စိတ်ဓာတ်နှင့်စည်းကမ်း

စိတ်ဓာတ်နှင့် စည်းကမ်းသည် အမြဲဒွန်တွဲလျက်ရှိသည်။ စည်းကမ်းကို စိတ်ဓာတ်ဖြင့်စောင့် ထိန်းရ၏။ စိတ်ဓာတ်ကောင်းမှ စည်းကမ်းကောင်းသူဖြစ်နိုင်၏။ စိတ်ဓာတ်မကောင်းလျှင် စည်းကမ်းကောင်းသူမဖြစ်နိုင်ပေ။ ထို့ ကြောင့် စည်းကမ်းကောင်းသော လူမျိုးဖြစ်ရန် စိတ်ဓာတ်သည်အခရာကျပေသည်။

ကျွန်တော့်ကို သည်ဆောင်းပါးရေးဖြစ်အောင် တွန်းအားပေးခဲ့သည်မှာ Happy New Year ည အလွန်နံနက်ခင်းမြင်ကွင်းတစ်ခု ဖြစ်သည်။ စိတ်နှင့်ရေးနေသည်မှာ ထိုစဉ်ကတည်းကဖြစ်ပြီး လက်ကမူ ယခုမှ ချရေးဖြစ်ခြင်းဖြစ်၏။ ကျွန်တော့်အိမ်က မြို့စွန်ရပ်ကွက်တစ်ခု၏ အတွင်းပိုင်းကျကျ လမ်း ကျဉ်းကလေးထဲမှာ ရှိ၏။ ထို့ကြောင့် မြို့ထဲကိုထွက်ချင်လျှင် လမ်းကျဉ်းကလေးကနေ လမ်းမကြီးရောက်အောင် ဦးစွာထွက်ရသည်။ လမ်းမကြီးရောက်မှ ဆိုက်ကားတို့၊ ဆိုင်ကယ်ကယ်ရီတို့ ငှားစီး၍ရပါသည်။ ထိုနေ့ (ဇန်နဝါရီ ၁ ရက်နေ့)က နံနက်စောစော ၇ နာရီခွဲလောက် အလုပ်သွားဖို့ လမ်းမကြီးဆီထွက်တော့ လမ်းထိပ်မှာ တစ်ပိုင်းတစ်စ မီးကျွမ်းထားသည့် အမှိုက်ပုံကြီးက လမ်းဝကို တည့်တည့်ကြီး ပိတ်နေသည်။ ဘေးပတ်ဝန်းကျင်မှာလည်း အုန်းလက်ခြောက်များ၊ သစ်ကိုင်းခြောက်များက ပွစာကျဲနေ၏။ ကျွန်တော့်ဆိုင်ကယ်ကို လမ်းဘေးရေမြောင်းစပ်ကပ်ပြီး ဘီးလိမ့်ရုံဖြည်းဖြည်းချင်း မောင်းထွက်ရ၏။ ဆိုက်ကားတို့၊ ကားတို့ကတော့ရပ်ကွက်ထဲကို ဘယ်လိုမှဝင်မရသည့် အခြေအနေဖြစ်သည်။ ညက Happy New Year မှာ သောက်ကြ၊စားကြ၊ မီးပုံပွဲလုပ်ပြီး ကကြ၊ ခုန်ကြ။ ပြီးတော့ မူးမူးနှင့် အမှိုက်တွေကိုမရှင်းမလင်းဘဲ သည်အတိုင်းပစ်ထားခဲ့ကြခြင်းဖြစ်၏။

