တရုတ်၏ ဆင်စွယ်ဝယ်ယူမှု ပိတ်ပင်ခြင်းက မြန်မာအတွက် သတင်းကောင်းဖြစ်မလား

ဇင်ဘာဘွေနိုင်ငံ၊ ဟာရေးရေးမြို့ အမျိုးသားဥယျာဉ်များ ရုံးချုပ်တွင်သိုလှောင်ထားသော ဆင်စွယ်များကြား၌ ဥယျာဉ်အလုပ်သမား တစ်ဦးကိုတွေ့ရစဉ် (STR/EPA)

နှစ်သစ်ကူး နေ့တွင် တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်က တစ်ကမ္ဘာလုံးကို အံ့သြစေခဲ့သည်။ တိရစ္ဆာန်များ၏ သင်္ချိုင်းဟု တင်စားခေါ်ဝေါ်နေသော တရုတ်နိုင်ငံက ဆင်စွယ်ဝယ်ယူမှုကို ၂၀၁၇ နှစ်ကုန်၌ ပိတ်ပင်တားမြစ်တော့မည်ဆိုသည့် ထုတ်ပြန်ချက်ဖြစ်သည်။

တရုတ်အစိုးရ၏ ထုတ်ပြန်ချက်သည် တစ်ကမ္ဘာလုံးတွင် ကျက်စားနေသည့် ဆင်တို့၏ အနာဂတ်အတွက် သမိုင်းဝင်သော ပြောင်းလဲမှုတစ်ခုဖြစ်သည်ဟု ကမ္ဘာတစ်လွှားရှိ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းသူများက တင်စားပြောဆိုနေသည်။

တရုတ်နိုင်ငံသည် ဆင်စွယ် ဈေးကွက်ကို ချုပ်ကိုင်ထားပြီး ဆင်စွယ်ရောင်းဝယ်မှုအကြီးဆုံး နေရာဖြစ်ကာ တစ်ကမ္ဘာလုံးက ရောင်းချသည့် ဆင်စွယ် ၇၀ ရာခိုင်နှုန်းကို တရုတ်က နှစ်စဉ်ဝယ်ယူနေသည်။ ဆင်စွယ် တစ်ကီလိုဂရမ်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁,၁၀၀ ခန့် ဈေး ရရှိနိုင်သည်။

 တောရိုင်း ဆင်ကောင်ရေ သုံးသိန်းခန့်သာ ကျန်ရှိတော့သည့် အာဖရိကဆင်နှင့် ကောင်ရေ ငါးသောင်းအောက်သာ ကျန်ရှိတော့သည့် အာရှဆင်များအတွက် သတင်းကောင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တောရိုင်းဆင် သုံးထောင်ကျော်သာ ကျန်ရှိသည်။

ဆင်စွယ်ရောင်းချခြင်းကို မြန်မာအစိုးရက တရားဝင်ပိတ်ပင် တားမြစ်ထားသော်လည်း တရားမ၀င်နည်းလမ်းများဖြင့် တရုတ်ဈေးကွက်သို့ ဆင်စွယ်အပါအ၀င် ဆင်အစိတ်အပိုင်းများ ၀င်ရောက်နေပြီး တောဆင်ရိုင်းများမှာ နေ့စဉ် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသည်။

‘‘ဒီလို ပိတ်ပင်တာကိုတော့ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံကနေ တရုတ်ကိုဝင်နေတဲ့ မှောင်ခိုတွေက ဆင်စွယ်တစ်ခုတည်းမဟုတ်ဘူး။ ဆင်အစိတ်အပိုင်းအားလုံးပါဝင်တယ်။ ပိတ်ပင်လိုက်တယ်၊ မ၀ယ်တော့ဘူး တားလိုက်ပေမယ့် ဥပဒေအရ ထိထိရောက်ရောက်လုပ်မှာလားဆိုတာတော့ စောင့်ကြည့်ရဦးမယ်’’ဟု ဧရာဝတီတိုင်းဒေသကြီး ငပုတော၊ ငါးသိုင်းချောင်းနှင့် ရခိုင်ရိုးမတို့တွင် ဆင်အကောင်ရေ စာရင်းကောက်ယူနေသည်ဟု ဦးကြည်စိုးက ပြောသည်။

 မြန်မာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက တရုတ်နိုင်ငံ၏ ဆင်စွယ်ဝယ်ယူမှု တရားဝင်ပိတ်ပင်ခြင်းသည် တရားဥပဒေအရ အရေးယူရန် တွန်းအားတစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း ရင်ဆိုင်နေရသည့် ပြဿနာများသည် တရုတ်နိုင်ငံ၏ ၀ယ်လိုအားအပြင် အခြားပြဿနာများရှိနေသဖြင့် မှောင်ခိုကုန်ကူးမှုမှာရှိနေနိုင်သေးသည်ဟု ခန့်မှန်းပြောဆိုသည်။

