ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး သမိုင်းသစ်ရေးထိုးချိန်

ရန်ကုန်မြို့တွင်း ဘတ်စ်ကားပြေးဆွဲမှုစနစ်သစ်ကို ဇန်န၀ါရီ၁၆ရက်တွင် စတင်မည်ဖြစ်သည်။ မထသ(၅၀)စီးနင်းရန် ဘတ်စ်ကားပေါ်သို့တက်နေသော ခရီးသည်များကို တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)

‘‘ရန်ကုန်မှာ ပုဂ္ဂလိက ပြေးဆွဲနေသော ယာဉ်လိုင်းတွေရော၊ ဦးပိုင်တို့ တခြားတခြားသော ကုမ္ပဏီနာမည်တွေနဲ့ ၀င်ပြီး အမည်အမျိုးမျိုး၊ အသင်းအမျိုးမျိုး ၃၀၀ကျော်အားလုံးကို ဇန်န၀ါရီ ၁၅ရက်ညမှာ အပြီးသတ်ရပ်ဆိုင်း လိုက်ပြီဖြစ်ပါတယ်။ ၁၅ ရက်ညဟာ အခုပြေးဆွဲနေတဲ့ ယာဉ်နံပါတ်တွေရဲ့ နောက်ဆုံးပဲဖြစ်ပါတယ်’’

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇန်န၀ါရီ ၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက် ခြင်းဖြစ်သည်။

၂၀၁၆ တွင် အစိုးရသစ်စတင် တာဝန်ယူစဉ်ကာလကတည်းက အပြောင်းအလဲများ ပြုလုပ်ပြီး နာမည်ကြီးလာခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ၂၀၁၇ တွင်ရန်ကုန်မြို့၌ ဘတ်စ်ကားပို့ ဆောင်ရေးစနစ် ပြောင်းလဲခြင်းဖြင့် ဖွင့်လှစ်ရန် ကြိုးစားလာခြင်း လည်းဖြစ်သည်။

ဆယ်စုနှစ်များစွာ ၀န်ဆောင်မှုကဏ္ဍပျက်ပြားနေပြီး နာမည်ဆိုးဖြင့် ကျော်ကြားနေခဲ့သော ရန်ကုန်မြို့ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးစနစ်ကို အများပိုင်ဘတ်စ်ကားစုပေါင်းပြေးဆွဲစနစ်ဖြင့် အပြောင်းအလဲပြုလုပ်မည်ဟု ဦးဖြိုး မင်းသိန်းက စနစ်သစ်မစမီ ၁၀ရက်အလိုတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် အများပြည်သူကို ကြေညာသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောင်းလဲမည့် ဘတ်စ်ကားပြေးဆွဲမည့် စနစ်သည် လက်ရှိပြေးဆွဲသည့်တစ်ဦးတစ်ယောက်ပိုင် ဘတ်စ်ကားများကို အများပိုင် စုပေါင်းပြေးဆွဲခြင်းဖြင့် ထိန်းချုပ်သွားရန်ဖြစ်သည်။

 ပြောင်းလဲပြေးဆွဲမည့် ဘတ်စ်ကားစနစ်သည် စင်ကာပူ နိုင်ငံတွင် ကျင့်သုံးနေသော ဘတ်စ်ကားပို့ဆောင်မှုစနစ်ကို အခြေခံထားပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ (JICA)အပါအ၀င် နိုင်ငံတကာ ပညာရှင်အဖွဲ့များ၏ အချက်အ လက်စုစည်းမှု၊ နည်းပညာပိုင်း ဆိုင်ရာပံ့ပိုးကူညီမှုများဖြင့် ရေးဆွဲ ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

ယင်းစနစ်မှာ ရန်ကုန်မြို့၌ ဖောင်းပွနေသော ဘတ်စ်ကားလိုင်းများကို လျှော့ချစုစည်းလိုက်ပြီး လမ်းကြောင်းတစ်ခုအား လိုင်းတစ်လိုင်းတည်းကသာ ပြေးဆွဲ ခြင်းဖြစ်သည်။

ထို့အပြင် မြို့တွင်းသို့ တိုက်ရိုက်ဝင်ရောက်ပြေးဆွဲမည့် ဘတ်စ်ကားများကို မထားရှိတော့ဘဲ မြို့တွင်းသို့ လှည့်ပတ်ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းသုံးလိုင်းကိုသာ သီးသန့်ထားရှိစေမည်ဖြစ်သည်။

အများပိုင်ဘတ်စ်ကားများ စုပေါင်းပြေးဆွဲမှုစနစ်စတင်ချိန်တွင် ယာဉ်ဟောင်းများကို ဆက်လက်အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး သတ်မှတ်ချိန်တစ်ခုအတွင်း အဲကွန်းတပ်ဆင်ထားပြီး ယာဉ်စီးခကတ်ပေးစနစ်သုံး၍ လုံခြုံရေးကင်မရာတပ်ဆင်ထားသည့် ယာဉ်များ ဖြင့် တစ်ဆင့်ချင်းအစားထိုးပြောင်းလဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြွေးကြော်သည်။


ကားမှတ်တိုင်တစ်ခုတွင် ဘတ်စ်ကား စောင့်ဆိုင်းနေသော ပြည်သူများ။ (ဓာတ်ပုံ-စိုင်းဇော်)

‘‘ယာဉ်လိုင်းချင်း ယှဉ်ပြိုင် မောင်းပါတယ်။ လိုင်းတူလည်း ကိုယ်ရကိုယ်ယူစနစ်မို့ ကားချင်းယှဉ်ပြိုင်မောင်းပါတယ်။ ဒီအခါ ခရီးသည်တွေမှာ စိတ်ညစ်ညူးစွာ အသက်ဖက်နဲ့ထုပ်ပြီး စီးကြရတဲ့အဖြစ်တွေရောက်ကုန်ကြရတာပါပဲ။ ဒီအဖြစ်တွေက ကင်းဝေးပြီး နေ့စဉ်ခရီးသွားလာနေရတဲ့ ပြည်သူတွေ စိတ်နှလုံးအေးချမ်းစွာ သွားလာနိုင်အောင်၊ လမ်းတွေပေါ်မှာ အလုအယက်ငရဲမီးလိုက်သလို ပူလောင်စွာ ရှာဖွေစားသောက်နေကြရတဲ့ ဘ၀တွေကလွတ်မြောက်အောင်၊ ခရီးသွား ပြည်သူတွေ ယာဉ်ပိုင်ရှင်တွေ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အားလုံး ကိုယ့်သိက္ခာနှင့် ကိုယ်ရပ်တည်နိုင်အောင် အများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ်သစ်ကို စတင်မှာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကလည်း အများပိုင်ဘတ်စ်ကားစုပေါင်းပြေးဆွဲမှုစနစ်စတင်ရခြင်းကို ပြောသည်။

ထိုစနစ်အရ လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်းများ၊ မထသ၊ ပါရမီ၊ အဓိပတိ၊ မေတ္တာလှိုင်း၊ ခရိုင်ယာဉ်လိုင်းများစသည့် ယာဉ်လိုင်းအဖွဲ့အစည်းများသည်လည်းဖျက်သိမ်းကြရတော့မည်ဖြစ်ပြီး ဘတ်စ်ကားများအား စီမံအုပ်ချုပ်မှု အရပ်ရပ်ကို တိုင်းဒေသကြီး အစိုးရက ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က လွှဲပြောင်းတာဝန်ယူမည်ဖြစ်သည်။

မထသကဲ့သို့ ၁၉၆၂ ကတည်းက ဖွဲ့စည်းရပ်တည်ခဲ့သည့် အဖွဲ့အစည်းတစ်ရပ်အား ဖျက်သိမ်းလိုက်နိုင်ခြင်းမှာလည်း ပြောင်းလဲမည့်စနစ်အတွက် ထူးခြားချက်တစ်ရပ်ဖြစ်လာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ဦးဖြိုးမင်းသိန်းက နာယက၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ၂၀၁၆ ဇူလိုင်လလယ်ပိုင်းက စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကား သယ်ယူပို့ ဆောင်ရေးစနစ်အပြောင်းအလဲပြုလုပ်ခြင်းသည် ယင်းအဖွဲ့အတွက် ကြီးမားသည့် စီမံချက်တစ်ရပ်ကို စတင်ခြင်းဖြစ်သကဲ့သို့ ၎င်းတို့၏ အရည်အချင်းကို စမ်းသပ်ခံရမည့် လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။