တကယ်တော့ နှစ်သစ်ကူး ခြင်းသည် အခုမှမဟုတ်။ နှစ်တိုင်းကူးနေခြင်း ဖြစ်၏။ တစ်နှစ်ကို လေးခါလောက်ကူးသည်။ မြန်မာ နှစ်သစ်ကူးရှိသည်။ တရုတ်နှစ်သစ်ကူးရှိသည်။ ကရင်နှစ်သစ်ကူးရှိသည်။ ယခုလို ခရစ်နှစ်တစ်နှစ် ပြောင်းသည့် နှစ်သစ်ကူးရှိသည်။ ဘယ် နှစ်သစ်ကူးဖြစ်ဖြစ် ကျွန် တော်တို့ မြန်မာတွေ ရောကူးလိုက်ကြတာပဲဖြစ်သည်။ မြို့ကြီးပြကြီး တွေမှာ နှစ်သစ်ကူးည ဂီတဖျော် ဖြေပွဲတွေ လုပ်ကြတော့ ကျွန်တော်တို့လို မြို့ငယ်ကလေးတွေ ကလည်း အားကျမခံရပ်ကွက်တွေရဲ့ လမ်းထိပ်တွေမှာ နှစ်သစ်ကူးတာကို အကြောင်းပြုပြီး ဆောင်းဘောက်စ်ကြီးတွေ အကျယ်ကြီး ဖွင့်ကြ။  လမ်းအလယ်ကောင် အမှိုက်တွေစုပုံပြီး မီးတွေရှို့၊သောက်စားမူးယစ်ပြီး မီးပုံကြီး ဝိုင်းပတ်ကကြ။ ည ၁၂ နာရီထိုးသည်နှင့် Happy New Year ဆိုပြီးအသံကုန်ဝိုင်းအော်ကြ။

သြော်...အနောက်တိုင်းကို တုချင်သပဆိုလည်းသည်လို အပျော်ကျူးတာ တစ်ခုတည်းမတုဘဲ သူတို့အချိန်လေးစားတာ၊သူတို့ စည်းကမ်းရှိတာ၊ သူတို့ကိုယ့်အလုပ်ကိုယ်ရိုသေတာ စတာတွေပါ တုဖို့ကောင်းသည်။ အခုတော့ ကျွန်တော်တို့ဆီက သူတွေကပျော်ရမယ့်ကိစ္စတော့တုပြီး ချွေးထွက်မယ့်ကိစ္စတော့ မတုချင်သူများနေသည်။ ဤသည်မှာ စိတ်ဓာတ်နှင့်ဆိုင်သည်။ ကျွန်တော်တို့နိုင်ငံသည် နဂိုကတည်းကမှ ပညာရေးနောက်ကျနေရသည့်အပေါ် အာဏာရှင်စနစ် လက်အောက်နှစ်ပေါင်း၅၀ ကျော်အတွင်း ညံ့ဖျင်းသည့် ပညာရေးစနစ်နှင့် ကြုံခဲ့ရသည်။ သည်အထဲ ထိုညံ့ဖျင်းသည့် ပညာရေးစနစ်ကိုပင် ထိတွေ့ခွင့်မရခဲ့သည့် သူတွေက ကျွန်တော်တို့ မျိုးဆက်မှစ၍ ရေတွက်ကြည့်လျှင်ပင် မျိုးဆက်သုံးဆက်လောက်အတွင်း ဒုနှင့်ဒေးရှိနေသည်။ ထိုသူတို့ အသက် (၂၀) မှ (၅၅) အတွင်း အရွယ်ကောင်းများဖြစ်၏။ သူတို့ အထဲမှ အများစုမှာ ပညာသင်ခွင့် ဆုံးရှုံးခဲ့သဖြင့် စိတ်ဓာတ်များ လည်း ညံ့ဖျင်းကြသည်။ ကိုယ့်ဘဝ၊ ကိုယ့်မိသားစုဘဝကိုအဆင့်အတန်းမြင့်လာအောင် ဘယ်လို တည်ဆောက်ယူရမည်ကို သူတို့မသိချေ။ နေရာတကာမှာ ကိုယ့်အတွက်ကိုယ်ကြည့်ရင်း လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းများကိုပါ ချိုးဖျက်လာကြကာ စည်းမဲ့ကမ်းမဲ့ဘဝများသို့ ရောက်မှန်းမသိ ရောက်ကုန်ကြလေသည်။