 ‘‘မှောင်ခို ဈေးကွက်ရှိနေသေးရင်တော့ အရောင်းအ၀ယ်က ထပ်ရှိနေမှာပဲ။ တရုတ်က တကယ်အလေးအနက်ထား ပိတ်ဆို့မယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး အများကြီးရနိုင်တယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး တွင် တာဝန်ကျနေသည့် သစ်တောဝန်ထမ်းတစ်ဦးက ပြောကြားသည်။

နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသများတွင် တောရိုင်းတိရစ္ဆာန်များကို အခွန်ဆောင်ရောင်းချခြင်းများရှိနေပြီး ပြည်တွင်းက တောရိုင်းတိရစ္ဆာန်မှောင်ခိုရောင်းဝယ်သူများသည် ယင်း ဒေသမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။

‘‘ပြည်တွင်းက တောရိုင်းတိရစ္ဆာန် မှောင်ခိုသမားတွေက အဲဒီဒေသတွေကနေတစ်ဆင့် တရုတ်ဝယ်လက်နဲ့ချိတ်ပြီး လုပ်ကိုင်ကြတယ်’’ဟု မူဆယ်မြို့နေ ကိုထက်ယံက ပြောသည်။

တရုတ် ၀ယ်လိုအားက မြန်မာနိုင်ငံရှိ တောရိုင်းဆင်များကို ခြိမ်းခြောက်နေသည့် အပြင်လောက်ကိုင်ဒေသတွင် တောရိုင်း တိရစ္ဆာန် ရောင်းဝယ်ဖောက်ကား ရေး ဈေးကွက်လည်းရှိနေသဖြင့် ယင်းလမ်းကြောင်းများကို ပိတ်ပင် တားဆီးစစ်ဆေးရန် အရေးကြီးသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြော သည်။

‘‘၀န်ကြီးဌာနက အဓိကတာဝန်ရှိတာ မှန်ပေမယ့် ဆင်ခိုးကြတာက ဂိုဏ်းဖွဲ့ခိုးတယ်။ လက်နက်တွေပါပါတော့ တခြားဌာနအပြင် တပ်မတော်၊ ရဲအုပ်ချုပ်ရေးကအစ ပါဝင်ဆောင်ရွက်ဖို့ လိုနေပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ သစ်တောဝန်ထမ်းတစ်ဦးကပြောသည်။

တရုတ်အစိုးရက မည်သို့ပင် ပိတ်ပင်တားမြစ်စေကာမူ မှောင်ခိုရောင်းဝယ်မှုများ ပြုလုပ်နေသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ အစည်းအချို့နှင့် ဆွေးနွေးနိုင်မှသာ ထိရောက်နိုင်မည်ဟု ပြည်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သုံးသပ်ပြောကြားသည်။

ထို့အပြင် ဆင်စွယ်ရောင်းဝယ်မှု ပိတ်ပင်ခြင်းသည် ၂၀၁၇ နှစ်ကုန်မှသာ အသက်ဝင်မည်ဖြစ်၍ ယခုနှစ်အတွင်း ဆင်စွယ်အပြင် ဆင်အစိတ်အပိုင်းများ မှောင်ခို ရောင်းဝယ်မှုသည် ယခင်နှစ်များထက်ပင် တစ်ဟုန်ထိုးတက်လာမည်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက စိုးရိမ်နေကြသည်။

၂၀၁၇ အတွင်း ဆင်စွယ်အပြင် အခြားအစိတ်အပိုင်းများ မှောင်ခိုရောင်းဝယ်မှု များပြားလာ နိုင်သောကြောင့် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌအား မေးမြန်းရာတွင် ဥပဒေ ကြောင်းအရ အရေးယူရန် ပြင်ဆင်မှုများပြုလုပ်မည်ဟု ဖြေကြားခဲ့သည်။

‘‘သစ်တောဥပဒေအသစ်နဲ့ တောရိုင်းတိရစ္ဆာန် ဥပဒေပြင်ဆင်ချက်တွေလည်း လာမယ့် လွှတ်တော်ကာလမှာ ပြဋ္ဌာန်းဖို့ ပြင်နေပါတယ်။ ဆင်စွယ်ရောင်းဝယ်တာက မူလကတည်းကကို တရားမ၀င်ပါဘူး။ ဥပဒေစိုးမိုးဖို့ လိုနေတာ ပါ’’ဟု အထက်ပါ ကော်မတီဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းက ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တောရိုင်းဆင်သတ်ဖြတ်မှု များကို ပိုက်စိပ်တိုက်ဖမ်းဆီးမှုများ ပြုလုပ်သော်လည်း ဆင်များ သတ်ဖြတ်ခံရမှုမှာ လျော့ကျသွားခြင်းမရှိပေ။ မြန်မာနိုင်ငံတွင် ဆင် အကောင်ရေ အများစု ကျန်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်အကြား ဒေသများ၌ တောရိုင်းဆင် သတ်ဖြတ်ခံရမှုသည် ၂၀၁၁ မှ ၂၀၁၆ အတွင်း ၄၂  ကောင်ရှိခဲ့သည်။

