မြန်မာ့ခရီးသွားလုပ်ငန်းပွဲတော်ကို စင်ကာပူတွင် လေးရက်ကြာကျင်းပမည်

မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေရေး ဈေးကွက်မြှင့်တင်မှု အဖြစ် မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ခရီးသွားပြပွဲကို စင်ကာပူ နိုင်ငံ၌ လေးရက်ကြာသွားရောက် ပြသမည်ဟု သတင်းရရှိသည်။

စင်ကာပူနိုင်ငံတွင်ဇန်န၀ါရီ ၁၉ မှ ၂၂ ရက်အထိ ပြုလုပ်မည် ဖြစ်ကာ မြန်မာ့ခရီးသွားလုပ်ငန်း ပွဲတော် Myanmar Tourism Festival အမည်ဖြင့် ပြုလုပ်မည် ဖြစ်သည်။

အဆိုပါပွဲတော်ပြုလုပ်ရန် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းပေါင်း ၅၀ တို့၏ အဆင့်မြင့်လုပ်ငန်းပေါင်းစပ်ညှိနှိုင်းမှုဆိုင်ရာ အစည်းအဝေးတွင် ဆွေးနွေးခဲ့ ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း Myanmar Tourism Marketing မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနှင့်စင်ကာပူနှစ်နိုင်ငံ အကြား ဗီဇာကင်းလွတ်ခွင့်ပြုပြီး နောက် စင်ကာပူနိုင်ငံမှ ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် ရန်ရည်ရွယ်၍ အဆိုပါပြပွဲ ကျင်းပခြင်းဖြစ်သည်ဟုဆိုသည်။

‘‘စင်ကာပူနိုင်ငံသား ခရီးသွားတွေများလာတာ ကျွန်မတို့မျက် မြင်ပဲဖြစ်ပါတယ်။ ဒီထက်များပြားလာဖို့လည်း မျှော်လင့်ထားပါတယ်။ ကျွန်မတို့ရဲ့ တာဝန်က တိမ်မြုပ်နေတဲ့ ရတနာတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘာတွေရှိတယ် ဆိုတာ ဖော်ထုတ်ပြသဖို့ပါ။ မြန်မာနိုင်ငံကို ပွင့်လင်းရာသီအတွင်းသာ လာရောက်လည်ပတ်လို့ရတယ်ဆိုတာမဟုတ်ပါဘူး။ တကယ်က မြန်မာနိုင်ငံရဲ့အဓိက လျှို့ဝှက်ချက်ကတော့ ဇွန်လက နေ စက်တင်ဘာအကြား စိမ်း လန်းတဲ့ ရာသီပဲဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းကပြောသည်။

၂၀၁၅ တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် စင်ကာပူနိုင်ငံသား ခရီးသွားဧည့်သည် ၄၃,၀၀၀ ဦးရှိခဲ့ပြီး ၂၀၁၆ သြဂုတ်အထိ ၃၂,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ရာ ပြီးခဲ့သည့်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းပိုမိုမြင့်တက်လာကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်ကစတင်၍ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းအတွက်(သို့မဟုတ်)အပန်းဖြေခရီးအတွက် လာရောက်လည်ပတ်မည့် နှစ်နိုင်ငံခရီးသွားများသည် ယခင်ကကဲ့သို့ ဗီဇာလျှောက်ထားရန် မလိုအပ်တော့ဘဲ ရက် ၃၀ နေ ထိုင်ခွင့်ရရှိမည်ဖြစ်သည်။

နှစ်နိုင်ငံကြား အဆိုပါဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို မြန်မာနိုင်ငံသို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအလည်အပတ်လာရောက်သည့်ခရီးစဉ်အတွင်း ၂၀၁၆ ဇွန်လ ၁ ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

More in Tourism Section

Top News