ဦးဖြိုးမင်းသိန်း ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့သည် အများပိုင်ဘတ်စ်ကားစနစ်ကို ကျင့်သုံးရန် ၂၀၁၆ မေလကတည်းက စတင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ယာဉ်ပိုင်ရှင်များ၊ ယာဉ်လိုင်းအဖွဲ့အစည်းများနှင့် ထိုစဉ်ကတည်းက အကြိမ်ကြိမ်ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ပြီး သတင်းထုတ်ပြန်မှုများ အားနည်းခဲ့ခြင်းကြောင့် ထိုအကြောင်းကို အများပြည်သူသတိထားမိခဲ့ခြင်း မရှိပေ။

အများပြည်သူက သတိထားမိသည်မှာ ၀န်ကြီးချုပ်သတင်းစာ ရှင်းလင်းပွဲပြုလုပ်သည့် ဇန်န၀ါရီ ၆ ရက်တွင်မှဟု ဆိုနိုင်သည်။

အများပိုင် ဘတ်စ်ကားစု ပေါင်းပြေးဆွဲသည့်စနစ်၌ ပြေးဆွဲရမည့် လမ်းကြောင်းများကိုလည်း လက်ရှိလမ်းကြောင်းများနှင့် ခွဲထွက်ကာ ပြောင်းလဲခဲ့သည်။

ထိုသို့လမ်းကြောင်းပြင်ဆင်မှုများ ပြုလုပ်လိုက်ခြင်းကြောင့်လည်း ယင်းစနစ်ကို ရန်ကုန်မြို့နေ ခရီးသွားများပို၍ အာရုံစိုက်လာစေခဲ့သည်။

လက်ရှိအချိန်တွင် ယာဉ်လိုင်းလမ်းကြောင်းပေါင်း ၃၀၀ ကျော်ရှိနေခြင်းကို စနစ်သစ်တွင် လမ်းကြောင်း ၆၀ ခုဖြင့်သာ ပြေးဆွဲရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ယာဉ်ပိုင်ရှင်များက အဆိုပါ လမ်းကြောင်းများထဲမှ မိမိတို့ ကြိုက်နှစ်သက်ရာလမ်းကြောင်းကို ၀င်ရောက်ပြေးဆွဲနိုင်ရန် အဆို ပြုလျှောက်ထားကြရမည်ဖြစ်သည်။

ယာဉ်ပိုင်ရှင်များတစ်ဦးချင်း လျှောက်ထားမှုအပြင် အများပိုင်ဘတ်စ်ကားကုမ္ပဏီများကလည်း ၎င်းတို့ ပြေးဆွဲလိုသည့် လမ်း ကြောင်းနှင့် ယာဉ်စီးရေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တင် ပြလျှောက်ထားစေခဲ့သည်။

အဆိုပြုလျှောက်ထားရမည့် ရက်ကိုလည်း ဇန်န၀ါရီ ၇ ရက်မှ ၁၀ ရက်အထိ သတ်မှတ်ပေးထားခဲ့သည်။

ထိုသို့သတ်မှတ်ကြေညာမှုသည် ရက်ပိုင်းမျှသာ ကွာဟမှုရှိခဲ့သဖြင့် ခရီးသွားများအပြင် ယာဉ်ပိုင်ရှင်များအတွက် မှင်တက်စေမည့်အပြောင်းအလဲတစ်ရပ်ဖြစ်ခဲ့သည်။

ဘတ်စ်ကား ပြေးဆွဲမှုစနစ် စတင်ပြောင်းလဲရန် ၁၀ ရက်ခန့် အလိုမှသာ ပြည်သူလူထုကို ကြေညာခဲ့ပြီး ပြောင်းလဲမှုပြုလုပ်လိုက်သည့် လမ်းကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်အသိပေးမှု အားနည်းချက်ကြောင့် ခရီးသွား အကြား မေးခွန်းထုတ်မှုများစွာရှိလာခဲ့သည်။

