မလိုအပ်လျှင် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို ကြားဖြတ် ပစ်ချဖွယ် မရှိဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဆို

အကယ်၍ မြောက်ကိုရီးယားက တာဝေးပျံသန်းနိုင်သည့် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း စမ်းသပ်ခဲ့ပါက မဖြစ်မနေ ကြားဖြတ် ပစ်ချရန် မလိုကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက သုံးသပ် ပြောကြားခဲ့သည်။


မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ရန် အလွန်နီးကပ်နေပြီဟု နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားခဲ့သလို မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက အချိန်မရွေး၊ နေရာမရွေးမှ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ရန် အသင့်ရှိနေကြောင်း ကြေညာခဲ့သည်။

အမေရိကန် ထောက်လှမ်းရေး အနေဖြင့် အဆိုပါ အခြေအနေကို အလေးထား စောင့်ကြည့်နေသော်လည်း မြောက်ကိုရီးယားက ပစ်လွှတ်မည့် ဒုံးကျည်သည် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများအပေါ် ခြိမ်းခြောက်သည့် လမ်းကြောင်းမျိုးမှ ပျံသန်းခြင်း မရှိပါက ပစ်ချစရာ မလိုဟု ယုံကြည်ကြောင်း ကာတာက မှတ်ချက်ပေးခဲ့သည်။

အမေရိကန် သမ္မတသစ် ဖြစ်လာမည့် ဒေါ်နယ်လ်ထရမ့်က မြောက်ကိုရီးယား အနေဖြင့် အမေရိကန် ပိုင်နက်ထဲထိ ရောက်ရှိအောင် ပစ်ခတ်နိုင်သော တိုက်ချင်းပစ် ဒုံးကျည်မျိုး တည်ဆောက်နိုင်မည် မဟုတ်ဟု Twitterမှတဆင့် ဝေဖန်ခဲ့ပြီးနောက် ကာတာက ယခုလို ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တကယ်လို့ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်တဲ့ အချိန်မှာ ခြိမ်းခြောက်တဲ့ လမ်းကြောင်းမျိုးကနေ ချဉ်းကပ်မလာရင် ကျွန်တော်တို့က မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ စံသတ်မှတ်ချက်တွေကနေ ရှောင်လွှဲလို့ ရပါတယ်။ ဒါကလည်း ကျွန်တော်တို့အတွက် အကျိုးမယုတ်ပါဘူး။ ပထမဆုံး အနေနဲ့ ကျွန်တော်တို့ရဲ့ ဒုံးခွင်းဒုံး စနစ်ကို အသုံးမပြုဘဲ ခြွေတာရာရောက်မယ်။ ဒုတိယ အနေနဲ့ အဲဒီဒုံးကျည် ပျံသန်းမှုကို အခြေပြုပြီး ထောက်လှမ်းရေး အချက်အလက်တွေ စုဆောင်းနိုင်မှာ ဖြစ်ပါတယ်”ဟု ကာတာက ပြောကြားခဲ့သည်။

ကာတာသည် လက်ရှိအခြေအနေတွင် ပင်တဂွန် စစ်ဌာနချုပ်၏ အကြီးအကဲအဖြစ် တာဝန်ယူထားသော်လည်း ထရမ့် သမ္မတ ဖြစ်လာမည့် ဇန်နဝါရီ ၂၀ တွင် ရာထူးမှ နုတ်ထွက်ရမည် ဖြစ်သည်။ ထရမ့်၏ ထိပ်တန်း စစ်ဘက် အကြံပေးဖြစ်သူ မရိန်း ဗိုလ်ချုပ်ကြီး ဂျိုးဆက် ဒန်ဖို့ဒ်ကလည်း ယခုကိစ္စတွင် ကာတာနှင့် အမြင်ချင်း တူညီကြောင်း ထောက်ခံ ပြောဆိုထားသည်။

Ref: CNN

More in World News Section

Top News