စီမံကိန်းများကို အကြိုရင်ခွဲစစ်ဆေးဖို့လိုသည်

မဟာရန်ကုန်မြို့ပြစီမံကိန်းမဟာဗျူဟာ ၂၀၄၀ ကို အစိုးရသစ်လက်ထက်မှာ ပြန်လည်ပြုပြင်ရေးဆွဲခိုင်းကြောင်း သိရှိရပါတယ်။ ယခင်အစိုးရလက်ထက်က မြို့သစ်ခုနစ်မြို့တည်ဆောက်ရန် အစီအစဉ်များ ပါဝင်ခဲ့တဲ့စီမံကိန်းတစ်ရပ်ဖြစ်ပြီး ယခုလို ပြန်လည်စိစစ် ရေးဆွဲစေခြင်းဟာ အလွန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ စီမံကိန်းတို့ မည်သည်ဘက်ပေါင်းစုံမှ အထပ်ထပ်စစ်ဆေးလေ ပိုကောင်းလေပါပဲ။ အနာဂတ်ကာလမှာ ဖြစ်ပေါ်ရင်ဆိုင်ရမယ့် လူ့ပယောဂ၊ သဘာဝဘေး အန္တရာယ်ပယောဂ၊ ငွေကြေး ပယောဂတွေကို ကြိုတင်မျှော်မှန်း ရေးဆွဲရတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။

လူအများပါဝင်ရေးဆွဲထားတဲ့ စီမံကိန်းတစ်ရပ်ကို မဆိုထားနဲ့ စာရေးသူတို့ လူတစ်ဦးချင်းအနေ နဲ့ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်ဇယားတစ်ခု ရေးဆွဲတာပင် မလွယ်ကူပါဘူး။ လုပ်ချင်တာတွေ သိပ်များပြီး တကယ် တမ်းမလုပ်နိုင်တာ၊ မလုပ်ဖြစ်တာ၊ လုပ်လို့မရတာတွေနဲ့ အများကြီး ကြုံတွေ့ရပါတယ်။ ကျောင်းသားဘဝက စာကြည့်စားပွဲရှေ့မှာ စာကျက်ရမယ့်အချိန်ဇယားကို နှစ်စကပင် ရေးဆွဲဖော်ပြထားတာ မှတ်မိပါသေးတယ်။ ဇယားကို ကြည့်ပြီး အဖေနဲ့အမေက ‘‘ဒါမှ ငါ့သား။ ဒီနှစ်တော့ စာမေးပွဲကို အလွယ်လေးနဲ့ အောင်မှာ’’လို့ အားပေးကြပါတယ်။ လက်တွေ့မှာတော့ အချိန်ဇယားဟာ အချိန်များစွာ နံရံမှာ အထီးကျန်ခဲ့တာများပြီး စာမေးပွဲကြီးနီးမှ နေ့မအိပ် ညမအိပ် အသေအလဲဖတ်ရ၊ ကျက်ရတော့တာပါပဲ။ ဒီနေရာမှာ ကနေဒါနိုင်ငံက စိတ်ပညာရှင် Roger Buehler ရဲ့ သုတေသနတွေ့ရှိချက်တစ်ရပ်ကို ဖော်ပြလိုပါတယ်။ သူဟာ စာတမ်းတင်ကြရမယ့် နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်း သားတစ်ဦးချင်းကို စာတမ်းပြုစုရမယ့် လုပ်ငန်းအတိုင်းအတာနဲ့ မိမိတို့ စွမ်းရည်ကို ချင့်ချိန်ပြီး အမှန်တကယ်ပြီးစီးမည့် နေ့ရက်နဲ့ ဆိုးရွားသော အခက်အခဲများ ကြုံရခြင်းကြောင့် နောက်အကျဆုံးပြီးစီးမည့် နေ့ရက်ဆိုပြီး နှစ်မျိုးခွဲတင် ပြခိုင်းပါတယ်။ အဲဒီနောက် စာတမ်းပြုစုကြတဲ့အခါ ၃၀ ရာခိုင်နှုန်းသော ကျောင်းသားများသာလျှင် အမှန်တကယ်ပြီးစီးပါမယ်ဆိုတဲ့ နေ့ရက်မှာ ပြီးစီးကြောင်း သိရှိ ရပါတယ်။ ပျမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းသော ကျောင်းသားတွေသာ မိမိစီစဉ်ထားတဲ့အတိုင်း ပြီးစီးလေ့ရှိပြီး ကျန်ကျောင်းသားတွေ ဟာ ဆိုးရွားသော အခက်အခဲများ ကြောင့် နောက်အကျဆုံးဖြစ်မယ် လို့ ခန့်မှန်းတဲ့ရက်ထက် ရက်သတ္တတစ်ပတ် ပိုပြီးနောက်ကျခဲ့သေးတာ တွေ့ရှိရကြောင်း သိရပါတယ်။

