‘‘အစိုးရသစ်ကိုယ်၌က ဘာမှမလုပ်နိုင်တဲ့အပေါ်မှာ အရင်တပ်မတော်ကချထားတဲ့ လမ်းစဉ်တွေမှာ အစိုးရသစ်က မရုန်းနိုင်တဲ့အပေါ်မှာ အစိုးရသစ်နဲ့ လက်တွဲလုပ်ဖို့က လက်တွေ့မကျသလောက်ပဲ’’

KNU/KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲနှင့် တွေ့ဆုံခြင်း
KNU/KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ (ဓာတ်ပုံ - ငြိမ်းငြိမ်းပြည့်)

ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သည် ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNU/ KNLA) ဒုစစ်ဦးစီးချုပ်ဖြစ်သည်။ KNU/KNLA သည် ကမ္ဘာ့အရှည် ကြာဆုံး ပြည်တွင်းစစ်ကို ဆင်နွှဲ နေသည့် အဖွဲ့ဖြစ်သည်။ ၁၉၄၇ တွင် တည်ထောင်ခဲ့ပြီး ဗြိတိသျှတို့ ထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်ကစ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဗဟိုအစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေခဲ့သည်။ ၂၀၁၂ တွင် ဦးသိန်းစိန်အစိုးရနှင့် နှစ်ဖက်အပစ်ရပ် သဘောတူညီခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး ဘောကျော် ဟဲသည် မာနယ်ပလော၊ တီးမူခီး၊ စောထ အစရှိသည့် တိုက်ပွဲကြီး များနှင့် KNU/KNLA တပ်မဟာ (၅) ဒေသနေရာအများအပြားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများစွာ၌ ပါဝင်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ၎င်း၏ စစ်နည်းဗျူဟာ ပရိယာယ် ကြွယ်ဝသော ချဉ်းကပ်မှုကြောင့် လူသိများသည်။ မြန်မာ-ထိုင်း နယ်စပ်တစ်နေရာ KNU/KNLA ထိန်းချုပ်နယ်မြေအတွင်းရှိ ၎င်း၏ နေအိမ်တွင် ဒုဗိုလ်ချုပ်ကြီး ဘော ကျော်ဟဲကို တွေ့ဆုံမေးမြန်းမှု ပြု လုပ်ခဲ့သည်။ ယင်းအနက် အချို့ကို ပြန်လည်ကောက်နုတ် ဖော်ပြလိုက်ပါသည်။

NCA လက်မှတ်ထိုးပြီးတာ အခုဆို တစ်နှစ်နဲ့နှစ်လရှိပါပြီ။ ဒီနောက် ပိုင်း ကရင်ပြည်နယ်မှာ ဘာတွေများ ပြောင်းလဲတိုးတက်မှုတွေ ရှိပါသလဲ။ လက်ရှိအခြေအနေကို ပြောပြပေးပါ။

တစ်နှစ်နဲ့နှစ်လမှာ အပေါင်း လက္ခဏာဆောင်တဲ့ ပြောင်းလဲ တိုးတက်မှုတော့ ထွေထွေထူးထူး ဘာမှမတွေ့ရဘူး။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးကို စောင့် ကြည့်မယ့်အဖွဲ့က စနစ်တကျ လုပ်ငန်းအကောင်အထည် ဖော် တာမျိုးတွေလည်း မရှိဘူး။ အဲဒီ စောင့်ကြည့်တဲ့အဖွဲ့ JMC ကနေ ပြီးတော့ အကောင်အထည်ဖော်ဖို့ ရန်အတွက်လည်း နှစ်ဖက်တပ်က တပ်လျှော့ချတာ၊ နေရာသတ် သတ်မှတ်မှတ် ထားတာမျိုးတွေ လည်း သေသေချာချာမရှိတဲ့ အပေါ်မှာ စောင့်ကြည့်မယ်ဆိုရင် လည်း စောင့်ကြည့်လို့မရဘူး။ လက်တွေ့ကျကျ စောင့်ကြည့်တဲ့ အလုပ်ကို လုပ်မယ်ဆိုရင်လည်း လုပ်လို့မရဘူး။ အဲဒီလို တိတိကျ ကျ နှစ်ဖက်စလုံးက မလုပ်တဲ့အပေါ်မှာ ကောင်းတဲ့ဘက်ကို ထွေထွေထူးထူး ပြောင်းလဲတာ မတွေ့ရဘူး။ အားမရဘူး။ ဒီ NCA ကြီး အသက်ဝင်လှုပ်ရှားလာတာကို မတွေ့ရဘူး။

ဗိုလ်ချုပ်ကြီးအနေနဲ့ NLD အစိုးရ သစ်နဲ့ ပူးပေါင်းလုပ်လိုစိတ်ရှိတယ် လို့ အရင်က အင်တာဗျူးမှာ ပြော ခဲ့ဖူးပါတယ်။ အခု အစိုးရနဲ့ ဘယ် လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိ နေသလဲ။ ဘယ်လောက်အတိုင်း အတာအထိ ပူးပေါင်းနိုင်ပါသလဲ။

အစတုန်းကတော့ တွက် ထားတာက ပြီးခဲ့တဲ့အစိုးရ ချခဲ့တဲ့ လုပ်ငန်းစဉ်တွေက သိပ်ပြီးတော့ မျှော်လင့်ချက်မရှိဘူးပေါ့။ ဒါပေမဲ့ ဒီအစိုးရသစ် တက်လာတဲ့အပေါ် မှာ အစိုးရသစ်က ကြွေးကြော်သံ လည်း မတူဘူးဆိုတဲ့အပေါ်မှာ အစိုးရသစ်နဲ့ လက်တွဲပြီးတော့ ပြောင်းလဲမှုတစ်ခုကို အကောင် အထည်ဖော်နိုင်မယ်လို့ ကျွန် တော် ထင်ခဲ့တယ်။ ထင်ခဲ့လို့ လည်း အစိုးရသစ်နဲ့ လက်တွဲဖို့လို မယ်လို့ သုံးသပ်ခဲ့တယ်။ ဒါပေမဲ့ လည်း အရင်အစိုးရချခဲ့တဲ့ အထူး သဖြင့် တပ်မတော်က ချထားတဲ့ လမ်းစဉ်တွေမှာ အစိုးရသစ်အနေ နဲ့ ရုန်းလို့မရတာ၊ လုပ်လို့ကိုင်လို့ မရတာတွေ အများကြီးရှိတဲ့အပေါ် မှာ အစိုးရသစ်တက်လာပေမယ့် လည်း ဘာမှမထူးတာကို တွေ့ရ တော့ အစိုးရသစ်နဲ့ လက်တွဲလုပ် ဖို့တောင် အကွက်မရှိဘူး၊ လက် တွေ့လုပ်လို့မရဘူးပေါ့။ အစိုးရ သစ်ကိုယ်၌က ဘာမှ မလုပ်နိုင်တဲ့ အပေါ်မှာ၊ အရင် တပ်မတော်က ချထားတဲ့လမ်းစဉ်တွေမှာ အစိုးရ သစ်က မရုန်းနိုင်တဲ့အပေါ်မှာ အစိုးရသစ်နဲ့ လက်တွဲလုပ်ဖို့က လက်တွေ့မကျသလောက်ပဲ။

