ဒုံးကျည်စမ်းသပ်မှုနှင့်အတူ ပြိုင်ဆိုင်မှုပြင်းထန်လာသည့် အာရှစူပါပါဝါ နှစ်နိုင်ငံ

အိန္ဒိယကာကွယ်ရေးသုတေသနနှင့်ဖွံ့ဖြိုးရေးအဖွဲ့အစည်းက ထုတ်ပြန်ထားသောပုံ၌ Agni-V ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်နေစဉ် DRDO / EPA

အိမ်နီးချင်းနိုင်ငံများ ဖြစ် ကြပြီး ကမ္ဘာပေါ် တွင် လူဦးရေ အ များဆုံးနိုင်ငံများလည်း ဖြစ်ကြသည်။ အသစ်လွင်ဆုံး စူပါပါဝါနိုင်ငံနှစ်ခုလည်း ဖြစ်ပြန်သည်။ ယခုအခါတွင်မူ အိန္ဒိယနှင့် တရုတ်တို့၏ ဘက်ပေါင်းစုံမှ ပြိုင်ဆိုင်မှု သည် နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းလာခဲ့ပြီဖြစ်သည်။


ဒီဇင်ဘာအတွင်း အိန္ဒိယကAgni-V အမျိုးအစား တိုက်ချင်းပစ်ဒုံးကျည် (ICBM) တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် နိုင်ခဲ့ကြောင်း ကြေညာချက်ထုတ် ပြန်ခဲ့သည်။ အဆိုပါ ဒုံးကျည်သည် တာဝေးပျံသန်းနိုင်ပြီး 
နျူကလီးယား ထိပ်ဖူးများပါ တပ်ဆင်နိုင် စွမ်းရှိသည်။

အိန္ဒိယသည် နျူကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံတစ် ခုဖြစ်သည့်တိုင် ယခင်က တရုတ် ပိုင်နက်ထိ တိုက်ရိုက်ပစ်ခတ်နိုင် သော ဒုံးကျည်မျိုးမရှိခဲ့ချေ။ သို့သော် Agni-V ကို နောက်ဆုံးစမ်း သပ်မှုအပြီးတွင် အခြေအနေအား လုံး ပြောင်းလဲသွားခဲ့သည်။ သီအိုရီအရ အဆိုပါဒုံးကျည်ဖြင့် တရုတ်ကို အိန္ဒိယက ထိထိရောက်ရောက်တိုက်ခိုက်နိုင်စွမ်း ရှိလာပြီဖြစ် သည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အဆိုပါဒုံးကျည်စမ်းသပ် မှု အောင်မြင်ကြောင်း သတင်းကိုTwitterတွင် အတည်ပြုခဲ့ပြီး နောက် ‘‘အိန္ဒိယနိုင်ငံသားတိုင်း ဂုဏ်ယူရအောင် စွမ်းဆောင်နိုင်ခဲ့ ပြီ’’ဟု ရေးသားဖော်ပြခဲ့သည်။ တစ်ဖက်တွင်မူ တရုတ်၏ အမျက်ဒေါသကို အိန္ဒိယက ထက်ထက် သန်သန်ဆွလိုက်သကဲ့သို့ ဖြစ်နိုင် ကြောင်း ဝေဖန်မှုများ စတင်ထွက် ပေါ်လာသည်။