အဲဒီ စစ်ဆေးတွေ့ရှိချက်က ဘာကိုပြသလဲဆိုရင် လူဆိုတာ မိမိအမှန်တကယ်လုပ်နိုင်မယ့် စွမ်းအားကို ပိုပြီးခန့်မှန်းလေ့ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီအတိုင်းပါပဲ စီမံကိန်းတွေမှာ လုပ်နိုင်တာထက် ပိုမိုခန့်မှန်းပြီး ဖြစ်ချင်တာတွေအားလုံး ရှေ့တန်းတင်တဲ့အတွက် လက်တွေ့ဘဝနဲ့ အလွဲလွဲအချော်ချော် ဖြစ်လေ့ရှိတာ တွေ့မြင်နိုင်ပါတယ်။ ဩစတြေးလျနိုင်ငံရဲ့ အော်ပရာကပွဲရုံကြီးကို ၁၉၅၇ ခုနှစ်က စီမံကိန်းရေးဆွဲခဲ့ပါတယ်။ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ခုနစ်သန်းနဲ့ ၁၉၆၃ ခုနှစ်မှာ ပြီးစီးမယ်လို့ စီမံကိန်းသတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ ပညာရှင်ပေါင်းများစွာ စုဝေးဆောင်ရွက်တဲ့ စီမံကိန်းပါပဲ။ လက်တွေ့မှာ ၁၀ နှစ်နောက်ကျပြီး ၁၉၇၃ ခုနှစ်ကျမှ ပြီးစီးခဲ့ပါတယ်။ ကုန်ကျစရိတ်မှာလည်း ဒေါ်လာ ၁၀၂ သန်းအထိရှိခဲ့ပြီး မူလခန့်မှန်းငွေထက် ၁၄ ဆတိတိ ပိုမိုကုန်ကျခဲ့ရပါတယ်။ အဲဒီလို စီမံကိန်းအမှားများကို Planning Fallacy လို့ ခေါ်ဆိုပါတယ်။ မြန်မာတွေက ‘တွက်ရေးတော့ စက်သူဌေး၊ တွက်ကြည့်တော့ စက်မရှိ’ တဲ့ စီမံကိန်းလို့ ဆိုလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလိုဖြစ်ခဲ့တဲ့ စီမံကိန်းတွေ အများကြီးရှိခဲ့ပါတယ်။

အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင်း အချက်နှစ်ချက်ကို တွေ့ရှိနိုင်ပါတယ်။ ပထမအချက်က စီမံကိန်းနဲ့ပတ်သက်ပြီး အဆုံးအဖြတ်ပေးနိုင်သူတွေအကြိုက် လိုက်ရေးတာ (သို့မဟုတ်) အဆုံးအဖြတ်ပေးနိုင်သူတွေဟာ မိမိတို့ စိတ်အလိုရှိတဲ့အတိုင်း ပြီးမြောက် ပြည့်စုံစေလိုသော ဆန္ဒလွန်ကဲမှု၊ တစ်နည်းအားဖြင့် လောဘကြီးမှုကြောင့် ဖြစ်ပါတယ်။ ဥပမာပြရရင် မြစ်ဆုံစီမံကိန်းပဲ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ စီမံကိန်းရဲ့ အဇ္ဈတ္တကို အထူးအာရုံစိုက်ပြီး ဗဟိဒ္ဓကို မေ့ထားလေ့ရှိခြင်းဖြစ်ပါ တယ်။