အစိုးရက ရေးဆွဲထုတ်ပြန်လိုက်သည့် ခရီးစဉ်လမ်းကြောင်းများ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့်သာ အများစုဖော်ပြမှုရှိခဲ့ပြီး လူထုထံ အရောက်ရှင်းလင်းချပြနိုင်ခြင်းမရှိသေးသည့်အပေါ် ခရီးသွားအချို့က အားမလိုအား မရဖြစ်မှုများရှိခဲ့ကြသည်။

‘‘လမ်းကြောင်းတွေ ထုတ်ပြန်ထားပေမယ့် ဖေ့စ်ဘွတ်ခ်မှာပဲ ထင်သာမြင်သာရှိတယ်။ မှတ်တိုင်တွေမှာ မတွေ့ရသေးဘူး။ ရပ်ကွက်ထဲအထိ ကပ်ထားသင့်တယ်’’ဟု လှိုင်မြို့နယ်မှ ကိုလွှမ်းမိုးအောင်က ဇန်န၀ါရီ ၈ ရက်တွင် ပြောသည်။

ထို့အပြင် လမ်းကြောင်းရွေးချယ်မှုကိုလည်း ခရီးသည်များ၏ လိုအပ်ချက်နှင့် အမှန်တကယ် ကိုက်ညီမှုရှိ၊ မရှိမည်ကဲ့သို့ စစ်တမ်းပြုစုထားသည်ကိုလည်း မေးခွန်းထုတ်မှုများရှိခဲ့သည်။

ယခု ထုတ်ပြန်လိုက်သော ဘတ်စ်ကားလမ်းကြောင်း ၆၀ ခု (လမ်းကြောင်းအမှတ် ၁၃ မပါ) တွင် လမ်းကြောင်းသုံးခုသည် မြို့တွင်းခရုပတ်လှည့်လည်ပြေးဆွဲမည်ဖြစ်ပြီး ကျန်လမ်းကြောင်းများမှ ဘတ်စ်ကားများသည် မြို့တွင်း မြို့နယ်များသို့ ၀င်ရောက်ခွင့်ရရှိ တော့မည်မဟုတ်ပေ။

ထို့ကြောင့် အခြားနေရာများမှ ရန်ကုန်မြို့တွင်း သွားရောက်လိုသည့် ခရီးသွားများသည် အနည်းဆုံးဘတ်စ်ကားနှစ်ဆင့် ပြောင်းစီးကြရမည်ဖြစ်သည်။

ထို့အပြင် လက်ရှိပြေးဆွဲနေသော လမ်းကြောင်းများကို ပြင်ဆင်မှုအချို့ ပြုလုပ်လိုက်ခြင်းကြောင့် ပုံမှန်သွားလာနေကျထက် အနည်းငယ် အခက်အခဲရှိနိုင်ကြောင်း ခရီးသွားများက ဆိုသည်။‘‘ယာဉ်လိုင်းတွေစပြောင်း ပြောင်းချင်းမှာတော့ အဆင်မပြေတာတွေရှိလာမှာ အမှန်ပါပဲ။ ပြောင်းလဲလိုက်တဲ့ ယာဉ်လိုင်းပုံစံ တွေကို ကြည့်ရတာ အရင်ကတစ်ဆင့်တည်းရောက်မယ့်ခရီးကို နှစ် ဆင့်လောက်စီးရမှာ တွေရှိလာ တော့ ယာဉ်စီးခပိုကုန်လာမှာတွေ ရှိလာနိုင်တယ်’’ဟု ကမာရွတ်မြို့နယ်မှ ကိုနောင်ရဲကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကမူ ခရီးစဉ်လမ်းကြောင်းများကို သိသိသာသာပြောင်းလဲမှုပြုလုပ်ထားခြင်းမရှိဘဲမူလရှိပြီးသား လမ်းကြောင်းများကိုသာ အခြေခံသတ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ခရီးသည်များ ကုန်ကျမှုမများစေရန်အတွက်ကိုလည်း ယာဉ်စီးခ နှုန်းထားကို အပိုင်းလိုက်ကောက်ခံခွင့်သာပေးမည်ဖြစ်ပြီး ခရီးစဉ် အစ/အဆုံးအား ကျပ် ၃၀၀ ထက် ပိုစေမည်မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဒေါ်နီလာကျော်က ဆိုသည်။