အိန္ဒိယနှင့် တရုတ်တို့တွင် စုစုပေါင်း နေထိုင်သူဦးရေ ၂ ဒသမ ၅ ဘီလီယံမျှ ရှိသည်။ လွန်ကဲစွာ စိတ်ကူးယဉ်ဆန်းစစ်သူ အချို့က ထိုနှစ်နိုင်ငံနျူကလီးယားစစ်ပွဲ ဖြစ်လာပါက အာရှတိုက်တစ်ခုလုံး၏နိုင်ငံရေးရပ်တည်မှု ကွန်ရက်
တစ်ခုလုံး ဆိုးရွားစွာ ပြိုကွဲ ပျက်စီးသွား လိမ့်မည်ဟုပင် သုံးသပ်ကြသည်။ လက်တွေ့အားဖြင့် ထိုကဲ့သို့အခြေအနေမျိုး ရောက်ရှိရန် ဖြစ်နိုင် ခြေ နည်းပါးလွန်းသော်လည်း Agni-V ဒုံးကျည်ကြောင့် တရုတ် နှင့် အိန္ဒိယကြား ရန်စောင်နေမှုကို ပိုမို မြင့်တက်သွားစေလိမ့်မည်ဟု တရုတ်အမျိုးသားနိုင်ငံတကာ လေ့လာရေးအဖွဲ့ကြီးမှ ဒါရိုက်တာဗစ်တာဂေါင်က သုံးသပ်ခဲ့သည်။

‘‘စိတ်ကူးယဉ် အဆင့်မှာပဲ အဲဒီစစ်ပွဲဖြစ်နိုင်ခြေကို တွေးကြည့် ရအောင်။ နှစ်ဖက်စလုံးမှာ နျူကလီးယားလက်နက်တွေရှိတယ်။ တစ်နိုင်ငံရဲ့ ပိုင်နက်ထိ တခြားနိုင်ငံက တိုက်ခိုက်နိုင်တယ်။  ပြောရရင်တော့ တကယ့်ကို ခွကျတဲ့ အခြေအနေပါပဲ။ တရုတ်နဲ့ အိန္ဒိယဟာ ပူးပေါင်းရပ်တည်ဖို့ မစဉ်းစားဘဲ အရေးပါဆုံး ရင်းမြစ်တွေကို တလွဲအသုံးချသလို ဖြစ်နေကြ တယ်’’ဟု ဂေါင်က CNN သို့ ပြော ကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟွာချွန်ယင်းက အိန္ဒိယ၏ ဒုံးကျည် စမ်းသပ်မှုသည် ကုလသမဂ္ဂစံနှုန်းများနှင့် ကိုက်ညီပါက မိမိတို့အနေဖြင့် ကန့်ကွက်ရန် အကြောင်းမရှိ ကြောင်း၊ အိန္ဒိယနှင့် လက်နက် ပြိုင်ဆိုင်နေရန်ထက် လက်တွဲဖော် အဖြစ် ပူးပေါင်းဆောင်ရွက်ရန် ပိုမို လိုလားကြောင်း သံတမန်ဆန်ဆန် ပြောကြားခဲ့သည်။ သို့သော် လက် တွေ့လားရာသည် ထိုကဲ့သို့ မဟုတ်နိုင်ကြောင်း တစ်ကမ္ဘာလုံး သိထားပြီး ဖြစ်သည်။

Agni-V၏ ပျံသန်းနိုင်စွမ်း သည် တရုတ်ပိုင်နက်ကို ခြိမ်း ခြောက်နေသော်လည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက မိမိတို့၏ ကာကွယ်ရေး စွမ်းရည်မြှင့်တင်မှုသည် မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်ရန် မရည်ရွယ်ဟု ဆိုသည်။

‘‘ဒါဟာ ကာကွယ်ရေးစွမ်း ရည်မြှင့်တင်မှုအတွက် စမ်းသပ်ချက် သက်သက်ပါ။ ဘယ်နိုင်ငံ ကို ရည်ရွယ်ပါတယ်ဆိုတာမျိုး လုံးဝမဟုတ်ဘူး’’ဟု ၎င်းက ဖြေရှင်းခဲ့ သည်။ မည်သို့ပင်ဖြစ်စေ ယခုဒုံးကျည်ကိစ္စက သမိုင်းကြောင်း ပြိုင်ဆိုင်မှုကြီးမားခဲ့သည့် တရုတ်-အိန္ဒိယဆက်ဆံရေးကို နိုင်ငံတကာက ပိုမိုအာရုံစိုက်စေမည့် စေ့ဆော် မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

