ဘူမိဗေဒပညာရှင် ဒေါက်တာကျော်ထွန်းနှင့်တွေ့ဆုံခြင်း

‘‘ဖြူး−ရမည်းသင်းအပိုင်းနဲ့ ခရမ်း−ပဲခူး−ဖြူးအပိုင်းတွေကို အထူးသတိထားသင့်ပါတယ်’’
ဒေါက်တာကျော်ထွန်း (ဓာတ်ပုံ-စိုင်းဇော်)

၂၀၁၇ ဇန်န၀ါရီလဆန်းကစတင်ကာ မြန်မာနိုင်ငံဒေသအချို့ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ နှင့် ၅ အထက်ရှိ ငလျင်များမကြာခဏ လှုပ်ခတ်လာသည်။ အင်အားပြင်းထန်အဆင့်မဟုတ်ခဲ့၍ ထိခိုက်ပျက်စီးမှုမရှိခဲ့သော်လည်း ငလျင်မကြာခဏ လှုပ်ခတ်နေ၍ ဒေသခံများအပြင် မြို့ကြီးများတွင် နေထိုင်သူများပါ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံ သည် လှုပ်ရှားမှုရှိနေသော ပြတ်ရွေ့များပေါ်၌ရှိနေပြီး ယင်းပြတ်ရွေ့များအကြောင်းနှင့် ငလျင် အန္တရာယ်ကြိုတင်သတိပြုနိုင်ရန် ဘူမိဗေဒပညာရှင် ဒေါက်တာ ကျော်ထွန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို 7Day News ဂျာနယ် စာဖတ်ပရိသတ်များဖတ်ရှုရန် ဖော်ပြလိုက်ပါသည်။

ဇန်န၀ါရီ လဆန်းကစပြီး ငလျင် တွေ ခပ်စိပ်စိပ် လှုပ်လာတယ်။ ကလေးဝနဲ့ မော်လိုက်ဘက်မှာရော၊ မန္တလေးတိုင်းဒေသကြီးထဲက သပိတ်ကျင်းမှာရော၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနားရော လှုပ်ခဲ့ပါတယ်။ လှုပ်ရှားတဲ့ဒေသအလိုက် ဘယ်ပြတ်ရွေ့တွေကို သတိထားဖို့လိုမလဲ။