ရန်ကုန်တွင် လတ်တလော ကြုံတွေ့နေရသည့် လိုင်းကားယာဉ်မောင်းနှင့် စပယ်ယာများက ခရီးသည်ကို ရိုက်နှက်တာ၊ ခရီးသည်များက အုပ်စုဖွဲ့ပြီး ရမ်းကားသော စပယ်ယာများကို လက်တုံ့ ပြန်တာ၊ ဈေးမရောင်းရသတ်မှတ် ထားသော လမ်းတွေမှာ ခိုးရောင်းတာ စသည့်ကျင့်ဝတ် ဖောက်ဖျက်မှုများသည် နှစ်ဖက်မျှ မစဉ်းစားဘဲ ကိုယ့်အတွက်ကိုယ် စဉ်းစားရာက စည်းပျက်ကမ်းပျက် ပရမ်းပတာ ဘဝ ရောက်သွားရခြင်းဖြစ်လေသည်။ ကျွန်တော့်အိမ်ခေါင်းရင်းဘက်တွင် ရေမြောင်းတစ်ခုရှိသည်။ ရေမြောင်းဆို၍ မြို့ကြီးပြကြီးက မြောင်းတွေလို အုတ်မြောင်းမဟုတ်။ ကွက်သစ်တည်စဉ်ကလမ်း တူးဖို့ပြီးဖြစ်သွားသည့် မြေသား မြောင်းဖြစ်သည်။ မြစ်နှင့်သိပ်မဝေးသဖြင့် တစ်နှစ်ပတ်လုံး ရေ၀င်ရေထွက်ရှိသည်။ မြောင်းထဲတွင် ဗေဒါပင်၊ ကနဖော့ပင်များ ရှိသ ဖြင့် ငါးခို၍ကောင်း၏။ ရေသေ ပတ်ရေနည်းချိန်တွင် ရပ်ကွက်ထဲ မှ အချို့အိမ်များက ကိုယ့်အိမ်ရှေ့ က မြောင်းကိုယ့်ဘာသာ တမံ တုတ်ပြီး ငါးပက်ကြ၏။ ကျွန်တော့် အိမ်ခေါင်းရင်းက မြောင်းကိုလည်း ငါးပက်ပါရစေဟု အိမ်တစ်အိမ်က လာခွင့်တောင်း၏။ ကျွန်တော်က မရှိတဲ့သူတွေ ပက်ကြပါစေဟု ခွင့် ပေးလိုက်၏။

သူတို့က တမံကိုမည်သို့တုတ်သည်ထင်သနည်း။ လမ်းမြေမှ မြေသားကို အောက်ခြေမှပေါက် တူးဖြင့် နှိုက်တူးယူသည်။ ကျွန်တော့်ခြံဘက်မှ မြေသားကိုလည်း အောက်ခြေမှ ပေါက်တူးဖြင့် နှိုက် တူးယူပြီးမှ ငါးပက်ဖို့တမံတုတ် သည်။

ပထမတစ်ခါတုန်းက ကျွန်တော်ကမသိလိုက်။ စိတ်ထဲမှာတော့ သူတို့ငါးပက်တာ ကလိုင်ကြီး ဖြစ်သွားသည်ဟု ထင်မိ၏။နောက် တစ်ခါလာပက်တော့မှ အောက် ခြေမြေသားကို ပေါက်တူးနှင့်နှိုက်တူးနေတာကျွန်တော်နှင့် ပက်ပင်း သွားတွေ့သည်။ ကျွန်တော်က ‘‘အဲသလိုတူးရင် ခြံဘက်ကမြေကြီးတွေ ပြိုကျကုန်မှာပေါ့’’လို့ဆိုတော့ ‘‘ပြီးရင် ကျွန်တော်တို့ကလိုင်ထဲ ပြန်ဖြည့်ထည့်ပေးပါ့မယ်’’တဲ့။

‘‘မြောင်းထဲက မြေကြီးကပျော့တော့ တမံတုတ်ရင် မခိုင်လို့ အောက်ခြေက မြေမာနည်းနည်း ခံချင်လို့ပါ’’ တဲ့။ ကဲ ... ကျွန်တော့်မှာဘာပြန် ပြော ရမှန်းမသိ။ သူတို့ငါးရဖို့ပဲသိသည်။

 သူများခြံ ပျက်စီးသွားမှာ၊ လမ်းပျက်စီးသွားမှာ သူတို့ကိစ္စ မဟုတ်ပေ။ ပညာမတတ်သဖြင့် စိတ်ဓာတ်ညံ့ဖျင်းသည်။ စိတ်ဓာတ် ညံ့ဖျင်းသဖြင့် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဆိုတာလည်း သူတို့မှာမရှိတော့ပါပေ။