ပြင်ပလောကမှာရှိတဲ့ မတူခြားနားတဲ့ အမြင်များ၊ ပယောဂများ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအခြေအနေများ၊ အလားတူ သာဓကများကို လေ့လာသုံးသပ်မှု အားနည်းကြတာလည်း ဖြစ်ပါတယ်။ ဖဆပလခေတ်က ပြည်တော်သာစီမံကိန်းဟာ ဗဟိဒ္ဓအခြေအနေကို တွက်ချက်ရာမှာ အားနည်းလို့ အောင်မြင်မှုမရရှိခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယားစစ်ပွဲကာလ ဆန်လိုအပ်ချက်မြင့်မားမှုအရ မြန်မာနိုင်ငံက တင်ပို့ရာမှာ ရရှိမယ့် ဝင်ငွေကိုအားပြုပြီး ‘လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ ကားတစ်စီးနဲ့ ငွေရှစ်ရာ’ လို့ ကြွေးကြော်ခဲ့ပါတယ်။ ကိုရီးယားစစ်ပွဲ အမြန်ပြီးသွားလို့ ဆန်မရောင်းရတော့ဘဲ ဝင်ငွေကျ ဆင်းသွားပြီး စီမံကိန်းအသုံးစရိတ်တွေကို ဆက်လက်မကျခံနိုင်တော့ကြောင်း သိရှိခဲ့ရပါတယ်။

အထက်ပါအချက်နှစ်ချက် အခြေခံပြီး Planning Fallacy နဲ့ မကြုံရအောင် ဆွစ်လူမျိုး စာရေးဆရာ စီးပွားရေးဒဿနပညာရှင် ဒေါက်တာရော့ဖ်ဒိုဘဲလီ (Rolf Dobelli)ရဲ့ အဆိုအမိန့်တစ်ရပ်ကို ပြောပြချင်ပါတယ်။ သူ့ရဲ့အဆိုအရ အရေးကြီးသော လိုအပ်ချက်တစ်ရပ်အဖြစ် စီမံကိန်းနဲ့ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ခြင်း မပြုမီ ‘အကြိုရင်ခွဲစစ်ဆေးခြင်း’ (Premortem) ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ အဲဒီစကားလုံးက သူတီထွင်တဲ့ စကားလုံးထင်ပါတယ်။ အဘိဓာန်မှာ ရှာလို့မတွေ့ပါဘူး။ လူတွေကို ဘာရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းအမှန်ကိုသိဖို့၊ သေပြီးတဲ့အခါ ရင်ခွဲစစ်ဆေးတာကို (Postmortem)လို့ ခေါ်ကြပါတယ်။ စီမံကိန်းတစ်ရပ်ကိုတော့ နောက်ဆုံးအတည်မဖြစ်ခင်မှာ ဘယ်နေရာတွေမှာ အားနည်းချက်တွေ ရှိနေသေးလဲဆိုတာကို ကြို တင်စစ်ဆေးမှု အသေးစိတ်လုပ်သင့်ကြောင်းနဲ့ ဒါကို ‘အကြိုရင်ခွဲ စစ်ဆေးခြင်း’ လို့ သုံးနှုန်းတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အဆိုးဆုံးအတွက် အကောင်းဆုံးပြင်ဆင်ဖို့ အဓိကဦးတည်ခြင်းလည်း ဖြစ်ပါတယ်။

မဟာရန်ကုန်မြို့ပြစီမံကိန်းမဟာဗျူဟာ ၂၀၄၀ ကို ပြန်လည်စစ်ဆေးခြင်းဟာ အထက်ပါအတိုင်း ‘အကြိုရင်ခွဲစစ်ဆေးမှု’ပြု လုပ်ခြင်းလို့ ယူဆမိပါတယ်။ စာရေးသူအနေနဲ့ မိမိရဲ့ဉာဏ်အားနဲ့ အလှမ်းမီသမျှ ခွဲစိတ်ကြည့်ခဲ့ဖူးပါတယ်။