ကလေးဝနဲ့ မော်လိုက်ဘက်မှာလှုပ်ခဲ့တဲ့ ငလျင်တွေကတော့ ကဘော်ချိုင့်ဝှမ်းကိုဖြတ်ပြီး အနောက်ရိုးမတစ်လျှောက် တောင်ဘက်ကိုဆင်းသွားတဲ့ ကဘော် ပြတ်ရွေ့ကြောင့်ဖြစ်ပါတယ်။ အဲဒီပြတ်ရွေ့ဟာ တောင်ဘက်ဆင်း လာတဲ့အခါ မြေပြင်ပေါ်မှာ ပေါ်လိုက်ပျောက်သွားလိုက် ပုံစံမျိုးတွေ့ရပေမယ့် သူ့ရဲ့လှုပ်ရှားမှုမပေါ်တဲ့နေရာတွေမှာလည်း တွေ့နေရပါတယ်။ ဒီအချက်ကို အနောက်ရိုးမအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေက သက်သေပြနေပါတယ်။ မန္တလေးတိုင်းထဲက သပိတ်ကျင်းမှာ လှုပ်ခဲ့တဲ့ ငလျင်တွေကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ မြောက်ပိုင်း အစိတ်အပိုင်း လှုပ်ရှားမှုကြောင့်ဖြစ်တာပါ။ မြစ်ဝကျွန်းပေါ်မှာတော့ သိပ်ပြီးမရှည်ပေမယ့် လှုပ်ခဲ့ဖူးတဲ့ ငလျင်တွေရှိခဲ့ပါတယ်။ ဒေးဒရဲ ပြတ်ရွေ့လို့ ပညာရှင်များကသတ် မှတ်ထားပါတယ်။ ဒီပြတ်ရွေ့တစ်စိတ်တစ်ပိုင်းက ကုန်းပေါ်မှာ ရှိပြီး တစ်ပိုင်းက ပင်လယ်ထဲမှာပါ။ ရခိုင်ကမ်းရိုးတန်းရဲ့ အနောက်ဘက် ပင်လယ်ပြင်ကို ဖြတ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်သွားတဲ့ တွန်းတင်ပြတ်ရွေ့ကြီး လည်းရှိပါသေးတယ်။ အဲဒီပြတ်ရွေ့ကတော့ အိန္ဒိယမြေထုချပ် (Indian Plate) နဲ့ မြန်မာမြေထု ချပ် (Burma (Myanmar) Plate) တို့ ထိတွေ့တဲ့ဇုန်လည်းဖြစ်ပါတယ်။ ဒီပြတ်ရွေ့တစ်လျှောက်မှာလည်း ငလျင်ကြီးတွေ လှုပ်ခဲ့ဖူးပါတယ်။ ဥပမာ ၁၇၆၂ မှာ လှုပ်ခဲ့တဲ့ စစ်တွေငလျင်တို့ သိထားကြတဲ့ငလျင်ကြီးရဲ့ လှုပ်ခတ်မှုကြောင့် ရခိုင်ကမ်းရိုးတန်းဟာ ကိုးပေကျော် မြင့်တက်ခဲ့တဲ့ အထောက်အထားကို မြန်မာ-ဂျပန် ပူးပေါင်းလုပ်ခဲ့တဲ့ သုတေသနက တွေ့ရှိထားပါတယ်။ ဖော်ပြခဲ့တဲ့ မြေထုချပ်နှစ်ခု တိုက်နေမှုနဲ့ သူ့ကြောင့်ပေါ်လာတဲ့ကဘော်ပြတ်ရွေ့ရှင် ရှိနေမှုနဲ့ စစ်ကိုင်းပြတ်ရွေ့ရှင်ရှိနေမှုဟာ ဒေသအလိုက် သတိထားဖို့လိုတဲ့ အချက်တွေပါပဲ။

ငလျင်တွေဘာကြောင့် ခပ်စိပ်စိပ် လှုပ်လာတာလဲ သိပါရစေ။

ဒေသတစ်ခုဟာ ငလျင်ဇုန်မှာတည်ရှိနေပြီး မြေထုချပ်များ ရွေ့လျားမှုကဖြစ်ပေါ်လာတဲ့ ပြတ်ရွေ့ရှင်တွေကနီးနေရင် ငလျင်လှုပ်မှုတွေဖြစ်နိုင်တာ သဘာဝပါပဲ။ ငလျင်လှုပ်တဲ့ဖြစ်စဉ် သုံးမျိုးရှိပါတယ်။ ပြတ်ရွေ့ကြောတစ်လျှောက်မှာ အင်အားတွေစုလာပြီး အဲဒီအင်အားတွေကို မစုစည်းနိုင်တဲ့အခါ လွတ်ထွက်လာခြင်းကို ငလျင်လှုပ်ခြင်းလို့ သတ်မှတ်ကြပါတယ်။ အဲဒီလိုအင်အားတွေ မလွှတ်ထုတ်ခင် အင်အားတချို့ထွက်လာတတ်ပြီး ရှေ့ပြေးငလျင်များ(Fore Shocks) လှုပ်တတ်ပါတယ်။ ဒါပေမဲ့ ငလျင်တိုင်းကတော့ ရှေ့ပြေးငလျင်လှုပ်ချင်မှ လှုပ်တတ်ပါတယ်။ သပိတ်ကျင်း ငလျင်တုန်းကတော့ ငလျင်ကြီး မတိုင်ခင် ရှေ့ပြေးငလျင်ငယ် နှစ်ကြိမ်လှုပ်ခဲ့တဲ့ အထောက်အထား ရှိခဲ့ပါတယ်။ ငလျင်ကြီး (Main Shocks) လှုပ်ပြီးရင်လည်းနောက်ဆက်တွဲငလျင်ငယ်များ (After Shocks) လည်း အမြဲလို လှုပ်ခါပါတယ်။ငလျင်ကြီး (Main Shocks) ပြင်းအားပေါ်မူတည်ပြီးလအနည်းငယ်ကနေပြီး တစ်နှစ်မှ ၂ နှစ်ခန့် အထိကြာတတ်ပါတယ်။

