှင့်တင် သတ်မှတ်လိုက်ခြင်းသည် အားကစား ရှုထောင့်မှ ဆုံးဖြတ်ချက်သာဖြစ်ပြီး ငွေရေးကြေးရေး ရည်မှန်းချက် လုံးဝ မပါဝင်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ ဥက္ကဋ္ဌက ဖြေရှင်းခဲ့သည်။


ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်ခ်ျမြို့ရှိ ဖီဖာ ဌာနချုပ်တွင် ဇန်နဝါရီ ၁၀ ရက်က ကျင်းပသော အစည်းအဝေး၌ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို လက်ရှိ ၃၂ သင်းမှ ၄၈ သင်းသို့ တိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။ အဆိုပါ အပြောင်းအလဲသည် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတင်သက်ရောက်မည် ဖြစ်သည်။ 

ယင်းအပြောင်းအလဲကို လက်ခံကြိုဆိုသူများ ရှိသလို ဝေဖန်ကန့်ကွက်မှုများလည်း ထွက်ပေါ်လာသည်။ အထူးသဖြင့် ဖီဖာသည် ငွေရေးကြေးရေး အကျိုးအမြတ်ကို မျှော်လင့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို မြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကိစ္စက ပြိုင်ပွဲ၏ အရည်အသွေးကို ထိခိုက်စေနိုင်ကြောင်း ထောက်ပြမှုများလည်း ရှိခဲ့သည်။

ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနိုကမူ အဆိုပါ စွပ်စွဲချက် အားလုံးကို ငြင်းဆန်ခဲ့သည်။ “ပြောဆိုနေတာတွေ ပြန်ကြားပါတယ်။ တကယ်က ဆန့်ကျင်ဘက်ပါပဲ။ ဘောလုံးနဲ့ ပတ်သက်ပြီးပဲ အခြေခံ ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်းက BBCနှင့် အင်တာဗျူးတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

၎င်းက “ကမ္ဘာ့ဖလားလို ပြိုင်ပွဲမျိုးက ဘာလုပ်လုပ် ငွေရေးကြေးရေး ကဏ္ဍမှာ အကျိုးအမြတ် ဖြစ်ပြီးသားပါ။ ကျွန်တော်တို့က ဒီကိစ္စကို သိပ်အလေးထားပြီး တွေးနေစရာ မလိုပါဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်တိုင်းက အားကစား ရှုထောင့်ကပဲ အခြေခံ ချဉ်းကပ်ပါတယ်”ဟုလည်း ဆိုသည်။ 

ဖီဖာ၏ ဘဏ္ဍာရေး သုတေသန အစီရင်ခံစာများ အရမူ ပြိုင်ပွဲဝင် အရေအတွက် ၄၈ သင်းထိ ဖြစ်လာပါက ကမ္ဘာ့ဖလား၏ ဝင်ငွေပမာဏသည် စတာလင်ပေါင် ၅.၂၉ ဘီလီယံထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။ ယင်းသည် ၃၂ သင်းဖြင့် ကျင်းပသည့် အခြေအနေထက် အကျိုးအမြတ် စတာလင်ပေါင် ၅၂၁ သန်း ပိုများလာမည့် သဘောဖြစ်သည်။

“အခု အပြောင်းအလဲဟာ ၂၁ ရာစုမှာ ကမ္ဘာ့ဖလားအတွက် သမိုင်းဝင် ဆုံးဖြတ်ချက် တစ်ခုလို့ပဲ ရိုးရိုးရှင်းရှင်း ယူဆသင့်ပါတယ်”ဟုလည်း အင်ဖာတီနိုက ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားတွင် အသင်းဝင် အရေအတွက် မြှင့်တင်ခြင်းသည် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။ လက်ရှိအချိန်၌ ဖီဖာလက်အောက်တွင် နိုင်ငံတကာ ဘောလုံးအဖွဲ့အစည်း ၂၁၁ ခုထိ ရှိနေကြောင်းလည်း သိရသည်။

Ref: BBC

Top News