အင်န်အယ်လ်ဒီအစိုးရဟာ အာဏာပွဲစားတွေရဲ့ လွှမ်းမိုးမှုကို သတိထားရမယ်၊ လူဟောင်းလူသစ်ရောထားတဲ့ အစိုးရဖြစ်မယ်ဆိုပြီး  ဗိုလ်ချုပ်ကြီးအရင်က ထောက်ပြခဲ့ဖူးတယ်။ အခု သက်တမ်းကိုးလရှိလာပြီဖြစ်တဲ့ အင်န်အယ်လ်ဒီအစိုးရအနေနဲ့ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ် လောက် ခရီးပေါက်တယ်လို့ သုံးသပ်မိပါသလဲ။ စစ်အစိုးရအကြွင်းအကျန်လူတွေ ပါနေတဲ့ အစိုးရကို KNU/KNLA အနေနဲ့ ဆက်ဆံရာမှာ ဘာအခက်အခဲတွေ တွေ့ရ လဲ။

အစိုးရသစ်နဲ့ အစိုးရဟောင်း က ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ် တစ်ရပ် တက်လာလို့ရှိရင် အရင် အစိုးရနဲ့ အချိန်အတိုင်းအတာတစ် ခုအထိ ကဏ္ဍအသီးသီးမှာ လက် တွဲလုပ်ရတာရှိတယ်။ အဲဒီလက် တွဲလုပ်တဲ့အပေါ်မှာမှ ဒီငြိမ်းချမ်း ရေးဖြစ်စဉ်မှာ KNU အနေနဲ့လည်း အစိုးရသစ်နဲ့ ဆက်ပြီး လက်တွဲ လုပ်သွားမယ်ဆိုရင် ဒါက မျှော် လင့်ချက်တစ်ခုပေါ့။ ဒါပေမဲ့လည်း တကယ့် တကယ်တမ်းကျတော့ အစိုးရသစ်က ပြီးခဲ့တဲ့ အစိုးရ ဟောင်းနဲ့ လက်တွဲလုပ်မယ်ဆိုပြီး လက်တွဲလုပ်တာကိုလည်း တွေ့ရ တယ်။ လူသစ်လူဟောင်း ပေါင်း ပြီးတော့။ ဒါပေမဲ့လည်း တပ်မ တော်က ချမှတ်ထားတဲ့ လမ်းစဉ် အပေါ်မှာ အစိုးရသစ်က ရုန်းနိုင် တဲ့အနေအထားမှာ မရှိဘူး။ ဆွဲ နိုင်တဲ့အနေအထား မတွေ့ရတော့ အစိုးရသစ်ကိုယ်၌က လူဟောင်း နဲ့ပေါင်းပြီး ဘာမှမလုပ်နိုင်တော့ KNU အနေနဲ့လည်း အစိုးရသစ် နဲ့ပေါင်းပြီးလုပ်ဖို့ဆိုတာ လုပ်လို့မရဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသစ်ကိုယ်၌က ဘာမှ အကောင်အထည် ဖော်လို့မရဘူး။ ကြိုးစားနေတာကိုတော့ တွေ့ရ တယ်။ ဥပမာ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံညီလာခံ လုပ်တယ်ဆိုတာ လက်မှတ်ထိုးတဲ့သူတွေရော မထိုး တဲ့သူတွေရော အားလုံးခေါ်ပြီး တော့ စုဝေးပြီးတော့ တွေ့ကြ တယ်။ ဒီလို လှုပ်ရှားမှုမျိုးဟာ အစိုးရသစ်ရဲ့ ကြိုးပမ်းမှုမျိုးလို့ ကျွန်တော်မြင်တယ်။ ဒါပေမဲ့ ဒီလို ကြိုးပမ်းမှုမျိုး ရှိသည့်တိုင်အောင် အစိုးရဟောင်း ခေတ်ကတည်းက တပ်မတော်က ချမှတ်ထားတဲ့ လမ်းစဉ်နဲ့ လုပ်တဲ့အပေါ်မှာ ဘယ်လိုမှ မရွေ့တာ၊ ခြေလှမ်းတစ်လှမ်း တောင် မရွေ့တာကို တွေ့ရတယ်။

အဲဒီတော့ အင်န်အယ်လ်ဒီအစိုးရ ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ တပ်မတော်ရဲ့  ပါဝင်နေပုံကို ဗိုလ် ချုပ်ကြီး ဘယ်လိုသုံးသပ်မလဲ။ 

တပ်မတော်က လုံးဝကိုင် ထားတာပေါ့။ ဒီငြိမ်းချမ်းရေး လမ်းစဉ်က အစိုးရသစ်က ကိုင် ထားတာကို တပ်မတော်က ဝင်ပြီး စွက်ဖက်တာ မဟုတ်ဘဲနဲ့ အခု လောလောဆယ်မှာ တပ်မတော် က လုံးလုံးကိုင်ထားတယ်လို့မြင် တယ်။

အခုနကစကား ပြန်ကောက်ချင် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ၂၁​ ရာစုပင်လုံ ညီလာခံကို ကျင်းပခဲ့တာဟာ ပြည်တွင်းစစ်ပဋိပက္ခနဲ့ ငြိမ်းချမ်း ရေးအပေါ်မှာ ဘယ်လိုဘယ် လောက် အကျိုးသက်ရောက်မှု ရှိတာတွေ့ရပါသလဲ။

၂၁ ရာစု ပင်လုံခေါ်တာက တော့ မြန်မာပြည် ပြည်တွင်းစစ်ကို ဖြစ်စေတဲ့ တိုင်းရင်းသားပဋိပက္ခ တွေကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းရှာတဲ့ ကြိုးပမ်းမှုတစ်ခု လို့မြင်တယ်။ ဒါပေမဲ့ တကယ့် တကယ်တမ်းကျတော့ ခေါ်ပုံခေါ် နည်းနဲ့ ဖြစ်သွားတဲ့ အခင်းအကျင်း ကို ကြည့်မယ်ဆိုရင်တော့ သူလို ချင်တဲ့ သက်ရောက်မှုမျိုး ဖြစ်လာ တာကို မမြင်ဘူး။

အဲဒီတော့ ၂၁ ရာစု ပင်လုံညီလာ ခံ ဒုတိယအကြိမ်ကို ဖေဖော်ဝါရီ မှာလုပ်ဖို့ အစီအစဉ်ရှိတော့ ဒီတစ် ခါမှာ ဘယ်လိုလုပ်သင့်တယ်လို့ အကြံပေးနိုင်မလဲ။

ပွင့်ပွင့်လင်းလင်း ပြောဖို့အတွက် တကယ်ဆန္ဒရှိမယ်၊ ပြီး တော့ သတ္တိရှိရှိလည်း ရင်ဆိုင် မယ်၊ သူလိုချင်တဲ့ဟာက ငါပေး နိုင်တဲ့ဥစ္စာဖြစ်ပါ့မလားဆိုတာမျိုး ထက် သူဘာလိုချင်တယ်၊ ငါဘာ လိုချင်တယ်၊ ငါတို့လိုချင်တာဘာ လဲ၊ အားလုံးလိုချင်တာကို ပွင့်ပွင့် လင်းလင်းနဲ့ သတ္တိရှိရှိ ရင်ဆိုင်မယ် ဆိုတဲ့စိတ်နဲ့ တကယ်လာဆွေးနွေး ကြမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ ပထမတစ်ခေါက်တုန်းကဆိုရင် လာကြတာက တချို့ကလည်း ပြီးစလွယ်လာတယ်။ ဖိတ်တယ်ဆို ရင် မလာလို့ရှိရင်လည်း မကောင်း တတ်ဘူး။ နိုင်ငံရေးအရ ဘာဖြစ် မလဲဆိုပြီး လာတယ်။  ပြီးပြီးရော နေရာလာဖြည့်ရုံ လာဖြည့်သလို လာတယ်။ တချို့ကလည်း လာ တာက ဒီကောင်တွေ ဘာပြောချင် လို့လဲ။ ဒီကောင်တွေ ဘာခြေလှမ်း လှမ်းတာလဲဆိုတာကို သိရအောင် မဟာဗျူဟာအကြံအစည်နဲ့ လာ တယ်။ အဲဒီလို အကြံအစည်နဲ့ လာကြတယ်ဆိုလို့ရှိရင် ပြောတဲ့ လူကလည်း ပွင့်ပွင့်လင်းလင်းပြော မှာမဟုတ်ဘူး။ နားထောင်တဲ့သူ ကလည်း အဓိပ္ပာယ်ရှိရှိ တကယ် နားလည်ချင်လို့ နားထောင်တာ မျိုးမဟုတ်ဘဲနဲ့ ဆိုလို့ရှိရင်တော့ အဖြေရှာလို့ရမှာ မဟုတ်ဘူး။

