အင်းဝမြို့ရောက် သံတမန်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း အောင်မြင့်စိန် (ထားဝယ်)

ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရမှတစ်ဆင့် အင်းဝရွှေနန်းတော်သို့ ရောက်ခဲ့ဖူးသော အင်္ဂလိပ်သံတမန် မိုက်ကယ်ဆိုင်းစ်(Michael Symes) ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာကျော်က မှတ်တမ်းဖြစ်၍ သမိုင်းတန်ဖိုးကြီးမားသော စာအုပ်ဖြစ်ပြီး စာရေးသူ အောင်မြင့်စိန် (ထားဝယ်)က အင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်ဆိုထားသည်။

မိုက်ကယ်ဆိုင်းစ်သည် အင်္ဂလိပ်လူမျိုးသံတမန်တစ်ဦးဖြစ်ပြီး ထိုစဉ်က အိန္ဒိယဘုရင်ခံချုပ်ကိုယ်တိုင် မြန်မာပြည်သို့ တရားဝင်စေလွှတ်ခဲ့သော သံအမှုထမ်းဖြစ်ကာ မြန်မာဘုရင်ထံ ဆက်သရန် လက် ဆောင်ပဏ္ဏာများ၊ အနောက်နိုင်ငံထွက်ကုန်များ၊ သိပ္ပံပစ္စည်းများနှင့်အတူ သံအဖွဲ့က လိုက်ပါခဲ့ကြ သည်။ မိုက်ကယ်ဆိုင်းစ်တို့အဖွဲ့သည် အိန္ဒိယနိုင်ငံမှ သင်္ဘောဖြင့်ထွက်ခွာလာပြီး ပင်လယ်ပြင်ကို ဖြတ်ကာ ရန်ကုန်မြို့သို့ ဆိုက်ရောက်ခဲ့သည်။ တစ်ဖန်မှ ရေလမ်းခရီးဖြင့်ပင် ပဲခူး၊ ပြည်၊ ပုဂံစသည့် ဒေသများ ကို ကျော်ဖြတ်ကာ အမရပူရဆီ အရောက်လှမ်းချီခဲ့ ကြသည်။ အိန္ဒိယဘုရင်ခံချုပ်က မိုက်ကယ်ဆိုင်းစ်တို့ သံအဖွဲ့အား မြန်မာပြည်သို့စေလွှတ်ချိန်က မြန်မာသည် အင်္ဂလိပ်တို့၏ လက်အောက်သို့ စိုးစဉ်းမျှ မကျရောက်သေး။ ကိုယ့်ထီးကိုယ့်ကြငှာန်းဖြင့် အုပ်စိုးနေထိုင်ချိန်လည်းဖြစ်၏။ ထို့အတူ ကမ္ဘာ့ရေးရာအခြေအနေအရ နိုင်ငံကြီးများက ကိုလိုနီနယ်ချဲ့လျက်ရှိရာ မြန်မာသည် အင်္ဂလိပ်သာမက ပြင်သစ်ကပါ အာရုံစိုက်ခံနေရသော အခြေအနေတွင်ရှိပါသည်။ သို့သော် ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရားသည် တိုင်းပြည်သာယာဝပြောရေးကို လိုလားသူ မင်းတစ်ပါးဖြစ်သလို နယ်ချဲ့တို့၏ ပရိယာယ်ကိုလည်း နားလည်သိရှိထားသူဖြစ်သည်။ ယင်းကြောင့် မိုက်ကယ်ဆိုင်းစ်တို့အဖွဲ့သည် အနည်းငယ်မျှသော စိတ်မကျေနပ်မှုကလွဲ၍ သံတမန်ဧည့်ဝတ်ပီသစွာ ပြုမူဆက်ဆံခဲ့ရသည်။ မိုက်ကယ်ဆိုင်းစ်သည် မြန်မာပြည်သို့ ရောက်ချိန်ကစ၍ သတိကြီးကြီးထားကာ မှတ်တမ်းတင်ခဲ့ရာ အင်းဝရွှေနန်းတော်အကြောင်းသာမက ၎င်း၏ လမ်းခရီးအတွေ့အကြုံများ၊ မြန်မာ့စားသောက်ဖွယ်ရာများ၊ မြန်မာလူမျိုးတို့၏ အကျင့်စရိုက် နှင့် ပြုမူဆောင်ရွက်တတ်ပုံ၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးအသိအမြင်များကို သူထိတွေ့ခံစားရသမျှ ထည့်သွင်းရေးထားသည်။ ကုန်းဘောင်ခေတ် မြန်မာအမျိုးသမီးများ ၀တ်စားဆင်ယင်မှုကို အဆင့် မြင့် အမျိုးသမီးများအပြင်ထွက်သည့်အခါ ပိုးသား ဖြင့် ပြုလုပ်ထားသော ပ၀ါကို ပခုံးတွင်ခြုံသိုင်း၍ ရင်သားကို ကြက်ခြေခတ်ဖုံးအုပ်ကာ နောက်ကျောမှ ပ၀ါစနှစ်စကိုပြန်ချကာ ကျက်သရေရှိအောင် ပြုလုပ် ပါသည်။ အဆင့်အတန်းအနိမ့်ဆုံး အမျိုးသမီးများမှာ တစ်ခုတည်းသော ပိတ်စတစ်ခုကိုသာ ခန္ဓာကိုယ်ပေါ် တွင် ရင်သားကိုဖုံးအုပ်လျက် ရစ်ပတ်ပြီး အဆုံးအစကို လက်မောင်းအောက်တွင် ပတ်ထားသော အ၀တ်အတွင်းသို့ ညှပ်ထည့်လိုက်ပါသည်။ (ထမီရင်လျား ခြင်း)။ လမ်းလျှောက်သောအခါ ယင်းထမီအကွဲကြားမှ ပေါင်အလယ်ပိုင်းအထိ ပေါ်နေတတ်ပါသည်ဟု ရေးသားထားသည်။ ထို့အတူ အင်းဝနန်းတော်မြင်ကွင်းကို အခန်းတွင်းသို့ ၀င်ရောက်သည်နှင့် လူစိမ်းများအတွက် အံ့သြဖွယ်ရာဖြစ်လောက်အောင် ကြီးကျယ်ခမ်းနားလှကြောင်း သတိပြုမိပါသည်။ ဤအဆောက်အအုံကို တိုင်ပေါင်း ၇၇ တိုင်ဖြင့် ထောက်မထားကာ တိုင်တန်းတစ်တန်းတွင် တိုင်ပေါင်းခုနစ် တိုင်ပါ၍ အတန်းပေါင်း ဆယ့်နှစ်တန်းဖြင့် ဖွဲ့စည်းထားပါသည်။ တိုင်တန်းတစ်တန်းနှင့်တစ်တန်းကြား အကွာအဝေးမှာ ကျွန်ုပ်အထင် ဆယ့်နှစ်ပေခန့် ရှိပေလိမ့်မည်။ အလယ်မှအတန်းမှာ ပို၍ကျယ်သယောင် ရှိပြီး နှစ်ပေမျှ ပိုကျယ်နိုင်ပေသည်။ .... ဟောခန်းမအဆုံးတွင် ရွှေချထားသောနံရံကြီးရှိ၍ အလယ်၌ ရွှေ ချထားသော တံခါးတစ်ခုရှိပါသည်။ ဤတံခါးကို ဖွင့်လိုက်ပါက ပလ္လင်ကိုတွေ့ရပါသည်ဟု မှတ်တမ်းတင်ထားသည်။ ယခု မိုက်ကယ်ဆိုင်းစ်၏ နှစ်ပေါင်း နှစ်ရာကျော်က မှတ်တမ်းစာအုပ်သည် ရာဇ၀င်၊ သမိုင်းလေ့လာလိုသူများသာမက ထိုကာလက မြန်မာပြည်၏ စီးပွားရေး၊ လူမှုရေးကဏ္ဍများပါ လေ့လာလိုသူများအတွက် ဖတ်သင့်သော စာအုပ်ဖြစ်ပြီး မိတ်ဆွေများစာပေက တန်ဖိုး ၅,၀၀၀ ကျပ်ဖြင့် ဖြန့်ချိထားသည်။

Top News