ငလျင်လှုပ်မှုကို စဉ်းစားတဲ့အခါ သူ့ဇုန်အလိုက် ကြည့်တတ်ဖို့လိုပါတယ်။ ကဘော်ပြတ်ရွေ့ဇုန်၊ စစ်ကိုင်းပြတ်ရွေ့ဇုန်၊ ကျောက်ကြမ်းပြတ်ရွေ့ဇုန် စသဖြင့်ပေါ့။ မြေထုချပ်တွေရွေ့လို့ ပြတ်ရွေ့တွေလှုပ်ရှားတဲ့အခါ ဇုန်အလိုက် လှုပ်တာမျိုးတွေရှိနေရင် ငလျင်တွေ စိပ်နေတယ်ထင်ရတတ်ပါတယ်။ ရှေ့ပြေးငလျင်လား၊ငလျင်ကြီးလားဆိုတာ ခေတ်မီနည်းပညာတွေ၊ ကိရိယာတွေလိုနေသေးတဲ့ ကျွန်တော်တို့နိုင်ငံမှာ ခန့်မှန်းဖို့ ခက်ခဲနေဦးမှာပါ။

အခုလောလောဆယ်မှာ မြေ ငလျင်ကော်မတီအနေနဲ့ ပြည်ပ ဘယ်နိုင်ငံက ပညာရှင်တွေနဲ့ ဒေသတွင်းပြတ်ရွေ့တွေကို လေ့လာဆန်းစစ်နေပါသလဲ။

အခုလောလောဆယ်မှာ မြေငလျင်ကော်မတီအနေနဲ့ ဂျပန် နိုင်ငံနဲ့ စင်ကာပူနိုင်ငံက ငလျင်ပညာရှင်တွေနဲ့ပူးပေါင်းပြီးစစ်ကိုင်းပြတ်ရွေ့ကို လေ့လာနေပါတယ်။ ရခိုင်ကမ်းရိုးတန်းကိုလည်း လေ့လာပြီးခဲ့ပါပြီ။ ဒါ့အပြင် စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှာရှိတဲ့ မြို့ကြီးတွေကို အသေးစိတ် ငလျင်အန္တရယ်ပြ ဇုန်တွေကို သု တေသနပြုနေကြပါတယ်။

အခုဆို အထူးသတိပေးထားတဲ့ စစ်ကိုင်းပြတ်ရွေ့ပေါ့။ စစ်ကိုင်း ပြတ်ရွေ့ ဘယ်အပိုင်းတွေကို အဓိကသတိထားရမလဲ။