ကရင်ပြည်နယ် ဖာပွန်ခရိုင် သဒါးဒဲရွာ ဘုရားရှိခိုးကျောင်းရှေ့တွင်တွေ့ရသည့် ဒေသခံများနှင့် KNLA တပ်ဖွဲ့ဝင်တစ်ဦး၏သေနတ် (ဓာတ်ပုံ-ငြိမ်းငြိမ်းပြည့်)

KNU ထိန်းချုပ်နယ်မြေမှာ စီးပွား ရေးစီမံကိန်းတွေလုပ်ဖို့ လောလောလတ်လတ်ပဲ သဘောတူ လိုက်တာ တွေ့ရပါတယ်။ ဗိုလ် ချုပ်ကြီးအနေနဲ့ အရင်တုန်းက ပြောခဲ့ဖူးတာက ကရင်ပြည်နယ် မှာ စီးပွားရေးလုပ်ငန်းတွေ ဝင် မလာသင့်သေးဘူး၊ ရေရှည်တည် တံ့ပြီး တည်ငြိမ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရှိမှသာ စီးပွားရေးဖွံ့ဖြိုးရေး စီမံကိန်းတွေ ဝင်လာသင့်တယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒီတော့ အခု ဒီဒေသမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရပြီလို့ ပြောနိုင်မလား။ အခုလို စီမံကိန်းလုပ်ဖို့ သဘောတူတဲ့ အနေအထားကို ဘာများပြောနိုင်မလဲ။

ကျွန်တော့်အနေနဲ့မြင်တာက  ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ် ကိုင်ဖို့အတွက် KNU အဖွဲ့အစည်း အနေနဲ့ပဲကြည့်ကြည့်၊ KNU အုပ် ချုပ်တဲ့ဒေသတွေရဲ့ အနေအထား ကိုပဲကြည့်ကြည့် ဒီလုပ်ငန်းတွေကိုလုပ်ဖို့ အဆင်သင့်ရှိတဲ့ အနေ အထားမှာ မရှိဘူး။ အဆင်သင့်ရှိ တဲ့ အနေအထားမှာ မရှိဘူးဆိုတာ က အဖွဲ့အစည်းမှာ လိုအပ်တဲ့ ဒီ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းဥပဒေတွေ အ ပြည့်အစုံမရှိဘူး။ ဒီလုပ်ငန်းကို ကျွမ်းကျင်နားလည်တဲ့လူတွေ အပြည့်အဝမရှိဘူး။ ဒီဒေသမှာရော၊ ဒေသရဲ့အနေအထားကို ကြည့် မယ်ဆိုရင် စစ်ရေး၊ လူမှုရေး အကုန်လုံးကိုကြည့်မယ်ဆိုရင်လည်း အဆင်သင့်ရှိတဲ့ အနေအထားမှာ မရှိဘူး။ မလုံခြုံဘူး။ လုံခြုံမှုမရှိဘူး။ တည်ငြိမ်မှုမရှိဘူး။ စနစ်တကျ နေရာချထားတာတွေ မရှိသေး တဲ့အပေါ်မှာ ဒီဖွံ့ဖြိုးရေးလုပ်ငန်း တွေလုပ်ဖို့ အနေအထားက အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ ထိုနည်းတူစွာပဲ တိုင်းပြည်မှာလည်း တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရတွေကလည်း ဒီလုပ်ငန်းတွေကို တကယ် ကြပ်မတ်ဖို့အတွက် တကယ် တိုင်းသူပြည်သားအတွက် ဒေသဆိုရင် လည်းဒေသ၊ လူမျိုးဆိုရင်လည်း လူမျိုး တကယ်အကျိုးခံစားရဖို့အတွက် ကြပ်ကြပ်မတ်မတ်နဲ့ အုပ်စိုးနိုင်မယ့်၊ စီမံခန့်ခွဲနိုင်မယ့် ဥပဒေတွေ၊ လိုအပ်တဲ့ဥပဒေတွေ အများကြီး လိုနေသေးတယ်။   မရှိဘူး။

ဆိုတဲ့အခါကျတော့ အဘက်ဘက်က အဆင်သင့် အနေအထားမှာ မရှိဘူး။ အထူးသဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်ဖို့အတွက် ဆိုတဲ့အတွက်ကြောင့် မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။ ဒီဖွံ့ဖြိုးရေးလုပ်ငန်း မလိုတာမဟုတ်ဘူး။ လိုတယ်။ ဒါပေမဲ့ လုပ်မယ်ဆိုရင် လုပ်ဖို့ အတွက် အနေအထားကို အရင် ဖန်တီးဖို့လိုတယ်။

အခုနက KNU အုပ်ချုပ်တဲ့ နယ်မြေမှာ ဖြစ်သွားတဲ့ကိစ္စ။ ဒါ တပ်ပိုင်းကနေပြီးတော့ တပ်ရဲ့ သဘောတူညီမှုယူပြီးတော့ လုပ် သွားတာလေးတွေ တွေ့ရမယ်။ KNU အုပ်ချုပ်ရေးပိုင်းက တာဝန် ခံတွေသွားတယ်။ ဒါပေမဲ့ တာဝန် မခံဘူး။ အဲဒီပွဲမှာ အုပ်ချုပ်ရေး ပိုင်းက တာဝန်ခံတွေသွားပေမယ့် လည်း တာဝန်ခံမှုမရှိခဲ့ဘူး။ ဆို တော့ ဒီလုပ်ငန်းက တကယ် အကောင်အထည်ဖော်တဲ့အခါ ကျရင် အဆင်ပြေမယ်လို့ မထင် ဘူး။ အဲဒီလို အဆင်မပြေနိုင်တာ တွေကို ခြုံပြီးတော့ တွက်မိတဲ့ အပေါ်မှာ ဒီဥစ္စာက မလုပ်သင့်တဲ့ ဟာလို့မြင်တယ်။

KNU/KNLA အနေနဲ့ တခြားတိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ကြီး တွေထက် အရင် NCA ထိုးခဲ့ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ဦးဆောင်အဖွဲ့အနေနဲ့သွားနေတဲ့အဖွဲ့လို့ ရှုမြင်ကြတယ်။ ဒါပေမဲ့ ဒီအဖွဲ့ထိန်းချုပ် နယ်မြေမှာတောင် NCA ထိုးပြီး နောက်ပိုင်းမှာ လုံခြုံမှုမရှိဘူး၊ တည်ငြိမ်မှု မရှိဘူးလို့ စောစောက ဗိုလ်ချုပ်ကြီးပြောခဲ့တာ တွေ့ရ တယ်။ ဘယ်လို မရှိတာလဲ ရှင်းပြပါဦး။