ထို့အပြင် ယခုစနစ်အပြောင်းအလဲအပေါ် စိုးရိမ်နေသူတစ်စုမှာ လက်ရှိလုပ်ကိုင်နေကြသည့် ယာဉ်လုပ်သားများဖြစ်သည်။

‘‘အခုက လခစားပုံစံပြောင်းမယ်လို့ ပြောကြတာပဲ။ ကျွန်တော်တို့ကတော့ အလုပ်သမားက ဘာပြောလို့ရမှာလဲ။ အပြောင်းအလဲလုပ်လို့ အလုပ်လက်မဲ့ကြုံရမလားဆို မပြောတတ်ဘူး’’ဟု (၁၅၇)ယာဉ်လိုင်းမှ ယာဉ်အကူ ကိုဟိန်း လတ်ဦးက ရင်ဖွင့်သည်။

ခရီးသွားများနည်းတူ ယာဉ်ပိုင်ရှင်များသည်လည်း ယခုရက်ပိုင်းအတွင်း ယာဉ်လမ်းကြောင်း ရွေးချယ်လျှောက်ထားရန် အကျပ်ရိုက်နေကြသည်။

အဓိကအကြောင်းရင်းမှာ လမ်းကြောင်းထုတ်ပြန်ကြေညာချိန်နှင့် ပြေးဆွဲလိုသည့် လမ်းကြောင်းတင်ပြလျှောက်ထားရမည့်ရက် ကွာဟမှုနည်းပါးခြင်း၊ ဘတ်စ်ကားပြေးဆွဲမှုစနစ်စတင်မည့် ရက်နှင့် နီးစပ်နေခြင်းတို့ကြောင့် ဖြစ်သည်။

‘‘သတင်းထုတ်ပြန်ချိန်က တိုလွန်းတော့ ကျွန်မတို့အတွက် ပြင်ဆင်ချိန်တော့ သိပ်မရလိုက်ဘူး’’ ဟု (၁၅၇) ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် မစုစုခိုင်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က တစ်ဦးတစ်ယောက်ပိုင်ယာဉ်ပိုင်ရှင်များကို ၎င်းတို့စိတ်ကြိုက်ပြေးဆွဲလိုသည့် လမ်းကြောင်းများ ရွေးချယ်ခွင့်ပေးထားသည်။

ယာဉ်ပိုင်ရှင်များသည် တောင်ဥက္ကလာပမြို့နယ်အရှေ့ပိုင်းခရိုင်စုပေါင်းရုံးတွင် ပြေးဆွဲလိုသည့်လမ်းကြောင်းများကို အဆိုပြုလျှောက်ထားနိုင်သကဲ့သို့ အများပိုင်ဘတ်စ်ကားကုမ္ပဏီများနှင့် ပူး ပေါင်းလျှောက်ထားခွင့်ကိုလည်း ပေးထားသည်။

အများပိုင်ဘတ်စ်ကားကုမ္ပဏီများက ပြေးဆွဲလိုသည့် အဆို ပြုလမ်းကြောင်းလျှောက်ထားခြင်းကို ဇန်န၀ါရီ ၄ ရက်မှ ၆ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးက တောင်းခံခဲ့သည်။

အများပိုင်ဘတ်စ်ကားကုမ္ပဏီများက ပြေးဆွဲလိုသည့် အဆို ပြုလမ်းကြောင်းလျှောက်ထားခြင်း ခွင့်ပြုပြီးနောက် တစ်ဦးတစ်ယောက်ချင်း ယာဉ်ပိုင်ရှင်များက ၎င်းတို့ဆန္ဒအရ ပြေးဆွဲလိုသည့် လမ်းကြောင်းလျှောက်ထားခွင့်ကို ဇန်န၀ါရီ ၇ ရက်မှ ၁၀ ရက်အထိ လက်ခံပေးနေခြင်းဖြစ်သည်။

မူလက အများပိုင်ဘတ်စ် ကားကုမ္ပဏီအဖြစ်လုပ်ကိုင်ရန် လျှောက်ထားသည့်အဖွဲ့ပေါင်း ၂၀ ခန့်ရှိပြီး တိုင်းဒေသကြီးအစိုးရက အရေအတွက်ဖောင်းပွမှုမရှိ စေရန်ဆိုကာပေါင်းစပ်ခဲ့ပြီး လက်ရှိအချိန်တွင်ကုမ္ပဏီ ရှစ်ခုဖြစ်လာ ကြောင်းသတင်းရရှိသည်။

