ဘယ်နေရာမှာ ဘာတွေလိုနေပါလိမ့်

(တစ်)

စာပေဟောပြောပွဲ ခရီးစဉ်များကို နှင်ကြရလေသည့်အခါ ကျွန်တော်တို့ စီး၍ရတတ်သမျှသော ယာဉ်များကိုစီးကာ နှင်ကြရမြဲဖြစ်ပါသည်။ ကား၊ ရထား၊ သင်္ဘော၊ လေယာဉ် စသည်ဖြင့်။ ကားစီးကြရသည့်အခါ အများသုံး အဝေးပြေးကားကြီးများဖြင့် ခရီး နှင်ရသည်များရှိသကဲ့သို့ သီးသန့်ကားကလေးများငှားကာ လွတ်လွတ်လပ်လပ်သွားကြလာကြရသည့်အခါများလည်း ရှိပါသည်။

ကျွန်တော့်တွင် ကျွန်တော် သွားလေရာရာသို့ လိုက်ပါပို့ဆောင်ပေးသည့် ကားဆရာလေးတစ်ယောက်ရှိပါသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်အကြေအ ညာဝဲယာဒေသအနှံ့အပြားသို့ သူ့ကားကလေးက ပို့ဆောင်ပေးပါသည်။ ကျွန်တော်မှသာ မဟုတ်ပါ။ ကျွန်တော်နှင့် တစ်နွယ်ငင်တစ်စင်ပါဖြစ်ကြသည့် ဆရာ ချစ်ဦးညိုတို့၊ ဆရာမိုးလေဝသ ဒေါက်တာဦးထွန်းလွင်တို့၊ မောင်စိန်ဝင်း (ပုတီးကုန်း)တို့၊ ကိုအော်ပီကျယ်တို့၊ အကြည်တော်တို့၊ အရိုးတို့၊ ကိုညီမင်းညိုတို့၊ ဆရာမဂျူးတို့၊ အစ်မကြီး စမ်းစမ်းနွဲ့ (သာယာဝတီ)တို့၊ ဒေါ်သန်းမြင့်အောင်တို့၊ မနုနုရည် (အင်းဝ)တို့ စသည်စသည်ဖြင့် စာရေးဆရာတော် တော်များများက သူ့ကားကလေး နှင့် ရင်းနှီးပါသည်။

တစ်နေ့သောအခါ မကွေးတိုင်းထဲရှိ ရွာကြီးတစ်ရွာက ကျွန်တော်တို့ကို စာပေဟောပြောပွဲ ဖိတ်ပါသည်။ ကျွန်တော်နှင့် ကာတွန်းဆရာ ကိုအော်ပီကျယ်။

ကျွန်တော်တို့က ရန်ကုန်အ ဝေးပြေးလမ်းမကြီးအတိုင်းသွားကာ နေပြည်တော် ပျဉ်းမနားအလွန်၌ လမ်း၏ ဝဲဘက်သို့ချိုးချကာ နာမည်ကျော် ပဲခူးရိုးမကို ဖြတ်ချပြီး မကွေးသို့သွားရန် ဆုံးဖြတ်ပါသည်။ ကားဆရာကလည်း ထိုလမ်းကြောင်းကို သဘောကျပါ သည်။

သို့ဖြင့် ခရီးနှင်မည့်နေ့၌ ကားပေါ်သို့ရောက်ကြသည့်အခါ ကားဆရာကလေးက သူ့ပစ္စည်းကလေးတချို့ကို ကားပေါ်သို့ တင်ပါသည်။

အဆင်သင့်ထုပ်ပိုးထားပြီး ဖြစ်သည့် ပဲနို့ဘူးကလေးများ။ ပိုက်ကလေးများနှင့် ယှဉ်တွဲလျက်။ကလေးတစ်ယောက် သောက်သုံး ရန် သင့်တင့်သည့်အရွယ်အစား ကလေးများ။ ပက်ကင် (Packing) ဘူးကလေးများက တစ်ဘူးလျှင် ခြောက်ဘူးပါဝင်ပေရာ သုံးလေးထုပ်ဖြစ်သဖြင့် ပဲနို့ဘူး အစိတ်သုံးဆယ်ခန့်ပါဝင်ပါသည်။ ကလေး အယောက်သုံးဆယ်ခန့် သောက်သုံးနိုင်သည့် အရေအတွက်ပဲဖြစ် ပါသည်။