KNU က အပစ်အခတ်ရပ် စဲရေးလက်မှတ် ရေးထိုးပြီးတော့ ငြိမ်းချမ်းရေးဦးဆောင်သွားတယ် ဆိုတာက အပေါ်ယံကြော သုံးသပ် တာပါ။ တကယ့်တကယ် ကြည့် မယ်ဆိုရင် ခုနကပြောခဲ့သလိုပဲ အပစ်အခတ် ရပ်စဲရေးလေ့လာ စောင့်ကြည့်တဲ့ အဖွဲ့ကို စနစ် တကျ အကောင်အထည်မဖော် နိုင်တဲ့အပေါ်မှာ KNU ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် လက်မှတ်ထိုး ထားရုံလေးနဲ့ လက်တွေ့မှာ ဘယ် လိုမှ လုပ်လို့မရဘူး။ အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုး ပြီး နောက်ပိုင်း အခြေအနေမှန်ကို အတွင်းကျကျ သုံးသပ်မယ်ဆိုရင် KNU ဦးဆောင်တယ်ဆိုတာ တကယ်တမ်းကျတော့ ပြောလို့ မရဘူး။ အခု KNU ဦးဆောင် တယ်လို့ ပြောတဲ့လူတွေကလည်း နိုင်ငံရေးလက်ညှိုးထိုးစရာ လူရှာ တာပဲ။ အစဉ်အလာနဲ့ ရပ်တည်ခဲ့ တဲ့ အဖွဲ့အစည်းကြီးဖြစ်တာ ကြောင့် KNU ဦးဆောင်တယ်လို့ ပြောကြပေမယ့် တကယ့်တကယ် တမ်းကျတော့ KNU ဦးဆောင်တာ မဟုတ်ဘူးဆိုတာ ဦးဆောင်သူရှိ ရင် နောက်လိုက်ရှိရမယ်။ လိုက် နိုင်တဲ့အနေအထားမှာ ရှိရမယ်။ ဒါပေမဲ့ KNUလုပ်နေတဲ့အလုပ်နဲ့ KNU သွားနေတဲ့လမ်းကြောင်းကို ကြည့်ရင် အနောက်က လိုက်လို့မရဘူး။ လိုက်လို့မရတဲ့အပေါ်မှာ ဦးဆောင်တယ်လို့ ပြောလို့မရဘူး။

စစ်ရေး၊ လုံခြုံရေးမရှိဘူးဆိုတာ ကကော ဘယ်လိုမရှိတာလဲဆို တာ နည်းနည်းလောက် ရှင်းပြပေး ပါဦး။

အပစ်အခတ် ရပ်စဲရေးစာ ချုပ် လက်မှတ်ထိုးပြီးနောက်ပိုင်း မှာ မလုံခြုံဘူး၊ တည်ငြိမ်မှုမရှိဘူး ဆိုတာက အဓိက တပ်အနေ အထားနဲ့ အများကြီးဆိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာ ဒီဒေသက အရပ်သားတွေ နေ တာ။ ရွာသားတွေ အများကြီးပဲ။  တော်လှန်ရေးဆိုတာလည်း ရွာသားတွေကပဲ တော်လှန်တာ။ ဒီရွာသားတွေ သာမန်လူတွေကပဲ စစ်အုပ်ချုပ်ရေး မတရားဖိနှိပ် အုပ်ချုပ်တာကို မခံနိုင်လို့ တော် လှန်တာ။ ဆိုတော့ အကယ်၍ အစိုးရတပ်က တက်လာရင် သူတို့ က သေနတ်ကိုင်လိုက်တယ်။ သေနတ်ကိုင်တဲ့အချိန်မှာပဲ သူတို့က စစ်သားဖြစ်တယ်။ သေနတ် မကိုင်တဲ့အချိန်မှာ သူတို့က ရွာသားပဲ။ သူ့ဟာသူ တောင်ယာခုတ်စားနေတဲ့လူတွေပဲ။ နိစ္စဓူဝ လုပ်စားနေတဲ့ လူတွေပဲ။ ဒီလူတွေက နိစ္စဓူဝ အလုပ်လုပ်ကိုင်ဖို့ အတွက် ဒီမှာ တပ်တွေရှိနေသရွေ့ တပ်စွဲကိုင်ထားသရွေ့က တပ်ရဲ့ သမိုင်းအစဉ်အလာအရ လှုပ်ရှားမှုသမိုင်းအစဉ်အလာအရ သာမန်ပဲ သူတို့နေလို့မရဘူး။ သူတို့ကို အမြဲတမ်း အနိုင်ကျင့်တဲ့ တပ်ရှိနေသရွေ့က သူတို့က ပုံမှန်နေလို့မရဘူး။ နောက်တစ်ခုက အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်မှာ တပ်ဆုတ်ပါ။ တပ်လျှော့ချပါဆိုတာကို မလျှော့ချတဲ့အပြင် ဒီနေရာမလာရ၊ ဟိုနေရာမသွားရကိုယ့်နေရာကိုယ်နေ ကြလို့ ပြောတာကိုလည်း မနေဘူး။ လာတယ်။  လှုပ်ရှားမှုတွေရှိတယ်။ အဲဒါကြောင့်လည်း တစ်ခါ တစ်ခါ ထိတွေ့မှုတွေ၊ ပစ်ခတ်တာတွေရှိတယ်။ အဲဒီလိုလာတဲ့အပြင်ကို ရိက္ခာပို့တာ၊ လက်နက် ပို့တာတွေရှိတယ်။ အရင်တုန်းက အဲဒီလို အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးခင်တုန်းက အဲဒီလို ရိက္ခာပို့တာ လက်နက်ပို့တာတွေက ခိုး ကြောင်ခိုးဝှက်ပို့တော့ ကိုယ့်ဘက်ကနေ သိလိုက်တယ်ဆိုရင် ဒါရိက္ခာပို့တာ၊ လက်နက်ပို့တာ ငါတို့ကို တိုက်ဖို့အတွက် သူတို့ အင်အားဖြည့်တာပဲဆိုပြီးတော့ ကိုယ်က သွားတိုက်လို့ရတယ်။ သွားပစ်လို့ရတယ်။ ဒါပေမဲ့ အခု အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ ကာလမှာ သူဒီလို သွားလာနေတာက သူ့ရဲ့ လွတ်လပ်မှုတစ်ခုဖြစ်နေတယ်။ ပို့တာတွေက ဘာပို့မှန်းလည်း မသိဘူး။ အကယ်၍ သူက သာမန် စစ်သားတွေ စားဖို့သောက်ဖို့လို လို့၊ အဝတ်အစားတွေလိုလို့ ပို့ပေးတာဆိုရင် ဖုံးထားကွယ်ထား စရာ မလိုဘူး။ အခုပုန်းလျှိုးကွယ် လျှိုး ပို့တယ်ဆိုတော့ ဘာပို့မှန်း လည်းမသိဘူး။ စစ်ဖို့ရာလည်း သူ့ကို ကိုယ်မရှုပ်၊ ကိုယ့်ကိုသူမရှုပ်ဆိုတဲ့ သဘောတူညီချက်အပေါ်မှာ ဒီအတိုင်း ကြည့်နေရတာပေါ့။ ကြည့်နေရပြီးတာ့ တဖြည်းဖြည်းနဲ့ သူတို့တပ်က သူတို့ကိုယ်သူတို့ အခိုင်အမာ တည်ဆောက်လာတာကို တွေ့ရတဲ့အပေါ်မှာ ဒီစစ်သားတစ်ဖြစ်လဲ ရွာသူရွာသား ဒေသခံတွေက ဘယ်လိုမှ လုံခြုံစိတ်ချမှု၊ စိတ် လုံခြုံမှု မခံစားရဘူး။ ဒီရွာသား တွေကို အာမခံပြီးတော့ အကာ အကွယ်ပေးနေတယ်ဆိုတဲ့ ကရင် စစ်သားတွေကလည်း ဘယ်လိုမှ လုံခြုံရေးအာမခံ မပေးနိုင်ဘူး။ ဒီစစ်သားတွေ၊ ဒီလူထုတွေကို။ ဒီဟာကြီးတွေ လာနေတာကိုတွေ့ရဲ့သားနဲ့ ၊ တပ်ကနေပြီးတော့ကားအစီးရေနဲ့ နေ့တစ်မျိုး ညတစ် မျိုးလာနေတာကို တွေ့ရဲ့ သားနဲ့ ခင်ဗျားတို့ လုံခြုံပါတယ်ဆို ပြီးတော့ လူထုကို ညာပြီး အာမခံပေးဖို့လည်း မပေးနိုင်ဘူးဆိုတော့ အဲဒီအပေါ်မှာ ဒီတပ်လှုပ်ရှား အပေါ်မှာ တစ်ခုတည်းကို ကြည့်ခြင်းအားဖြင့် လက်မှတ်ရေးထိုးထားပေမယ့်လည်း တည်ငြိမ်မှုမရှိဘူး။ လုံခြုံမှုမရှိဘူး။