‘‘အိန္ဒိယရဲ့ ICBM ဒုံးကျည် စမ်းသပ်မှုကို တရုတ်အပါအဝင် အားလုံးက စိုးရိမ်သင့်ပါတယ်။ အဓိကအကြောင်းရင်းက ဒီဒုံး ကျည်ရဲ့ ပျံသန်းရောက်ရှိနိုင်စွမ်း ကြောင့်ပါ။ အာရှတိုက်က နိုင်ငံအတော်များများကို အိန္ဒိယက ခြိမ်းခြောက်နိုင်စွမ်း ရှိလာပြီ။ ဒါဟာနိုင်ငံတိုင်းရဲ့ အမျိုးသားရေးနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်ရေး ကို ထိပါးလာစေနိုင်တယ်’’ဟု ဟောင်ကောင်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခတစ်ဦးဖြစ်သော ဗော်နီချူးက မှတ်ချက်ပေး
ခဲ့သည်။

အိန္ဒိယနှင့် တရုတ်တို့သည် နယ်စပ်အငြင်းပွားမှုကို အခြေခံ သည့် စစ်ပွဲတစ်ခု ၁၉၆၀ ပြည့်လွန် နှစ်များအတွင်း ဆင်နွှဲခဲ့ဖူးသည်။ လက်ရှိအချိန်ကာလတွင်လည်း ဘင်္ဂလားပင်လယ်အော်ဘက် ပင်လယ်ထွက်ပေါက် ရယူပြီး အိန္ဒိယသမုဒ္ဒရာကို စိုးမိုးရန် ခြေလှမ်းပြင်

လာသည့် တရုတ်၏ ရည်မှန်းချက်ကလည်း အိန္ဒိယကို တပ်လှန့်သ ကဲ့သို့ ဖြစ်လာခဲ့သည်။ တရုတ်၏ ခြေလှမ်းကြောင့် အိန္ဒိယသည် ပြိုင်ဘက်အမေရိကန်နှင့်ပင် ပူးပေါင်းကာ အိန္ဒိယသမုဒ္ဒရာကင်းလှည့်လုပ်ငန်းစဉ်များကို
မြှင့်တင်ရန် သဘောတူခဲ့ရသည်။

 သမ္မတစီကျင်းပင်လက် ထက်တွင် နိုင်ငံတကာ၌ အင်အားကြီးပုံရိပ်တစ်ခုအဖြစ် ရပ်တည် ရန် တရုတ်က အစွမ်းကုန်ကြိုးစား  လာနေချိန်တွင် အိန္ဒိယက နျူကလီးယားထိပ်ဖူးတပ် တာဝေးပစ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ
စမ်းသပ်ပြခဲ့ခြင်း ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယတို့သည် ပြည်တွင်းတွင်တိုက်လေယာဉ်များ လက်တွေ့ တည်ဆောက်ခြင်းကဲ့သို့ စစ်ဘက်နည်းပညာနယ်ပယ်အသီးသီး တွင်လည်း အပြိုင်အဆိုင်ဖြစ်နေ ကြသည်။

တုတ်ထိုးအိုးပေါက် ပြောဆိုတတ်သူတစ်ဦးအဖြစ် နာမည် ကျော်သော အိန္ဒိယကာကွယ်ရေး ဝန်ကြီး မာနိုဟာ ပါရီကာက အိန္ဒိယ အနေဖြင့် ကိုယ်ပိုင်နျူကလီးယား လက်နက်စွမ်းရည်ကို မြှင့်တင်ရာ၌ မည်သည့်အတွက်မျှ
နှောင့်နှေးနေစရာမလိုဟု ဆိုသည်။

‘‘နျူကလီးယားပိုင်တဲ့ နိုင်ငံ တစ်ခုအနေနဲ့ နျူကလီးယားစွမ်းရည်ကို မြှင့်တင်တာ ဘာဆန်းသ လဲ။ ကျွန်တော်ဟာ ဒီနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍကို တာဝန်ခံသူဖြစ် တယ်။ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်ဟာ မှန်ကန်
သင့်တော်တယ်လို့ ယုံတယ်’’ဟု ပါရီကာက ပြောကြားခဲ့သည်။