ကျွန်တော်က ဘာလုပ်ဖို့လဲဟု မေးသည့်အခါ ကားဆရာက ကလေးတွေဖို့ဟု ဖြေပါသည်။ ဘယ်ကကလေးတွေလဲဟု ထပ်မေးသည့်အခါ လမ်းမှာတွေ့တဲ့ ကလေးတွေဟု ဖြေပါ၏။ ကျွန် တော်အံ့ဩသွားပါသည်။ လမ်းမှာ တွေ့တဲ့ ကလေးတွေဟု ဆိုသည့် အတွက်။

တကယ်လည်း ပဲခူးရိုးမကြီးကို ဖြတ်သည့်အခါ သူကြိုတင်ဝယ်ယူလာသည့် ပဲနို့ဘူးကလေးတွေက ရိုးမပေါ်ရှိ ကလေးတို့အတွက် ဖြစ်သွားပါသည်။ ပြည်လမ်းမကြီး နှင့် ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီး၏ကြား၌ အလယ်ရိုးမ(ခေါ်) ပဲခူးရိုးမကြီးက ရှည်လည်းရှည်လျားကာ ကျယ်လည်းကျယ် ပြန့်ပါသည်။ ဟိုတစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ အခြေချခဲ့သည့် တောင်နှင့် တောဖြစ်လေရာ မည်မျှအထိ ထူထပ်ခဲ့၊ နက်ရှိုင်းခဲ့လေသလဲဆိုသည်ကို မှန်းဆကြည့်နိုင်ပါသည်။ ထိုတောင်တန်းကြီးပေါ်၌ တောင်ယာစိုက်ပျိုးထားသည့် ရွာကလေးများ၊ ဝါးခုတ်စားသည့်ရွာကလေးများ၊ အမဲလိုက် စားသည့် ရွာကလေးများ၊ သစ်ဆွဲစားသည့် ရွာကလေးများ ဟိုနားစုစု သည်နားစုစုရှိပါသည်။ ကလေးတွေ ကလေးတွေ အရာရာအစစ ငတ်မွတ်ခေါင်းပါးလိုက်ကြတာ။ထို့ကြောင့်ပဲ ထင်ပါ၏။ ယခု ပဲခူးရိုးမ အနောက်ခြမ်းရှိ မြို့များ၊ ရွာများသို့ ခရီးသွားတို့ ခရီးနှင်ကြ လေသောအခါ ပဲခူးရိုးမကြီးပေါ်က ပို၍ ဖြတ်ချသွားကြလေရာ ရိုးမပျော်ကလေးများက ကားလမ်းဘေး၌ရပ်ကာ ပေးလိုရာပေးပါဟူသည့် သဘောဖြင့် လမ်းနံဘေးတွင်ရပ်၍ စောင့်နေကြလေ့ရှိပါသည်။ ထိုမြင်ကွင်းကို မြင်ဖူးသူ ကားဆရာက စောင့်စားသူကလေးငယ်များကို ရည်ရွယ်ကာ ပဲနို့ဘူးကလေးတွေဝယ်တင်လာခဲ့ခြင်းပဲ ဖြစ်ပါသည်။ သူက ပိုက်ဆံပေးရင် ကလေးတွေပျက်စီးမှာစိုးလို့ဟု လည်း ဆိုပါသေးသည်။ ရွာမှာ ဘာမှလည်း ဝယ်မရ၊ စားမရနဲ့ဟု လည်း ထပ်ဆင့်ဆိုလိုက်ပါသေး သည်။

တကယ့်ကိုပဲ ကြည်နူးဖို့ ကောင်းပါသည်။ မော်တော်ကား ဖြတ်သန်းသွားရာ ရိုးမတောင်တန်းကြီး တစ်လျှောက်လုံး၏ လမ်းဘေးဝဲယာ၌ ရပ်နေသည့် ကလေးငယ်များကို ပဲနို့ဘူးကလေးများ ဝေဝေ သွားလိုက်တာ။ ကျွန်တော်ပင် လျှင် သူ့ကို အားကျသွားမိပါရဲ့။