KNU ကွန်ဂရက်ရွေးကောက်ပွဲကို လေးလနောက်ဆုတ်ပြီး မတ်လမှာမှ လုပ်ဖြစ်မှာနဲ့ပတ်သက်လို့ အပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြတဲ့အကြောင်းတစ်ခု က လက်ရှိ KNU ထိပ်ဆုံးခေါင်း ဆောင်ပိုင်းက ဒီအနေအထားကို  ထိန်းထားဖို့၊ သူတို့ဆောင်ရွက်နေ တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လုပ်ဖို့ ရာထူးဆက်ယူထား ချင်တာကြောင့် ကွန်ဂရက်ရွှေ့ တာလို့ ပြောနေကြပါတယ်။ ဒီ အပေါ် ဘာများ ရှင်းပြပေးနိုင်မလဲ။

ကျွန်တော် မသိဘူး။ လူတွေ ဘာဖြစ်လို့ အဲဒီလိုပြောလဲ၊ ဘာ ဖြစ်လို့ အဲဒီလိုထင်လဲ မသိဘူး။ ကျွန်တော်နားလည် သလောက် ကတော့ KNU ငြိမ်းချမ်းရေးလုပ် တယ်ဆိုတာ အဖွဲ့အစည်းရဲ့မူ၊ မူဝါဒတစ်ခုအနေနဲ့ ဆုံးဖြတ် ချက်ကြောင့်လုပ်တာ။ ဘယ် ခေါင်းဆောင်ပဲဖြစ်ဖြစ် ဒီမူဝါဒ မပြောင်းမချင်းက ဒီအတိုင်းပဲလုပ် ရမယ်။ ဒီမူဝါဒကို ဆုံးဖြတ်တာ လည်း အခုလက်ရှိ ဦးဆောင် administration က ဆုံးဖြတ်ထား တာမဟုတ်ဘူး။ ဟိုးအရင်က တည်းကိုက လွန်ခဲ့တဲ့ ခေါင်း ဆောင်သုံးဆက်၊ လေးဆက် လောက်ကတည်းကိုက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေ ရှင်းမယ်ဆိုတာ KNU ရဲ့ ရေရှည် ရပ်တည်လာခဲ့တဲ့ မူဝါဒတစ်ခုဖြစ် တယ်။ မူဝါဒအသစ်မဟုတ်ဘူး၊ မူဝါဒအဟောင်းပဲ။ ဆိုတော့ ကျွန် တော့်အနေနဲ့မြင်တာက အဲဒီ စိုး ရိမ်ကြောင့်ကြမှုတွေက အခြေ အမြစ်မရှိတဲ့ စိုးရိမ်ကြောင့်ကြမှု တွေဖြစ်တယ်။ အကယ်၍ အခု လောလောဆယ် KNU ထဲမှာပဲ အဲဒီလိုပြောနေတဲ့ ခေါင်းဆောင် ရှိလို့ရှိရင် ဒါ မှားယွင်းတဲ့နားလည် မှုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ KNU ရဲ့ မူဝါဒက လွန်ခဲ့တဲ့ ခေါင်း ဆောင်သုံးဆက်၊ လေးဆက် လောက်ကတည်းက ချမှတ်ထား တဲ့ မူဝါဒဖြစ်တယ်။ လက်နက် ကိုင်တော်လှန်ရေးကို ၄၉ မှာစခဲ့ တာဟာ ကရင်အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ကရင် အမျိုးသားထုကို ကာကွယ် ဖို့ အတွက်ပဲဖြစ်တယ်။ လက်နက် ကိုင်နည်းနဲ့ အနိုင်ယူမယ်ဆိုတာ ထက် ကရင်အမျိုးသားတွေကို ကာကွယ်ဖို့ အတွက်ပဲဖြစ်တယ်။ ဒါပေမဲ့ တကယ့်တကယ် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတာက KNU ရဲ့ long term standing policy ဖြစ် တယ်။ ပေါ်လစီအသစ်မဟုတ် ဘူး။ အခု administration က ထွင်ထားတဲ့ ပေါ်လစီလည်း မဟုတ်ဘူး။ အကယ်၍ အပြင်မှာ ကြောင့်ကြမှုတွေ ရှိတယ်ဆိုရင် အခြေအမြစ်မရှိတဲ့ ကြောင့်ကြမှု တွေဖြစ်တယ်။ အကယ်၍ KNU လက်ရှိခေါင်းဆောင်တွေထဲက တစ်ယောက်တလေကများ အဲဒီ လိုပြောခဲ့တယ်ဆိုရင် အဲဒီခေါင်း ဆောင် နားလည်မှုလွဲတာပဲဖြစ် တယ်။

ဗိုလ်ချုပ်ကြီးဟာ အကျင့်ပျက် ခြစားမှုမရှိတဲ့ ခေါင်းဆောင် တစ်ယောက်ဆိုပြီးတော့ KNU/ KNLA တပ်ဖွဲ့ဝင်တွေကရော၊ ကရင်လူထုအသိုင်းအဝိုင်းကရော ချီးကျူးတာ ကြားရပါတယ်။ခေါင်းဆောင်ပိုင်း စီးပွားရေးအကျိုးအမြတ် ဆက်စပ်မှု၊ ခြစားမှုတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးရဲ့ ခံယူချက်ကို သိပါရစေ။

တစ်ခုက ပုဂ္ဂိုလ်ရေးခံယူ ချက်က ကိုယ်က အများအကျိုး အတွက် လုပ်မယ်လို့ ယူဆထားတဲ့ အပေါ်မှာ အများအတွက်တကယ် အကျိုးရှိ၊ မရှိ ဆုံးဖြတ်ပြီးတော့မှ အများအကျိုးရှိတယ်လို့ စိတ်ချယုံကြည်မှုရှိရှိ လုပ်တယ်ဆိုရင် ကိုယ့်အတွက်ပါ အကျိုးရှိ တယ်။ အများအကျိုးအတွက် လုပ်တယ်ဆိုတာ ကိုယ့်အတွက် အကျိုးပါပြီးသားပဲ။ ဆိုတော့ ကိုယ့်အကျိုး (ဒါမှမဟုတ်) လူနည်းစုအကျိုးဆိုတာ သီးသန့်ကြီးလုပ်စရာမလိုဘူး။ ဒါက အများအကျိုးလုပ်မယ်လို့ ခံယူထားတဲ့အပေါ်မှာ ကိုယ်ကျိုးက အထွေအထူး ရှာစရာမလိုဘူး။