အဆိုပါ အများပိုင်ကုမ္ပဏီများသည် လုပ်ငန်းစတင်ပါက အစိုးရ၏ ကြီးကြပ်မှုအောက်တွင်သာ ဆက်ရှိနေမည်ဖြစ်သည်။

အစိုးရက အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲမှုစနစ်အတွက် ငွေကျပ်ဘီလီယံ ၆၀ အသုံး ပြုမည်ဖြစ်ပြီး အများပိုင်ဘတ်စ်ကားကုမ္ပဏီအားလုံးတွင် ရှယ်ယာ ၅၀ ရာခိုင်နှုန်းအထက် ထည့်ဝင်ခြင်းဖြင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို ထိန်းကျောင်းသွားမည့်အတွက်ကြောင့် ဖြစ်သည်။

လက်ရှိတွင် အဆိုပါကုမ္ပဏီ တစ်ခုနှင့်တစ်ခု လျှောက်ထားသည့် လမ်းကြောင်းအရေအတွက် မတူညီသော်လည်း ပြေးဆွဲရန် တင်ပြထားသည့် ယာဉ်အစီးရေသည် ကုမ္ပဏီတစ်ခုလျှင် အစီး ၃၀၀ ခန့်ရှိကြောင်း အများပိုင်ကုမ္ပ ဏီတစ်ခုမှ ဒါရိုက်တာတစ်ဦးက ပြောသည်။


ယာဉ်လမ်းကြောင်းပြဇယားကို ဓာတ်ပုံရိုက်မှတ်တမ်းတင်နေသူတစ်ဦး (ဓာတ်ပုံ-ကျော်ဇင်သန်း

အများပိုင်ဘတ်စ်ကား ကုမ္ပဏီများက ပြေးဆွဲမည့် လမ်း ကြောင်း တင်ပြချက်များနှင့်ဘတ်စ်ကားစီးရေများကို တင်ပြထားပြီး ဖြစ်သည်ဆိုသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားခြင်း မရှိပေ။ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ယင်းအချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသည်မှာ ကုမ္ပဏီအမည်အင်အားသုံး၍ လက်ဝါးကြီးအုပ်မှုမရှိစေရန်ဟုဆိုသည်။

အဆိုပါအများပိုင်ကုမ္ပဏီများ၏ အမည်စာရင်းများကိုပင် သိရှိခြင်းမရှိကြ၍ မည်သည့်ကုမ္ပဏီနှင့်မည်သို့ပူးပေါင်းရမည်ကို စဉ်းစားရခက်နေကြောင်း ယာဉ်ပိုင်ရှင် ဦးကျော်နိုင်ကပြောသည်။

‘‘ဘယ်ကုမ္ပဏီနဲ့ ဘယ်လို ပေါင်းရမှန်းမသိတော့ ကိုယ်ပြေးဆွဲချင်တဲ့လမ်းကြောင်းကို ကိုယ့်ဘာသာပဲ သွားလျှောက်လိုက်တယ်။ လိုင်းစဆွဲမှပဲ ကိုယ်ဆွဲနေတဲ့လမ်းကြောင်းက ကုမ္ပဏီကို ကြိုက်ရင် သူနဲ့ပေါင်းလုပ်မယ်။ မကြိုက်ရင် ဘယ်လိုဆက်လုပ်မလဲဆိုတာ စဉ်းစားတော့မယ်’’ဟု ဘတ်စ်ကားနှစ်စီးပိုင်ရှင် ဦးကျော် နိုင်ကပြောသည်။