အဲဒီအခါမှာတော့ မြို့သစ်ခုနစ်မြို့ဆိုတာ အလွန်များပြားလွန်းနေတာ တွေ့ရပါတယ်။ ရန်ကုန်မြို့ဟာ လူဦးရေ ၁၀ သန်းရှိတဲ့ မီဂါစီးတီးဖြစ်လာရင် အိမ်ရာလိုအပ်ချက်တွေ ပိုမိုလာမှာဖြစ်လို့ အိမ်ရာတွေ တိုးချဲ့ရမယ်ဆိုတာ လက်ခံပါတယ်။ မြို့သစ်မတိုးချဲ့ဘဲ အိမ်ရာတိုးချဲ့နိုင်တဲ့ နည်းလမ်းတွေ မြန်မာပြည်မှာ ရှိပါတယ်။ ရန်ကုန်မြို့မှာ အဲဒီနည်းလမ်းကို အဓိကနည်းလမ်းတစ်ရပ်အဖြစ် တံခါးဖွင့်ထားတာ ဆယ်စုနှစ်များစွာ ကြာညောင်းခဲ့တာလည်း တွေ့ ရှိနိုင်ပါတယ်။

နှစ်ပေါင်း ၄၀ အတွင်း ရန်ကုန်ရဲ့ လူဦးရေးတိုးနှုန်းနဲ့ မြေတိုးပွားမှုနှုန်းကို နှိုင်းယှဉ်ကြည့်ရင် မြေဧရိယာအကျယ်အဝန်း တိုးပွားမှု နှုန်းက ပိုမိုမြင့်မားနေတာကို တွေ့ရှိရပြန်ပါတယ်။ ၁၉၇၃ ခုနှစ်က ရန်ကုန်လူဦးရေဟာ ၂ ဒသမ ၃ သန်းရှိပြီး ရန်ကုန်စည်ပင်သာယာရဲ့ မြေဧရိယာဟာ ၈၁ စတုရန်းမိုင်ရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ လူဦးရေ ၅ ဒသမ ၂ သန်းရှိလာပြီး မြေဧရိယာဟာ ၃၀၆ စတုရန်းမိုင် ရှိလာတာ တွေ့ရှိနိုင်ပါတယ်။ လူဦးရေက နှစ်ဆကျော်သာ တိုးပွားပေမယ့် မြေဧရိယာတိုးပွားမှုက လေးဆနီးပါး တိုးပွားလာတာ တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် မြေအလုံအလောက်ရှိနေတယ်။ ကွက်လပ်တွေလည်း ရှိနေတယ်။ ပြန့်ကျဲမှု (Sprawl) လည်း ရှိနေတယ်။ လူနေသိပ်သည်းမှုကို မြှင့်တင်ရန် ဖိတ်ခေါ်နေတယ်ဆိုတာ ထင်ရှားပါတယ်။

လူနေသိပ်သည်းမှုကို ဘယ်လောက်အထိ မြှင့်တင်နိုင်မှာလဲလို့မေးရင် ဘန်ကောက်နဲ့ နှိုင်းယှဉ် ပြချင်ပါတယ်။ လက်ရှိ ရန်ကုန်ရဲ့ လူဦးရေသိပ်သည်းမှုဟာ တစ်စတုရန်း ကီလိုမီတာမှာ ပျမ်းမျှ ၄,၅၉၈ ဦးရှိပြီး လူဦးရေ ၁၀ သန်း ရှိတဲ့ ဘန်ကောက်မြို့မှာ တစ်စတုရန်းကီလိုမီတာကို ၉,၅၁၀ ဦးရှိတာတွေ့ရှိပါတယ်။ ရန်ကုန်ထက် နှစ်ဆကျော် ပိုမိုပါတယ်။ ဒါကြောင့် လက်ရှိ ရန်ကုန်လူဦးရေဟာ နောက်ထပ် နှစ်ဆတိုးပြီး ၁၀ သန်း ဖြစ်လာရင်တောင် တစ်စတုရန်း ကီလိုမီတာကို ၉,၁၉၆ ဦးပဲရှိလာပြီး ဘန်ကောက်ရဲ့ ၉,၅၁၀ ဦးထက် ၃၁၄ ဦး လျော့နည်းနေဦးမှာ ဖြစ်ပါတယ်။