နောက်တစ်ခုက ဒီလိုလုပ် ငန်းတွေ အခွင့်အရေးတွေနဲ့ပတ် သက်ပြီး အရင်တုန်းက တပ်(အစိုး ရတပ်မတော်)က ဘာညာချပေး တယ်တို့၊ ဒီအခွင့်ထူးတွေ ဘာ တွေညာတွေဆိုတာက ဒီလုပ်ငန်း အခွင့်တွေ အဲဒါတွေကလည်း လုပ်နည်းကိုင်နည်း လုပ်ငန်းကျွမ်း ကျင်မှုနဲ့ဆိုင်တယ်။ ကျွန်တော့် အနေနဲ့ မြင်တာက ဒီလိုလုပ်ငန်း တွေကို လုပ်မယ်ဆိုရင် ကျွမ်းကျင်သူ၊ သူ့ဟာသူ ပညာပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်နားလည်တဲ့သူတွေ လုပ်တာ၊ ဒီလုပ်ငန်းလုပ်ဖို့ နည်းဥပဒေတွေ၊ ဥပဒေတွေရှိပြီလား၊ အနေအထားတွေရှိပြီလား၊ အဲဒီလို အနေအထားတွေကို ဖန်တီးနိုင်မှ လုပ်ရမယ့်လူက လုပ်တာက ပိုပြီးသင့်တော်တယ်လို့ ယူဆတယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့က ဒီလုပ်ငန်းတွေကိုလုပ်တာက ဒါကျွန်တော့်အလုပ် မဟုတ်ဘူး။ ကျွန်တော်လုပ်ဖို့ မလိုဘူး။ ဒီ လုပ်ငန်းတွေကို လုပ်ဖို့အတွက် နည်းမှန်လမ်းမှန်နဲ့ လုပ်နိုင်ဖို့အ တွက် ဖန်တီးဖို့ပဲကျွန်တော်က သ ဘောထားရှိတယ်။ ဒီလုပ်ငန်းတွေ ကို ကိုယ်တိုင်လုပ်ဖို့အတွက် ဆန္ဒ မရှိဘူး။

ကရင်ပြည်နယ်မှာ ကရင်လက်နက် ကိုင်အဖွဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့မကရှိနေ တယ်။ မကြာသေးမီက KNU က ကြေညာချက်ထုတ်ခဲ့ပြီး ပြန်ပေါင်း ဖို့ဖိတ်ခေါ်ခဲ့ပေမယ့် အခုထိပေါင်း နိုင်တာမတွေ့ရဘူး။ ဒီအနေအ ထားအပေါ် ဗိုလ်ချုပ်ကြီးရဲ့သဘော ထားက ဘယ်လိုရှိပါသလဲ။

BGF ကို ကရင်လက်နက်ကိုင် တပ်လို့ KNU က မသတ်မှတ်ဘူး။ ကရင်လက်နက်ကိုင်တပ်ကသုံးဖွဲ့ ပဲရှိတယ်။ အဲဒီသုံးဖွဲ့တောင်မှ ပြန် ပေါင်းတာက အခုပြန်ပေါင်းမယ် ဆိုရင် NCA မှာ လက်မှတ်ရေးထိုး ထားတာက သဘောကငါးဖွဲ့ပဲရှိ တယ်။ ကရင်၊ ပအိုဝ်း၊ ABSDF ၊ ချင်း၊ ရခိုင်။ အခုက NCA လက် မှတ်ထိုးတာ ရှစ်ဖွဲ့ရှိတယ်လို့ တပ် မတော်က ပြောချင်လို့ကရင်သုံး ဖွဲ့ကိုသူက လက်ခံထားတာ။ ဆို တော့ ပေါင်းတယ်၊ မပေါင်းဘူးဆို တာက နက်နက်ရှိုင်းရှိုင်းကြည့်တဲ့ အပေါ်မှာပဲ မူတည်တယ်။ ကရင် လက်နက်ကိုင်သုံးဖွဲ့ တကယ်ရှိနေ တာလား၊ ဒါမှမဟုတ် in the context of NCA မှာပဲ သုံးဖွဲ့ရှိတာ လားဆိုတာ ကြည့်ဖို့လိုတယ်။

အဲဒီတော့ ဗိုလ်ချုပ်ကြီးဆိုလိုချင် တာက တကယ်အပြင်မှာ သုံးဖွဲ့ မရှိဘူးလို့ပြောချင်တာလား။

မရှိဘူးလို့လည်း ပြောလို့မရ ဘူး။ ဒါပေမဲ့ သုံးဖွဲ့ရှိနေတာက သ ဘောတရားအရ သုံးဖွဲ့စလုံး interests ဖြစ်နေတယ်။ ဒါက တပ်မတော်က ဒီလိုပဲဖန်တီးထား တာ။ အကယ်၍ တစ်ဖွဲ့ဖွဲ့က ဦး ဆောင်ပြီးတော့ ပြတ်ပြတ်သား သား ဦးဆောင်မှုပေးမယ်ဆိုရင် ကိုယ်ကျိုးမကြည့်ဘဲ ဦးဆောင်မှု မျိုးပေးမယ်ဆိုရင် ဒီသုံးဖွဲ့ဆိုတာ ရှိချင်မှရှိမယ်။ ဒါပေမဲ့ ပြတ်ပြတ် သားသား ဦးဆောင်မှု မပေးနိုင်တဲ့ အပေါ်မှာ၊ အကျိုးစီးပွားကို ဦး တည်တဲ့ ဦးဆောင်မှုအောက်မှာ သုံးဖွဲ့က ရှိနေတယ်။ ဒါပေမဲ့ တ ကယ့်တကယ် သုံးဖွဲ့ရှိတယ်၊ မရှိ ဘူးဆိုတာက မေးခွန်းထုတ်စရာ ဖြစ်တယ်။ သုံးဖွဲ့က ခုနကပြော သလို NCA မှာ ရှစ်ဖွဲ့လက်မှတ် ရေးထိုးတယ်လို့ပြောလို့ရအောင် သုံးဖွဲ့က လိုကိုလိုတယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ လက် နက်ကိုင်သုံးဖွဲ့ရှိသလားဆိုတာကို ကြည့်ဖို့အတွက်က ဥပမာ KNU ရော၊ KNLA-PC ရောကနိုင်ငံရေး ဆိုရင် မပြောဘူး။ KNU ကို လုံးဝမိခင်အဖွဲ့အစည်းလို့ သတ် မှတ်တယ်။ မိခင်အဖွဲ့အစည်းလို့ သတ်မှတ်တာက သုံးဖွဲ့ရှိသေး လား၊ အဲဒီတော့ ဒါကစဉ်းစားစရာ ပေါ့။ မိခင်အဖွဲ့အစည်းက ဦး ဆောင်တဲ့သူရော၊ KNU/KNLA- PC , DKBA မှာရော ဦးဆောင်နေ တဲ့ ဒီသုံးဖွဲ့အမည်ခံဦးဆောင်မှု တွေဟာ ပြတ်ပြတ်သားသား ဦး ဆောင်မှုသာ ပေးမယ်ဆိုလို့ရှိရင် သုံးဖွဲ့ရှိချင်မှရှိမှာ။

ဗိုလ်ချုပ်ကြီးကိုယ်တိုင်ပါဝင်လက် မှတ်ထိုးခဲ့တဲ့ ကော်သူးလေArmedForces (KAF) က အခု ဘယ်လိုအနေအထားရှိပါသလဲ။

လာမယ့်ကွန်ဂရက်မှာအဲဒီ Armed Forces ကို ဆွေးနွေးဖို့ အာဂျင်ဒါရှိတယ်။ ဒါပေမဲ့ ကွန်ဂ ရက်မှာပဲဆွေးနွေးမယ်။