သို့သော် အများပိုင်ဘတ်စ်ကားကုမ္ပဏီအဖြစ် ဖွဲ့စည်းလုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီရှစ်ခုတွင် ပါရမီ၊ အဓိပတိယာဉ်လိုင်းများက စုပေါင်းထားသော ဗန္ဓုလကုမ္ပဏီ၊ လက်ရှိပြေးဆွဲနေသော မေတ္တာလှိုင်းယာဉ်လိုင်းက Omni Focus & Trans Link ကုမ္ပဏီ၊ ရွှေအင်းဝယာဉ်လိုင်းက အခြားယာဉ်လိုင်းများနှင့်ပူးပေါင်း၍ ခေတ်သစ် ဘုရင့်နောင်ကုမ္ပဏီ၊ မထသက YUPT ကုမ္ပဏီစသည့်အမည်များ ဖြင့် ပါဝင်ခွင့်ရရှိထားကြောင်း သတင်းများထွက်ပေါ်နေသည်။

ဦးကျော်နိုင်ကဲ့သို့တစ်ဦးတစ် ယောက်ချင်းလျှောက်ထားသူများသည် တောင်ဥက္ကလာပရှိစုပေါင်းရုံးသို့သာ ဦးတည်ရာဖြစ်လာခဲ့သည်။

သို့သော် ပြေးဆွဲလိုသည့် ယာဉ်လမ်းကြောင်းကို လျှောက်ထားနိုင်သည့် ဘတ်စ်ကားများတွင် ၁၉၉၅ မော်ဒယ်နှင့်အောက် စီးတီးဘတ်စ်များ၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များပါဝင်ခွင့်မရှိတော့ပေ။

အဆိုပါ ယာဉ်ပိုင်ရှင်များအနေဖြင့် ခရီးသည်တင်ယာဉ် အ ဖြစ် ဆက်လက်ပြေးဆွဲခွင့်မရှိတော့ သော်လည်းယာဉ်အပ်နှံပါက အိမ်စီးယာဉ်စလစ် ရရှိမည်ဖြစ်ပြီး အပ် နှံခြင်းမပြုလုပ်ဘဲ ကုန်စည်တင် ဆောင်ရန်နှင့် ကြိုပို့ယာဉ်အဖြစ် ပြောင်းလဲအသုံးပြုလိုပါက သတ်မှတ်လိုင်စင်များ ပြောင်းလဲပြုလုပ် ပေးမည်ဟု တိုင်းဒေသကြီး အစိုးရက ကြေညာထားသည်။

အထက်ပါယာဉ်များ ပါဝင်ခွင့်မရှိတော့သည့် အဆိုပြုလွှာ စတင်လက်ခံသည့် သုံးရက်တာအတွင်း အရှေ့ပိုင်းခရိုင်စုပေါင်း ရုံး၌ စုံစမ်းလေ့လာရန်သာ လာရောက်သည့်ယာဉ်ပိုင်ရှင်က များပြားခဲ့ပြီး လျှောက်လွှာတင်သွားသူ အရေအတွက် နည်းပါးခဲ့သည်ဟု စာရင်းလက်ခံသည့် ရုံးဝန်ထမ်းအချို့ကပြောသည်။

လျှောက်လွှာလက်ခံသည့် စာရင်းအရလည်း သတ်မှတ်ရက်သုံးရက်အတွင်း ထုတ်ယူသွားသည့် အဆိုပြုလျှောက်လွှာစောင်ရေ ၄၀၀ ကျော်ရှိသည့်အနက် စောင်ရေ ၇၀ ခန့်သာလာရောက် လျှောက်ထားမှုရှိခဲ့ကြောင်းတွေ့ရ သည်။

လျှောက်လွှာ လက်ခံသည့် အစောပိုင်းရက်များတွင် ယာဉ်ပိုင်ရှင်အချို့က ရုတ်တရက် ပြောင်းလဲသွားသည့် ဘတ်စ်ကားစနစ်အသစ်ကြောင့် ဆုံးရှုံးနစ်နာမှု ဖြစ်လာမည်ကို စိုးရိမ်ခြင်းနှင့် ဆောင်ရွက်မည့်စနစ်အကြောင်း ရှင်းလင်းစွာ မသိရှိခြင်းတို့ကြောင့် ပါဝင်မှုမရှိကြသေးခြင်းဖြစ်နိုင် ကြောင်း (၄၅) အဲကွန်းယာဉ်ပိုင် ရှင် ကိုတရုတ်လေးကမှတ်ချက်ပြု သည်။