နောက်ပြီး မြို့သစ်တည်ခြင်းဟာလည်း လောလောဆယ် ၁ ဒသမ ၅ သိန်းခန့်ရှိနေတဲ့ ကျူး ကျော်အပါအဝင် အိမ်ရာမဲ့တို့အတွက် အရေးကြီးဆုံးစီမံကိန်းတစ် ရပ်ဖြစ်ပါတယ်။ ရှိတဲ့ကျူးကို နေရာချထားရေး ဆောင်ရွက်ပေးရင်း အနာဂတ်လူဦးရေ တိုးပွားမှုအတွက်ပါ ရည်ရွယ်ပြီး မြို့သစ်တည် မှာလား၊ အနာဂတ်ကို ဦးစားပေး ပြီး ပစ္စုပ္ပန်အိမ်ရာမဲ့ကို အကျုံးဝင်စေမှာလားဆိုတဲ့ အတွေးအခေါ် နှစ်ရပ်ရဲ့ ခြားနားမှုဟာ မတူညီတဲ့ စီမံကိန်းပုံစံကို မွေးဖွားပေးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မော်ရိုကိုရဲ့ ၂၀၀၇ ခုနှစ် အခြေအနေနဲ့ လက် ရှိ ရန်ကုန်မြို့ရဲ့ အနေအထား တူညီမှုရှိပုံကို နှိုင်းယှဉ်ဖော်ပြလိုပါတယ်။ မော်ရိုကိုမှာ ကျူးကျော်ရပ်ကွက် ၁,၀၀၀ ရှိပြီး လူဦးရေ ၁ ဒသမ ၇ သန်းရှိခဲ့ပါတယ်။ မြို့သစ်တည်ခြင်းကို ပထမမျိုးဆက်မြို့ (First Generation City)နဲ့ မြို့တိုးချဲ့ခြင်းကို ဒုတိယမျိုးဆက်မြို့ (Second Generation City)လို့ အမျိုးအစားနှစ်မျိုးခွဲခြားပြီး နေရာချထားပေးခဲ့ပါတယ်။ အနာဂတ်တိုးပွားမယ့် အိမ်ရာလိုအပ်ချက်ကိုပါ ထည့်သွင်းတွက်ချက်ပြီး အ ဆင့်နိမ့်အိမ်ရာ ကင်းမဲ့သောမြို့များ (Cities Without Slums)လို့ စီမံကိန်းချမှတ်တည်ဆောက်ခဲ့ကြောင်း သိရှိရပါတယ်။ ဒါဟာ မှန်ကန်တဲ့ စီမံကိန်းအစီအစဉ်လည်း ဖြစ်ပါတယ်။ အနာဂတ်လူဦးရေကိုသာ ဦးစားပေးပြီး အိမ်ရာမဲ့နဲ့ ကျူးကျော်နေရာချထားရေး ကိစ္စကို အစိတ်အပိုင်းအဖြစ် ထည့်သွင်းဆောင်ရွက်ရင် နားရွက်ကို နောက်ပြန်ဆွဲသလိုပါပဲလို့ ပြောချင်ပါတယ်။

ဆက်လက်ပြီး မြို့သစ်မည်မျှတည်ရန် လိုအပ်မည်နည်းဆိုတဲ့ မေးခွန်းကို ဖြေကြားဖို့ လိုအပ်လာပါတယ်။ လက်ရှိ ကျူးကျော်နဲ့ အိမ်ရာမဲ့အိမ်ထောင်စု ၁ ဒသမ ၅ သိန်းခန့်အပြင် ၂၀၄၀ မှာ အနာဂတ်လူဦးရေ ၁၀ သန်းအထိဖြစ် လာရင် တိုးပွားမယ့် လူဦးရေ ၄ ဒသမ ၈ သန်းအတွက် တွက်ချက်ရပါမယ်။ လူဦးရေ ၄ ဒသမ ၈ သန်းအတွက် ပျမ်းမျှတစ်အိမ်ထောင်လျှင် လူဦးရေ ၄ ဒသမ ၈ ဦးနှုန်းအရ အိမ်ခြေတစ်သန်းလိုအပ်ပြီး ကျူးကျော်နဲ့ အိမ်ရာမဲ့အတွက် ၁ ဒသမ ၅ သိန်းအပါအဝင် စုစုပေါင်းအိမ်ရာ ၁ ဒသမ ၁၅ သန်းခန့် လိုအပ်ပါမယ်။ တိုးပွားလာတဲ့ လူဦးရေမှာ မူလမိသားစုနဲ့ ပူးပေါင်းနေထိုင်မည့်သူများ ပါဝင်ခြင်း၊ အထက်မှာ ဖော်ပြခဲ့သလို အထပ် မြင့်အိမ်ရာများနဲ့ လူဦးရေသိပ်သည်းဆမြှင့်တင်ပေးခြင်း၊ မင်းဓမ္မ နဲ့ ရန်ကင်း စတဲ့ Sub-Centreများ တည်ဆောက်ခြင်း၊ အစိုးရအိမ်ရာများ ပြန်လည်ဖွံ့ဖြိုးရေး (Redevelopment) ဆောင်ရွက် ခြင်း စတဲ့အကျိုးဆက်ကြောင့် အိမ်ရာလိုအပ်ချက် လေးပုံသုံးပုံ (သို့ မဟုတ်) အိမ်ရာကိုးသိန်းခန့်ကို နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ဖြည့်ဆည်းပေးနိုင်မှာ သေချာပါတယ်။ ကျန်ရှိတဲ့ အိမ်ရာလိုအပ်ချက် နှစ်သိန်းကျော်အတွက်သာ မြို့သစ်တည်ဆောက်ပေးရန် လိုအပ်မှာ ဖြစ်ပါတယ်။ အိမ်ရာတစ်သိန်းခန့်ရှိတဲ့ လှိုင်သာယာကို စံပြု ပြီး မြို့သစ်သုံးမြို့တည်ရင် လုံလောက်နိုင်ကြောင်း တွေ့ရှိရပါတယ်။