အိန္ဒိယအတွက် နျူကလီး ယားလက်နက်စွမ်းရည်မြှင့်တင်နိုင်ခြင်းသည် တရုတ်နှင့် ဆက်ဆံရေးအပြင် ပါကစ္စတန်နှင့် အားပြိုင် မှုအတွက်ပါ အရေးပါလျက်ရှိ သည်။ ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ရေးအတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြားနယ်မြေလု စစ်ပွဲများ ယခင်ကတည်းက ဖြစ်ပွားခဲ့သည်။ ယခုတိုင်လည်း ထိုပဋိပက္ခ အဆုံးမသတ်သေးချေ။ ထို့ကြောင့်တာဝေးပစ် ICBM ဒုံးကျည်တစ် စင်း စမ်းသပ်ပြလိုက်ခြင်းသည် အိန္ဒိယအနေဖြင့် တစ်ချက်တည်းနှင့် ငှက်နှစ်ကောင် ပစ်ပြလိုက်နိုင် ခြင်းဟု နိုင်ငံတကာရေးရာ သုတေ သီများက သုံးသပ်သည်။

Agni-V ဒုံးကျည်သည် ကီလိုဂရမ်ငါးသောင်းမျှ လေးလံပြီး ၁၂ ဒသမ ၅ မီတာ လေးလံသည်။ မြန်နှုန်းအားဖြင့် ၂၄ မတ်ခ်ျထိ ရောက်ရှိနိုင်ပြီး ခရီးအကွာအဝေး ကီလိုမီတာ ၅,၅၀၀ မှ ၅,၈၀၀ ကြားထိ ဆက်တိုက် ပျံသန်းနိုင်စွမ်း ရှိနေကြောင်း သိရသည်။ ယခင်က အိန္ဒိယ၏ တာဝေးအရောက်နိုင်ဆုံး ဒုံးကျည် မှာ Agni-IV ဖြစ်ပြီး ကီလိုမီတာ ၃,၅၀၀ ထက် မပိုချေ။ Agni-V ကို အိန္ဒိယ အလယ်ပိုင်းမှ ပစ်ခတ်မည် ဆိုပါက တရုတ်အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ အပြင် အရှေ့တောင်အာရှဒေသတစ်ခုလုံး နီးပါး၊ အနောက်ဘက်တွင် ဥရောပအလယ်ပိုင်း၊ အာဖရိက မြောက် ပိုင်းနှင့် အနောက်မြောက်ပိုင်း ဒေသများထိ လွှမ်းခြုံထားနိုင်မည် ဖြစ်သည်။

တရုတ်အမျိုးသားနိုင်ငံတကာ လေ့လာရေးအဖွဲ့ကြီးမှ ဒါရိုက်တာ ဂေါင်က ‘‘ဒီနေ့ခေတ်မှာတော့ အိမ်နီးချင်းနိုင်ငံတစ်ခုကို နျူကလီးယားနဲ့ တိုက်ခိုက်တာမျိုး ဘယ် သူမှ လုပ်ကြမှာ မဟုတ်ပါဘူး။ ဒါဟာ လုံးဝဥဿုံလွဲမှားတဲ့ မူဝါဒ

မျိုး ဖြစ်နေမှာကိုး။ ဘာပဲဖြစ်ဖြစ်ပါ၊ အိန္ဒိယမှာ ICBM ဒုံးကျည်စွမ်းဆောင်ရည် မြင့်မြင့်မားမားရှိ လာခြင်းဟာ တရုတ်အတွက်တော့ စိုးရိမ်စရာဖြစ်နေမှာ သေချာပါ တယ်’’ဟု ဝန်ခံခဲ့သည်။