တကယ်တော့ စစ်ကိုင်းပြတ်ရွေ့ဟာမြန်မာမြေထုချပ် (Burma Plate) နဲ့ အာရှဥရောပ မြေထုချပ် (Eurasian Plate)တို့ ထိတွေ့တဲ့ နှုတ်ခမ်းသတ်ပြတ်ရွေ့ (Boun- dary Fault) တစ်ခုဖြစ်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့ရဲ့ အရှေ့ခြမ်းက တောင်ဘက်ကို၊ အနောက် ခြမ်းက မြောက်ဘက်ကို ဘေးတိုက် တစ်နှစ်ကို ပျမ်းမျှ ၂ စင်တီ မှ ၃ စင်တီအထိ ဘေးတိုက်ရွေ့ နေပါတယ်။ အပိုင်း (Segment) လိုက် လှုပ်ခတ်မှုမတူကြပါဘူး။ ခရမ်း-ပဲခူး-ဖြူးအပိုင်းက လှုပ်ခတ်မှုအပြင်းထန်ဆုံးဖြစ်ခဲ့ပေမယ့် ငလျင်လတ်နဲ့ငလျင်ကြီးများ မ လှုပ်ဘဲငြိမ်နေတာ ၈၆ နှစ်လောက် ရှိပါပြီ။ ရမည်းသင်း-သာစည် အပိုင်းမှာတော့ နှစ် ၁၀၀ ကျော် ကာလအတွင်းမှာ ငလျင်လတ်နဲ့ ငလျင်ကြီးများ လှုပ်ခတ်ခဲ့တဲ့ မှတ်တမ်းများ မရှိခဲ့ပါဘူး။ ငလျင်ပညာ ရှင်တွေအတွက် စိုးရိမ်နေတဲ့ အပိုင်းလည်းဖြစ်နေပါတယ်။ စစ်ကိုင်းပြတ်ရွေ့ရဲ့အပေါ်ပိုင်း (စစ် ကိုင်း-သပိတ်ကျင်းအပိုင်း) မှာတော့ ငလျင်လတ်နဲ့ ငလျင်ကြီး များ ကြိုးကြားကြိုးကြားလှုပ်ခတ်မှုတွေရှိခဲ့ပါတယ်။ အဲဒါကြောင့် ဖြူး-ရမည်းသင်းအပိုင်းနဲ့ ခရမ်း- ပဲခူး-ဖြူးအပိုင်းတွေကို အထူးသတိထားသင့်ပါတယ်။ လူနေထိုင်မှုကလည်း ထူထပ်တယ်လေ။

မြို့နေလူထုအနေနဲ့ ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ဖို့ဆိုရင် ဘယ်အချက်တွေ သတိထားဖို့လိုမလဲ။

ငလျင်ဘေးကို ရှောင်လွှဲလို့မရတော့ လျှော့ချဖို့အတွက် ကြို တင်ကာကွယ်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းများနဲ့ လုပ်ငန်းတွေ ရှိပါတယ်။ ငလျင်အန္တရာယ်ကြို တင်ကာကွယ်ဖို့ အပိုင်းသုံးပိုင်းရှိ ပါတယ်။ ပညာရှင်အပိုင်း၊ပြည်သူ အပိုင်းနဲ့ အစိုးရအပိုင်းတွေဖြစ်ပါတယ်။ ပညာရှင်အပိုင်းအနေနဲ့ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှာရှိတဲ့ ငလျင်အန္တရာယ်များတဲ့ မြို့ ကြီးတွေ (ဥပမာ- စစ်ကိုင်း၊ မန္တလေး၊ သာစည်၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး)နဲ့ ငလျင်အတော် အတန်ရှိတဲ့ မြို့ကြီးတွေ (ဥပမာ- ရန်ကုန်၊တောင်ကြီး) စတဲ့မြို့တွေအတွက် အနုစိတ်ငလျင်အန္တ ရာယ်ပြမြေပုံ (Microzonation Map) ကို ပြုစုထားသင့်ပါတယ်။ ဆွဲထားပြီး မြေပုံတွေကိုလည်း ခေတ်မီကိရိယာတွေသုံးပြီး ပြင် ဆင်ရေးဆွဲဖို့လိုပါတယ်။ စနစ်တကျ ဆောက်လုပ်ရေးအတွက် ဆောက်လုပ်ရေးစည်းမျဉ်း (Building Code) များရေးဆွဲပြီး ငလျင်ဒဏ်ခံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်း (Earthquake Resistant Design Code) ရေးဆွဲပေးရပါမယ်။ အခုက ရေးဆွဲပြီး သက်ဆိုင်ရာကို တင်ပြထားပါတယ်။