ထိုသို့လျှောက်ထားမှုနည်း ခြင်းကြောင့် အများပိုင်ဘတ်စ် ကားပြေးဆွဲမှုစနစ် စတင်ချိန်တွင် ရန်ကုန်မြို့၏ ခရီးသွားလာမှုအပေါ် ရိုက်ခတ်မှုရှိလာနိုင်သည်ဟု သုံးသပ်မှုများရှိသည်။

လက်ရှိရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ဘတ်စ်ကားအစီးရေ ၄,၀၀၀ ကျော်သော်လည်း ယာဉ်ပိုင်ရှင်အချို့၏ ပါဝင်မှု လျော့နည်းမှုရှိနိုင်ခြင်း၊ စနစ်အသစ်တွင် ၁၉၉၅ မော်ဒယ်နှင့်အောက် စီးတီးဘတ်စ်များ၊ ဘီအမ်နှင့် ဒိုင်နာ ယာဉ်များကို ခရီးသည်တင်ယာဉ်များအဖြစ် ပြေးဆွဲခွင့်မရရှိတော့ ခြင်းများကြောင့် စနစ်သစ်စတင် ချိန်တွင် ပြေးဆွဲမည့်ယာဉ်အစီးရေများစွာ လျော့နည်းသွားနိုင်သည်ဟု သုံးသပ်မှုများရှိနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ထိုသို့ဖြစ်ပေါ်လာနိုင်သည့် ဒုက္ခများကို ကြိုတင်တွက်ဆထားပြီးဖြစ်ကာ ဖြေရှင်း နိုင်မည့်နည်းလမ်းများကို ပြင် ဆင်ထားသည်ဟုဆိုသည်။

မျက်မြင်အနေအထားအရမူ ဘတ်စ်ကားများ စနစ်အသစ်ဖြင့် ပြေးဆွဲရန် အဆင်သင့်ရှိနေမှု အခြေအနေ မတွေ့ရှိရသေးခြင်း နှင့်စီးနင်းလိုက်ပါရန် ရှင်းလင်းလွယ်ကူမှုရှိအောင် အသိပညာ ပေးမှု အားနည်းနေခြင်းများက ခရီးသွားများနှင့် ယာဉ်ပိုင်ရှင်များ အကြား ဇန်န၀ါရီ ၁၆ ရက် နီးလာ သည်နှင့်အမျှ စိုးရိမ်စိတ်များပို၍ ကြီးထွားလာစေသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က စနစ်အပြောင်းအလဲကြောင့် အခက်အခဲများစွာ ကြုံ တွေ့လာရနိုင်သော်လည်း စနစ်အဟောင်းမှ ရုန်းထွက်ရန်အားလုံးက ရုန်းကန်ကြရမည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

 ‘‘ဒီလုပ်ငန်းရပ်တွေဟာ လွယ်ကူတဲ့ကိစ္စရပ်တွေမဟုတ်ပါဘူး။ ဒီလုပ်ငန်းရပ်တွေကြောင့် အခက်အခဲတွေ ကြုံနိုင်ပါတယ်။ ခရီးသွားပြည်သူမှာလည်း အခက်အခဲလေးတွေ ကြုံနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မရုန်းကန် ဘူး၊ မဖြတ်သန်းဘူး၊ မပြုပြင်ဘူးဆိုရင် အဟောင်းထဲမှာပဲ တ၀ဲလည်လည်နဲ့အပြစ်တွေပြောရင်း နဲ့ ဒီထဲက ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ရဲရဲတင်းတင်း ခြေလှမ်းတစ်လှမ်းကို စတင်လိုက် တာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

ဦးဖြိုးမင်းသိန်းက ၎င်းရွေး ချယ်ထားသည့်စနစ်အပေါ်လည်း ယုံကြည်မှု အပြည့်အ၀ ရှိနေသည်။

‘‘၂၀၁၈ ခုနှစ် ဒီလိုအချိန်ကာလမှာတော့ ဒီအများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုရဲ့ ပြောင်းလဲလာမှု အသီးအပွင့်တွေ၊ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအားလုံးကို ပြန်လည်သုံးသပ်ရင်းနဲ့ ၂၀၁၈ ခုနှစ်ကို ကြိုဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်’’ဟု ဦးဖြိုးမင်း သိန်းကပြောသည်။