သမိုင်းမှာကြည့်လိုက်ရင် စစ် အ စိုးရက မြောက်ပိုင်းနဲ့ငြိမ်းချမ်းရေး ယူခဲ့ချိန်မှာ တောင်ပိုင်းမှာ KNU ကတော့ ဌာနချုပ်မာနယ်ပလော ကျခဲ့ပြီး ဆက်တိုက်ပွဲဝင်ခဲ့တယ်။ အခုကျတော့ KIO/KIA နဲ့ မြောက် ပိုင်းအဖွဲ့တွေနဲ့ တပ်မတော်ကြား မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး KNU ကတော့ NCA ထိုး ငြိမ်းချမ်း ရေးယူတယ်။ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့တွေကြားထဲက ဆက်ဆံရေးနဲ့ မဟာမိတ်အနေ အထားကို ဗိုလ်ချုပ်ကြီးရဲ့အမြင် ဘယ်လိုရှိပါသလဲ။

ဒါကတော့ တပ်ရဲ့သွေးခွဲပြီး တော့ မဟာမိတ်ကို ဖြိုခွဲတိုက်ခိုက် တဲ့စနစ်။ အရင်တုန်းကလည်း မြောက်ပိုင်းနဲ့ အပစ်အခတ်ရပ်စဲ ရေးလုပ်ပြီးတော့ ဒီဘက်ထဲကို အ ရှေ့ပိုင်းနဲ့ တောင်ပိုင်းကို စစ်ဆင် ရေးတွေ လုပ်ခဲ့တယ်။ မဟာမိတ် ဆက်ဆံရေးကို ဖြိုခွဲတယ်။အခုကျ တော့ မြောက်ပိုင်းကိုတိုက်ပြီး တော့ ဒီဘက်က အပစ်အခတ်ရပ် စဲရေးနဲ့ မဟာမိတ်ဆက်ဆံရေးကို ဖြိုခွဲတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ် ဖြစ် ဗမာမဟုတ်တဲ့တိုင်းရင်းသား တွေက ပြန်ပြီးစုစည်းကြတာပဲ။ လမ်းရှာပြီးတော့ ပြန်ပြီးစုစည်းကြ တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖိ နှိပ်အုပ်ချုပ်တဲ့စနစ် စစ်ဝါဒကို ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်နေ တာပဲမို့လို့ ပြန်ပြီးတော့ နည်းလမ်း ရှာစုစည်းကြတာပဲ။ အဲဒီလိုပဲပြန် ပြီး နည်းလမ်းရှာစုစည်းကြရမှာပဲ။

နောက်ပြီးဗိုလ်ချုပ်ကြီးက Salween Peace Park သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကို ထောက်ခံမိန့်ခွန်းပြော တာလည်း တွေ့ရတော့ ဒါနဲ့ပတ် သက်လို့မေးချင်ပါတယ်။ ဘာ ကြောင့် ဒီ Salween Peace Park လုပ်ဖို့လိုအပ်တာလဲ။

သဘာဝပတ်ဝန်းကျင်နဲ့ မြစ် ချောင်းအင်းအိုင်တွေကို ထိန်း သိမ်းကာကွယ်ဖို့အပြင် ကရင်တစ် မျိုးသားလုံး အမျိုးသားစည်းလုံး ညီညွတ်ရေးကိုပါ ဦးတည်ပြီးတော့ အတူတကွ ဒီလုပ်ငန်းတွေမှာ ပူး ပေါင်းပါဝင်ခြင်းအားဖြင့် ငြိမ်းချမ်း ရေးကို သရုပ်ဖော်တဲ့လုပ်ငန်းတစ် ခုလည်းဖြစ်တယ်။ သဘာဝပတ် ၀န်းကျင်ကို ထိန်းသိမ်းခြင်း၊ မြစ် ချောင်းတွေကို ထိန်းသိမ်းခြင်းအား ဖြင့် ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ်နဲ့ သဟဇာတရှိရှိ အသက်ရှင်နေထိုင် နိုင်အောင် နည်းလမ်းရှာတာလည်း ဖြစ်တယ်။

ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ(အလယ်)နှင့် KNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - ငြိမ်းငြိမ်းပြည့်)

ဒီဥယျာဉ်ဧရိယာထဲမှာ အစိုးရတပ်စခန်းတွေရော၊ KNLA တပ် စခန်းတွေရောရှိနေတော့ အငြင်းပွားစရာရှိမလာနိုင်ဘူးလား။ ဒီအပေါ် ဘယ်လိုညှိနှိုင်းမှုတွေ ရှိပါသလဲ။

ကရင်တပ်က ဒီမှာရှိတယ်ဆို တာ ကရင်ရွာသားတွေက သူ့နေ ရာကိုသူ ကာကွယ်တာ။ ဗမာတပ် မလာရင် ဒီလူတွေက ရွာသားတွေ ပဲ။ ဗမာတပ်လာမှ ဒီလူတွေက လက်နက်ကိုင်ပြီး ကာကွယ်တဲ့ အပေါ်မှာ ကရင်တပ်ရှိတယ်လို့ ယူဆရတာ။ ကရင်က သူ့နေရာမှာ သူနေနေတာ။ ဗမာတပ်လာတာက ကျူးကျော်တာ။ ဆိုတော့ ငြင်းချင် ရင်တော့ငြင်းလို့ရတယ်။ ဒါပေမဲ့ ကရင်အတွက်က ငြင်းစရာ အ ကြောင်းမရှိဘူး။ တပ်ကိုကြည့်ပြီး ငြင်းချင်ရင် ငြင်းလို့ရတယ်။ ဒါပေ မဲ့ ဒီကရင်တွေက ဘယ်မှာနေလဲ ဆိုရင် ဒီမှာပဲနေတာ။

ဒီငြိမ်းချမ်းရေးဥယျာဉ်ဧရိယာထဲ မှာ တပ်မတော်တပ်စခန်းတွေရှိ နေတော့ ဒီဥယျာဉ်လုပ်မယ့်အစီအ စဉ်ကို တပ်မတော်ဘက်ကလက် ခံလား၊ ဘယ်လိုညှိနှိုင်းမှုတွေရှိနေ လဲဆိုတာ သိချင်တာပါ။

ဒီ Peace Park ရဲ့ ရည်ရွယ် ချက်က ငြိမ်းငြိမ်းချမ်းချမ်း သဟ ဇာတရှိရှိ နေထိုင်နိုင်ဖို့အတွက်ပဲ ဖြစ်တယ်။ ဒါကို မကြိုက်ဘူးဆိုရင် ငြိမ်းချမ်းရေးကို မလိုချင်လို့ပဲ။ ငြင်းချင်ရင် ငြင်းလို့ရတယ်။ အ ငြင်းပွားရင် ငြိမ်းချမ်းရေးမလိုချင် လို့ပဲဖြစ်မှာပဲ။ Peace Park က ဘယ်သူ့ကိုမှ မထိခိုက်ဘူး။နောက် တစ်ခုက ဒီဒေသမှာမြန်မာတပ် တွေ ၀င်မလာခင်က ဒီဒေသမှာ ထိခိုက်ကျိုးကန်းဒဏ်ရာရ အသေ ဆိုးတွေမရှိဘူး။ အိမ်တွေမီးလောင် ပြာကျတာတွေ မရှိဘူး။ မြန်မာ တပ်က ၀င်လာမှ ငိုကြွေးပူဆွေးရ တာ။ သောကတွေ၊ ထိခိုက်ဒဏ် ရာရခြေပြတ်လက်ပြတ် မျက်စိ ကန်းရောဂါဘယတွေ၊ ကလေး ငယ်တွေ သေဆုံးရတာတွေရှိလာ တယ်။ ဒီဟာတွေ မရှိတော့အောင်၊ ဒီဟာတွေ မရှိနိုင်မယ့်အခြေအနေ မျိုးကို ငြိမ်းချမ်းတဲ့၊ သဟဇာတရှိ တဲ့နေထိုင်မှုမျိုးကို လုပ်မှာကို မ ကြိုက်ဘူး။ စကားများချင်တယ်၊ အငြင်းပွားချင်တယ်ဆိုရင် ငြိမ်း ချမ်းရေးကို မကြိုက်လို့ပဲ ငြင်းတာ ပဲ။