ပြည်သူအပိုင်းအနေနဲ့ငလျင်ဇုန်မှာနေတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့အဆောက်အအုံကို ခိုင်ခံ့အောင် ဦးစားပေးဖို့လိုအပ်ပါတယ်။ ကန်ထရိုက်ကို အပ်မယ်ဆိုရင်လည်းသေချာစစ်ဆေးကြည့်ရှုပေးဖို့ လိုအပ်ပါတယ်။ အိုမင်းနေတဲ့ တိုက်တာအဆောက်အအုံတွေကိုတော့ ဖြိုဖျက်ပြီး အသစ်ဆောက်ရပါမယ်။ နေသင့်သေးတယ်လို့ ယူဆရင်လည်းအင်ဂျင်နီယာတွေနဲ့တိုင်ပင်ပြီး အားဖြည့် ပြင်ဆင်မှုတွေ(Retrofitting) လုပ်ပေးဖို့လိုပါတယ်။

အစိုးရအပိုင်းကတော့ ပညာရှင်များတင်ပြထားတဲ့ ဆောက်လုပ်ရေးစည်းမျဉ်း (Building Code) တွေ၊ ရေးဆွဲပြီးငလျင်ဒဏ်ခံ အဆောက်အအုံဆိုင်ရာ စည်း မျဉ်း (Earthquake Resistant Design Code) တွေကို အတည် ပြုပြဋ္ဌာန်းခြင်း၊ နည်းဥပဒေပြဋ္ဌာန်း ပေးခြင်းတွေ ပြုလုပ်ပေးဖို့လိုပါတယ်။ အများသုံးအဆောက်အအုံတွေ၊ အထပ်မြင့်တိုက်ကြီးတွေ၊ တံတားနဲ့ ဆည်ကြီးတွေကို စံချိန်စံ ညွှန်းမီအောင် ဆောက်လုပ်ဖို့ ကြပ်မတ်စစ်ဆေးပေးဖို့ လိုပါတယ်။ ငလျင်နဲ့တွဲဖြစ်တတ်တဲ့ မီးလောင်မှုတွေကိုငြှိမ်းသတ်နိုင်ဖို့အတွက်  ပြင်ဆင်ထားဖို့လိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးတွေအတွက်လည်း  ပြင်ဆင်ထားရပါမယ်။ ငလျင်သဘောသဘာဝကို လေ့လာနိုင်ဖို့ ငလျင်သုတေသန စင်တာတစ်ခုကို အစိုးရက ထူထောင်ပေးဖို့လိုအပ်ပါတယ်။

အရင်အစိုးရလက်ထက်ကတော့ ငလျင်လို သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် မြင်သာတဲ့ လှုပ်ရှားမှု မတွေ့ခဲ့ပါဘူး။ဒီအစိုးရလက်ထက်မှာတော့မြေငလျင်ဖိုရမ်လို လုပ်ခဲ့ပြီး သတိပေးတာတွေ လုပ်လာတာ တွေ့ရတယ်။အစိုးရအနေနဲ့ လူထုအတွက် ငလျင်ဘေး နဲ့ပတ်သက်လို့ ဘာတွေ ဆက်လုပ်ဖို့လိုမယ်လို့ အကြံပေးချင်ပါလဲ။

အရင်အစိုးရလက်ထက်မှာ ဖိုရမ်တွေတော့လုပ်ပါတယ်။ ဒါပေမဲ့ NGO တွေက ဦးဆောင်လုပ်တာများပါတယ်။ အားပေးမှု နည်းတယ်ထင်ရတယ်။ ငလျင်စင်တာ တည်ထောင်ဖို့တင်ပြထားတာလည်း အကြောင်းပြန်တာမျိုးမရှိ ခဲ့ပါဘူး။ အစိုးရအနေနဲ့ မြန်မာ ပြည်အတွက် ငလျင်ပညာရှင်တွေ (Earthquake Seismologists) နဲ့ ငလျင်အင်ဂျင်နီယာတွေ မွေးထုတ်နိုင်ဖို့ ပညာသင်တွေကို ငလျင်ပညာထွန်းကားတဲ့ နိုင်ငံတွေဆီကို စေလွှတ်ပေးဖို့ အကြံပြုလိုပါတယ်။

ကျေးဇူးတင်ပါတယ်။
 

Top News