ဦးစားပေးမြို့တည်သင့်တဲ့ နေရာမှာ ပထမဦးစားပေးအဖြစ် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်ဖြစ်ပါတယ်။ ဒါကို သီးခြား ဆောင်းပါးများရေးသားခဲ့ပြီးလို့ အကျယ်မရေးတော့ပါဘူး။ အဲဒီမှာ ရန်ကုန်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းကျူးတွေကို နေရာချထားရန်လည်း အဆင်ပြေပါတယ်။ ဒုတိယဦးစားပေးအဖြစ် ရန်ကုန်အ နောက်ပိုင်းက လှိုင်သာယာနဲ့ ထန်းတပင်အကြားမှာ တည်ဆောက်သင့်ပါတယ်။ ဒါဟာ မည်သည့် တံတားမျှ ထပ်မံတည်ဆောက်ရန် မလိုတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုရှိရုံမျှမက လက်ရှိလှိုင်သာယာမှာ အများဆုံးရှိတဲ့ အိမ်ရာမဲ့နဲ့ ကျူးအိမ်ရာများ ပြန်လည်နေရာချထားရေးကို ဆောင်ရွက်ရန် အဆင်ပြေဆုံးနေရာဖြစ်တာ တွေ့ရှိရပါတယ်။ တတိယ မြို့အနေနဲ့ ဒလကို ညွှန်းလိုပါတယ်။ ဒီနေရာမှာ ဒလမြို့သစ်စီမံကိန်းလို့ သုံးနှုန်းနေတာ လုံးဝမှားယွင်းနေကြောင်း ပြောချင်ပါတယ်။ဒလဟာ သမိုင်းဝင်မြို့ဟောင်းတစ် ခုဖြစ်ပြီး မြို့သစ်တည်ဖို့ မလိုပါဘူး။ မြို့ကိုတိုးချဲ့ပြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း (Ugrading and Extention)အဖြစ် ဆောင်ရွက်ရန်သာ ဖြစ်ပါတယ်။