ဗိုလ်ချုပ်ကြီးမှာ စံပြပုဂ္ဂိုလ်ရှိရင် လည်း သိပါရစေ။

တစ်ယောက်တည်းပုဂ္ဂိုလ် ကိုးကွယ်လောက်တဲ့၊ကိုးကွယ်တဲ့ အထိတော့ အဲဒီပုဂ္ဂိုလ်မျိုး၊ ဦးထိပ် ထားတဲ့ပုဂ္ဂိုလ်မရှိဘူး။ ဒါပေမဲ့ ဟို တစ်ယောက်ရဲ့ ခေါင်းဆောင်မှု အရည်အချင်း နည်းနည်း၊ ဒီတစ် ယောက်ရဲ့ ... အဲဒီလိုမျိုးတော့ ရှိ တာပေါ့နော်။ ဥပမာ ကရင်အမျိုး သားခေါင်းဆောင်ထဲမှာဆိုရင် စောဘဦးကြီး။ ခေတ်ပညာတတ် တယ်။ ဥစ္စာလည်း ကြွယ်ဝတယ်။ ဒါပေမဲ့ သူ့ရဲ့ဦးဆောင်မှုမှာ ဒါကို သူကအခြေခံတာမဟုတ်ဘဲနဲ့ တာ ၀န်ခံမှု၊ တာဝန်ယူမှုဆိုတဲ့ အရေး ကြီးခေါင်းဆောင်အရည်အချင်း ပေါ်မှာ အခြေခံပြီးတော့ ဦးဆောင် တာကို ကျွန်တော်သဘောကျ တယ်။ ဥပမာ ခေတ်ဟောင်းထဲက နပိုလီယံဆိုရင် သူ့ဟာသူ အာဏာ ရှင်ဖြစ်သွားတာတို့ဘာတို့က တစ် မျိုးပေါ့။ ဒါပေမဲ့ အခက်အခဲတွေ ကြံ့ကြံ့ခံပြီးတော့ ဦးဆောင်မှု ပေးတယ်။ ကိုယ်တိုင်လည်း အောင်မြင်အောင်ကြိုးစားတယ်။ ဦးဆောင်မှုပေးတဲ့အခါမှာလည်း သတ္တိနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု တွေကိုလည်း တွေ့ရတယ်။ ဒီလို ခေါင်းဆောင်မှုမျိုးတွေက ကျွန် တော့်ကိုဆွဲဆောင်တယ်။

နောက်ဗိုလ်ချုပ်မြပေါ့။ ဗိုလ် ချုပ်မြက ပွင့်လင်းတယ်။ ဖြောင့်  မတ်မှန်ကန်တယ်။ သူ့မှာ တခြား အားနည်းချက်တွေ၊ ဦးဆောင်မှု ပေးတဲ့နေရာမှာ ချို့ယွင်းချက်တွေ ရှိရင် ရှိပေမယ့်လည်း သူ့ရဲ့အား သာချက်ကတော့ ရိုးသားတယ်။ ဖြောင့်မတ်တယ်။ ပွင့်ပွင့်လင်း လင်း ပြတ်ပြတ်သားသားရှိတယ်။ 

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည် ထောင်နိုင်ပြီ၊ ငြိမ်းချမ်းရေးရပြီဆို တဲ့အခါ ဗိုလ်ချုပ်ကြီးလုပ်ချင်တဲ့ အလုပ်၊ ရှင်သန်ချင်တဲ့ဘ၀က ဘယ်လိုဘ၀မျိုးလဲ။

အများကြီးပဲဖြတ်သန်းလာရ တဲ့အပေါ်မှာ တစ်နေ့ ဒီအလုပ်ကို ဆက်လုပ်ဖို့မလိုတော့ဘူးဆိုလို့ရှိ  ရင် အများကြီးဖြတ်သန်းလာရတဲ့ အတွက်ကြောင့် ပြောချင်တာတွေ၊ သင်ခန်းစာယူခဲ့ရတာတွေလည်း အများကြီးပဲဖြစ်တဲ့အတွက် ကြောင့် နောင်လာနောက်သား တွေအတွက် ကျွန်တော်စာရေးချင် တယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ မှတ်ယူစရာတွေ၊ သင်ခန်းစာ ယူ စရာတွေအများကြီးပဲ။အမှားရော၊ အမှန်ရော၊ ကောင်းတာရော၊ မ ကောင်းတာတွေရော။ အဲဒါတွေ အကုန်လုံးကိုရေးပြီးတော့ နောင် လာနောက်သားတွေအတွက် အ ကျိုးရှိမယ်လို့ ထင်တယ်။ ရေးချင် တာတွေ၊ မျှချင်တာတွေ အများ ကြီးပဲရှိတယ်ဆိုတော့ အကယ်၍ အခွင့်ရမယ်ဆိုရင်တော့၊ ဘာမှ ဒီ အလုပ်တွေဆက်လုပ်ဖို့မလိုတော့ ဘူးဆိုရင်တော့ အဲဒီဟာတွေကို စာပြန်ရေးချင်တယ်။

အဲဒီတော့ ဗိုလ်ချုပ်ကြီးကို စာရေး ဆရာအဖြစ် ဘယ်နှခုနှစ်လောက် မှာ တွေ့ရနိုင်ခြေရှိမလဲ။

ဟား...ဟား...ဟား...။ ပြော လို့မရဘူး။ လုပ်ရင်းလုပ်ရင်းနဲ့ လည်း သေသွားနိုင်တယ်။

ပြည်တွင်းစစ် လက်နက်ကိုင်ပဋိ ပက္ခဖြစ်ပွားနေတာ မျိုးဆက်နှစ် ဆက်၊သုံးဆက် ကြာလာပါပြီ။ ဗိုလ်ချုပ်ကြီးရဲ့ မျိုးဆက်မှာ နိုင်ငံ ဟာ အထူးသဖြင့် ကရင်ပြည်နယ် မှာ ငြိမ်းချမ်းရေးယူသွားနိုင်မယ်၊ ရသွားမယ်လို့ ယုံကြည်မျှော်လင့် ချက်ရှိသလား။

မျှော်လင့်တယ်။ မယုံဘူး။ ရ ချင်တယ်။ ရမယ်လို့တော့ မျှော် လင့်တယ်။ ဒါပေမဲ့....။ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိတယ်ဆိုရင်တော့ ကျွန်တော်ရေးနိုင်တဲ့ စာက Apology တောင်းပန်စာပဲဖြစ် မယ်။

နောက်ဆုံးအနေနဲ့ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်ကို အကြံပြုချင်တာများရှိရင် ပြုပေးပါဦး။

အခုလောလောဆယ်ဘာမှ အထွေအထူး အကြံမပြုချင်ဘူး။ ကြည့်ရတာလည်း သူ့အခြေအနေ က ဘေးကျပ်နံကျပ်နဲ့ဆိုတော့။

ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ကြီး။ 

Top News