ဒါက ကျွန်တော့်ပတ်ဝန်းကျင်က ကျွန်တော်မြင်တာလေး ပြောခြင်းဖြစ်သည်။ အလားတူဖြစ်ရပ်မျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိနိုင်ပါတယ်။ လွန်ခဲ့သည့် လေးငါးနှစ်ပိုင်းလောက်က ရန်ကုန်မြို့မှာ အသစ်စက်စက် ကန်ထရိုက်တိုက်ကြီးတွေ နံရံတွေ အက်ကုန်တာ၊ နံရံတစ်ဖက်မြေထဲ ကျွံကျပြီးစောင်းသွားတာ၊ အရေး ပေါ်လှေကားပြုတ်ကျပြီး လူသေဆုံးတာ စသည့်ဖြစ်ရပ်များသည် ထိုတိုက်တာများကို ဆောက်လုပ်သူများ၏ စိတ်ဓာတ်ကို ပေါ်လွင်စေသည်။ နဂိုကတည်းက ထိုအဆောက်အအုံအတွက် ထိုက်တန်သော အဖိုးအခကို တောင်းယူပြီးဖြစ်၍ ထိုအလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်မည်ဟု စိတ်ဓာတ်မြင့်မြတ်ခဲ့လျှင် သတ်မှတ်ထားသော စံချိန်စံညွှန်း နှင့်အညီ စည်းကမ်းတကျဆောက်လုပ်ပေလိမ့်မည်။ ထိုအခါ အဆောက်အအုံများ အရည်အသွေး ပြည့်မီသဖြင့် နေထိုင်သူများလည်း စိတ်ချမ်းသာရသလို ဆောက်လုပ်သည့် လုပ်ငန်းရှင်များလည်း မိမိအလုပ်အတွက်ထာဝရ ပီတိဖြစ်ရပေသည်။

အထက်တန်းကျောင်းသားဘ၀က ဆရာကြီးပီမိုးနင်း၏ အလုပ်ဂုဏ်ဟူသော ဆောင်းပါးတစ်ပုဒ်သင်ခဲ့ရဖူးသည်။ ထိုဆောင်းပါးတွင် ဆရာကြီးက ‘‘အလုပ်ဟူသမျှ မိမိ၏ လက်ရာဟူသမျှအကောင်း ချည်းဖြစ်သည်ကို သိရှိယုံကြည်သောသူ၌ ထိုအတွင်းစိတ်သည် အမြဲ ကျေနပ်လျက် ငါတကယ့် ယောက်ျား၊ ငါကားအဖိုးတန်သူ ဖြစ်သည်။

ငါအောက်တန်းမဟုတ်ဟူ၍ ယုံကြည်၍နေသောကြောင့် ထိုလူ၏ အခြေအနေမှာလည်း တစ်နေ့တခြား မြင့်တက်ကာ အဖိုးတန်အသရေရှိအဖြစ်သို့ရောက်ရလေသည်’’ဟူ၍ အလုပ်၏ဂုဏ်ကိုဖော်ညွှန်းထားသည်။

ဤသို့မိမိလုပ်သော အလုပ်ကို ဂုဏ်ကျက်သရေတိုးစေရန်မှာ အဓိကစိတ်ဓာတ်နှင့် စည်းကမ်းပင်ဖြစ်သည်။ မိမိလုပ်သော အလုပ်မှ ငွေကြေးအကျိုးအမြတ်တစ်ခုတည်းကိုသာ မမျှော်ကိုးဘဲ ထိုအလုပ်ကို အကောင်းဆုံးဖြစ်စေ ရမည်ဟူသော စိတ်ဓာတ်မျိုးမွေး မြူနိုင်ရမည်။ မိမိ၏အလုပ်ကြောင့် သူတစ်ပါးမထိခိုက် မနစ်နာစေဘဲ နှစ်ဦးနှစ်ဖက် အကျိုးရှိရမည်ဟူသော စိတ်ဓာတ်မျိုးရှိဖို့ လိုအပ်သည်။

 ဤသို့သော စိတ်ဓာတ်မျိုးမွေးမြူနိုင်သူသည် မည်သို့သော စည်းကမ်းကိုမှ ဖောက်ဖျက်လိမ့် မည်မဟုတ်ချေ။ အရာရာတွင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းနှင့် အညီ နေထိုင်ကျင့်ကြံပေလိမ့်မည်။ ကျွန်တော်တို့ နိုင်ငံသားအများစု စိတ်ဓာတ်ကောင်း၍ စည်းကမ်းကောင်းကြပါလျှင် ကျွန်တော်တို့ ရောက်လိုသော ဒီမိုကရေစီနိုင်ငံ တော်သစ်ဆီသို့ မနှေးအမြန် ရောက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။    ။