နောက်ထပ် ပဏာမအဆင့်အဖြစ် ‘အကြိုရင်ခွဲစစ်ဆေးခြင်း’ ပြုလုပ်သင့်တာကတော့ ၂၀၁၈ မှာ စတင်မယ်လို့ သတင်းထွက်ပေါ်လာတဲ့ ရန်ကုန်တောင်ပိုင်းအထူးစီးပွားရေးဇုန် စီမံကိန်းဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နဲ့ နိုင်ငံတကာ လေဆိပ်ပါဝင်မယ်လို့ သိရပါတယ်။ မုတ်ကျွန်းဒေသကို အခြေခံတဲ့အတွက် ‘မုတ်ကျွန်းစီးပွားရေးဇုန်’ လို့ အမည်ပေးသင့်တယ်လို့ ယူဆပါတယ်။ အဲဒီ ရေနက်ဆိပ်ကမ်းဟာ တရုတ်ပြည် ကုန်းတွင်းပိုင်းဖြစ်တဲ့ ယူနန်ပြည်နယ်သို့ ကုန်စည်တင်ပို့ရေး အလားအလာကောင်းများကို မျှော်မှန်းထားကြောင်း သိရှိရပါတယ်။  ဗဟိဒ္ဓမှာ အလားတူဖြစ်ထွန်းလာနိုင်တဲ့ ထိုင်းနိုင်ငံရဲ့ ကရားတူးမြောင်းပေါ်ပေါက်လာရင် မြောက်ပိုင်းကိုဖြတ်ပြီး တရုတ်ပြည်ကို တင်ပို့နိုင်တဲ့ လမ်းကြောင်းတစ်ခု အပြိုင်အဆိုင် ဖြစ်ထွန်းလာနိုင်တယ်ဆိုတဲ့ ယူဆချက်များကိုလည်း ထည့်သွင်းစဉ်းစားဖို့ အကြံပြုလိုပါတယ်။

နောက်ဆုံးတစ်ချက်က အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကိစ္စပါပဲ။ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက် ရေးစီမံကိန်းကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ တာဝန်ယူပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံတော်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။ အဲဒီလေဆိပ်ပေါ်ပေါက်လာရင် လက်ရှိ မင်္ဂလာဒုံလေယာဉ်ကွင်းဟာ ပြည်တွင်းခရီးစဉ်များအတွက်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ နှစ်ဌာန ပြည့်စုံနေပါပြီ။ ဆင်းရဲတဲ့နိုင်ငံမှာ နောက်ထပ်အပြည်ပြည်ဆိုင်ရာ လေဆိပ်လိုအပ်ပါဦးမလားဆိုတာ စဉ်းစားသင့်ပြီး တည်ဆောက်မယ် ဆိုရင် Planning Fallacy ဖြစ်နိုင်တဲ့အကြောင်း အချက်နှစ်ရပ်စလုံး အကျုံးဝင်နေမည်ကို စိုးရိမ်မိပါသည်။

ဒီနေရာမှာ ဗိုလ်မြတ်ထွန်းတံတားအနီး ၅ မိုင်ခန့်အတွင်းမှာ နောက်ထပ် ဧရာဝတီမြစ်ကူးတံ တားတစ်စင်းကို ရထားလမ်းထည့်ပြီး တည်ဆောက်ခဲ့တဲ့အမှားကို သုံးသပ်ကြည့်ကြစေချင်ပါတယ်။ လက်တစ်ဖက်တည်းမှာ လက်ကောက်ကြီး နှစ်ကွင်းစွပ်ထားသလိုပါပဲ။ ကားလမ်းနဲ့ ရေလမ်းကုန်စည်စီးဆင်းမှု အားကောင်း နေတဲ့နေရာမှာ ရထားလည်း ခွက်ခွက်လန်အောင်ရှုံးလို့ ရပ်ဆိုင်းသွားရကြောင်း သိရှိရပြီး ကားတံတားပဲ ဖြစ်နေတာ တွေ့မြင်နိုင်ပါတယ်။ တချို့က ဟံသာဝတီလေဆိပ်ဟာ ရန်ကုန် Down Town နဲ့ ဝေးလို့ တောင်ပိုင်းမှာ နောက်ထပ်လိုအပ်တယ်လို့ ပြောတဲ့အသံထွက်လာပါသေးတယ်။ ဘယ် နိုင်ငံမှာမှ Down Town အတွက် လေဆိပ်သီးခြားမရှိပါဘူး။ မိုင် ၅၀ ကျော်မျှသာ ကွာဝေးတဲ့နေရာအတွင်း နောက်ထပ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု မရှိသင့်ပါဘူး။

 ၂၀၁၈ ဆိုတာ နီးကပ်နေပါပြီ။ တာဝန်ရှိသူများက အဲဒီစီမံကိန်းကို အထူးအာရုံစိုက်ပြီး ‘အကြိုရင်ခွဲစစ်ဆေးမှု’ပြုလုပ်ပေးကြပါဦးလို့ ပန်ကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။     ။

Top News