၂၀၁၁ မှ ၂၀၁၃ အတွင်း တောရိုင်းဆင်များ သတ်ဖြတ်ခံရမှု သည် အစွယ်ရောင်းချလိုသည့်အ ချက်ကို ဦးတည်ခဲ့သော်လည်း ၂၀၁၃ နောက်ပိုင်း သတ်ဖြတ်ခံရ သည့် ဆင်များ၏ ဒဏ်ရာများအရ နှာမောင်းရလိုမှုအပြင်အရေခွံယူလိုခြင်းများကြောင့်ကျူးလွန်ရခြင်းဖြစ်သည်ဟု တောရိုင်းဆင်သတ်ဖြတ်ခံရမှုများကို စောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

 တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်ကို အပြုသဘောဆောင်၍ ကြိုဆိုလိုက်သော်လည်း တရား ဥပဒေကြောင်းအရ မည်သို့ အရေးယူကြပ်မတ်မည်ကို ထည့်သွင်း ပြောဆိုမှုမရှိခြင်းအပေါ် မြန်မာ နိုင်ငံရှိ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးသမားများက ကျေနပ် အားရမှုမရှိပေ။

အိမ်နီးချင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆင်စွယ်မှအစ ဆင်ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနှင့် ဆင်ပေါက်များကို မှောင်ခိုဝယ်ယူနေသောကြောင့် ဖြစ်သည်။

‘‘ကျွန်တော်တို့ နိုင်ငံက မှောင်ခိုထွက်သွားတဲ့အရာတွေက ဆင်စွယ်တင်မဟုတ်ဘူး။ ဆင်အ စိတ်အပိုင်းအားလုံးပဲ။ အာဖရိက တိုက်အတွက်တော့ သတင်းကောင်းပဲ။ မြန်မာက အရင်တုန်းက ဆင်အသတ်ခံရတာ နည်းတယ်။ အခုအစိတ်အပိုင်းအားလုံး ၀ယ်တယ်ဆိုရော အရမ်းများလာတယ်။ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ တွေမှာ ပိုများလာတယ်’’ဟု သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်ကပြောသည်။

ဆင်စွယ်ဝယ်ယူမှု တိုးပွားလာခြင်းကြောင့် ကမ္ဘာ့နေရာအနှံ့အပြားမှာ နှစ်စဉ် တောရိုင်းဆင်များ ၁၅ မိနစ်လျှင် တစ်ကောင်နှုန်း သေဆုံးနေသည်ဟု CITES က ထုတ်ပြန်ထားသည်။ သေဆုံးမှု များပြားလာခြင်းကြောင့် ဆင်အပါအ၀င် အခြားရှားပါးတောရိုင်း တိရစ္ဆာန်များ ကုန်သွယ်မှုတားမြစ် ခြင်းကို တစ်ကမ္ဘာလုံးအနှံ့ ဆောင် ရွက်ရန် ၂၀၁၆ နှစ်ကုန်ခါနီးတွင် ချမှတ်ခဲ့သည်။

CITES ၏ အစည်းအဝေးအ ပြီး ၂၀၁၆ နှစ်မကုန်မီတွင် အမေရိကန်အစိုးရက တစ်ကမ္ဘာလုံးရှိ တောဆင်ရိုင်းများ ထိန်းသိမ်းရေးအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းအထက် ရန်ပုံငွေကို ဆင်ရှိသည့် နိုင်ငံများမှ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ လာရောက်လျှောက် ထားနိုင်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံက ထိုသို့ လုပ်ဆောင်ပြီးနောက် သုံးလအကြာတွင် တရုတ်အစိုးရက ဆင်စွယ်ဝယ်ယူမှုကို ပိတ်ပင်သည်ဟု ကြေညာခြင်းဖြစ်ရာ တရုတ်အစိုးရ၏ ခြေလှမ်းသည် ရက်ပေါင်း ၉၀ အကြာတွင် အသက်ဝင်မည့် တစ် ကမ္ဘာလုံးရှိ CITES အဖွဲ့ဝင် နိုင်ငံများသဘောတူထားသည့် ဆင်များမှောင်ခိုရောင်းဝယ်မှု တားဆီးပိတ်ပင်ခြင်းနှင့် တိုက်ဆိုင်နေသည်။

ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များ၏ သင်္ချိုင်းဟုခေါ်ဝေါ်နေကြသော တရုတ်နိုင်ငံ၏ ဆင်စွယ် ၀ယ်ယူမှုကို ပိတ်ပင်တားမြစ်ချက်မှာ အမှန်တကယ်လား၊ ဟန်ပြလားစောင့်ကြည့်ရပေမည်။     ။

Top News