မိုဒီသည် ၎င်းဝန်ကြီးချုပ် ဖြစ်လာကတည်းက တရုတ်နှင့် ဆက်ဆံရေးကို ပြောင်းလဲမွမ်းမံလို ကြောင်း လူသိရှင်ကြားပြောဆိုခဲ့ သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၄ က လူချင်းတွေ့ဆုံဆွေးနွေးခဲ့သလိုအပြန်အလှန် ပူးပေါင်း
ဆောင်ရွက်မှုများ မြှင့်တင်ရန် သဘောတူညီမှု များ ရှိခဲ့သည်။ သို့သော် တစ်ဖက်တွင် လက်နက်ရေးရာပြိုင်ဆိုင်မှု များက လျော့ပါးမသွားခဲ့ချေ။ ၎င်း နှစ်နိုင်ငံကြားတွင် ပါကစ္စတန်က ဝှက်ဖဲတစ်ချပ်ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

ပါကစ္စတန်သည် ကိုယ်ပိုင် နျူကလီးယားလက်နက်တိုက်ကို တည်ထောင်ထားပြီး ဖြစ်သလို အိန္ဒိယနှင့် ကာလရှည်ရန်ညှိုးဖွဲ့ ထားသည့်အပြင် တရုတ်နှင့် ရင်းနှီးသော ဆက်ဆံရေးမျိုးတည်ဆောက်ထားသည်။ ထိုအချက် ကြောင့် အိန္ဒိယကလည်း အမေရိ ကန်နှင့် ဆက်ဆံရေးကို ပြန်လည် ဘက်ညီသင့်လျော်စေရန် မဟာ ဗျူဟာချ လုပ်ဆောင်လာခဲ့သည်။ တစ်နည်းအားဖြင့် အိန္ဒိယနှင့် တရုတ်၏ ပြိုင်ဆိုင်မှုသည် နျူကလီးယား ပိုင်သော နိုင်ငံများကြား
လေးပွင့်ဆိုင် ရပ်တည်မှု တစ်ခုကို ပေါ်ပေါက်လာစေခဲ့သည်။

အမေရိကန်စစ်ဘက်ကော လိပ်မှ အမျိုးသားလုံခြုံရေးဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သူ ပက်ထရစ်ဘရက်တန်က အိန္ဒိယ၏ ဒီဇင် ဘာဒုံးကျည်စမ်းသပ်မှုသည် စိတ်ဝင်စားစရာ ဖြစ်သော်လည်း ပြည့်စုံသည့် စွမ်းဆောင်ရည်မျိုး ရရှိရန်နောက်ထပ် စမ်းသပ်ချက် အသစ်များ ပြုလုပ်ရန် လိုအပ်နေဆဲဆိုသော အချက်ကို ထောက်ပြခဲ့ သည်။

‘‘တစ်ဖက်က တွေးကြည့်ရင် တော့ အိန္ဒိယဟာ သူတို့ရဲ့ ဒုံးကျည်စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ဆယ်စုနှစ်နဲ့ချီ ကြိုးစားနေခဲ့ပြီး သားပါ။ Agni-Vကို စမ်းပြလိုက် တဲ့ အခြေအနေမျိုး တရုတ်က မျှော်လင့်ထားပြီးသား ဖြစ်မှာပါ။ ဒီကိစ္စကြောင့် တရုတ်-အိန္ဒိယဆက်ဆံ ရေးမှာ ပိုတင်းမာသွားမယ် ဆိုပေမယ့် အဆုံးစွန်ဆိုးရွားတဲ့ အနေအ ထားတော့ ရောက်မသွားဖို့ မျှော်လင့်ရပါမယ်’’ဟု ၎င်းက ပြောကြားခဲ့သည်။

စာရင်းများအရ တရုတ်သည် ကမ္ဘာပေါ်တွင် နျူကလီးယားထိပ်ဖူးပိုင်ဆိုင်မှု စတုတ္ထ အများဆုံး နိုင်ငံအဖြစ် ရှိနေပြီး နျူကလီးယား ထိပ်ဖူး ၂၆၀ မျှ ရှိနေသည်။ ယင်း အရေအတွက်သည် အိန္ဒိယ၏ ပိုင်ဆိုင်မှုထက် နှစ်ဆကျော် ပိုများသည်။                   

—Ref:CNN

Top News