(နှစ်)

ဘယ်နေရာမှာ ဘာလိုသလဲဟု မြော်တတ်မြင်တတ်သူများကို မကြာခဏဆိုသလို ကျွန်တော်တို့ တွေ့ရတတ်ပါသည်။

မော်တော်ကားတစ်စီးဖြင့် မကြာခဏခရီးထွက်တတ်သူ မိတ်ဆွေကြီးတစ်ဦးကမူ သွားလေရာ၌ ရေသန့်ဘူးပေါင်းများစွာကို သယ်ဆောင်သွားလေ့ရှိပါသည်။ သူက မူလမ်းခရီး၌ တွေ့ရလေ့ရှိသည့် လမ်းအလုပ်သမားကဲ့သို့ အခြေခံ လူတန်းစားများ၊ လယ်ခင်းယာခင်းအစပ်၌ ခဏနားနေသူ တောသူတောင်သားများကို ရေသန့်ဘူးများ ဝေငှပေးလေ့ရှိပါသည်။

‘‘သိပ်ကရုဏာသက်ဖို့ ကောင်းတယ်ဗျာ။ မြို့ပေါ်မှာ ဘာမှ မဟုတ်ပေမယ့် ရေသန့်အေးအေးတစ်ဘူးဟာ ဒီလိုနေရာတွေမှာတော့ မဟာဒုလ္လဘတရားတစ်ခုပါပဲ’’

နောက်ခရီးသွားမိတ်ဆွေတစ်ဦးကမူ လေယာဉ်ပေါ်၌ မုန့်ပဲသရေစာများ ဝေသောအခါ မစားသူများ၏ မုန့်ပဲသရေစာများကိုပါ တောင်းယူသွားလေ့ရှိပါသည်။ သူက ဝေးလံခေါင်ဖျားသည့် တောင်ကြားတောကြား တစ်နေနေရာက လမ်းဘေးတစ်နေရာရှိ ကလေးတို့ကို တွေ့သည့်အခါ ဆင်းပေးလေ့ ရှိပါသည်။ တစ်ခါမျှမမြင်ဖူးသည့် မုန့်ဘူးကို အံ့ဩတကြီး စိုက်ကြည့်နေသည့် ကလေးငယ်၏ မျက်လုံးတို့က တကယ့်ကို ကြေကွဲစာနာစရာပဲဖြစ်ပါသည်။

နောက်ထပ် ခရီးသွားသူတစ်ဦးကတော့ ဂျာနယ်၊ မဂ္ဂဇင်းများကိုလ,အလိုက်၊ ရက်အလိုက် အစဉ်အတိုင်း စုဆောင်းသိမ်းဆည်းထားကာ သွားလေရာရပ်ရွာများ၌ ဝေငှထားလေ့ရှိပါသည်။

‘‘ဒီနေရာတွေမှာက ဖတ်စရာ သိပ်ရှားတယ်ဗျာ’’

ဤသည်က သူ့ညည်းညူမြဲ စကား။

(သုံး)

သည့်နှယ် ထို့နှယ်သော လောကကြီးထဲ၌ လျှပ်စစ်မီးပင်မရှိသော ရွာသို့ ကွန်ပျူတာလှူထားသူများကို တွေ့သောအခါ၌မူ ကျွန်တော် အံ့ဩရပါသည်။

ကိုယ့်တွင်ရှိသည့်အရာကို၊ ပိုလျှံနေသည့်အရာကို၊ ရောက်ချင်ရာရောက် ပေးလိုက်သည်ထက် ဘယ်နေရာမှာ ဘာလိုသလဲဆိုသည်ကို စူးစမ်းသည့်စိတ်ဖြင့် ရှုမြင်ဖြည့်ဆည်းနိုင်သူတို့၏ လမ်းများနှင့် တိုးတိုက်မိသူတိုင်းမှာ ကျက်သရေရှိလှပါဘိ။   ။

Top News