မြန်မာလုပ်သားများအတွက် မလုံခြုံတော့သော မလေးရှား

ရန်ကုန်လေဆိပ်ရှိ မြန်မာလုပ်သားများသတင်းပို့ရာကောင်တာတွင် သတင်းပို့နေသော မြန်မာလုပ်သားအချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ-နစ်ကီ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၁၅ နှစ်ကြာ အလုပ်လုပ်ကိုင် နေထိုင်နေသော ဦးကျော်မြင့်တို့မိသားစု မြန်မာပြည်သို့ အပြီးပြန်လာရန် ပြင်ဆင်နေသည်။ မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လာနေ ခြင်းနှင့် လက်ရှိတွင်လည်း ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မလေးရှားနိုင်ငံသားများက ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် လုံခြုံမှု မရှိတော့ဟု ခံစားရပြီး ဦးကျော်မြင့်ကဲ့သို့ နေရပ်ပြန်လာရန် ပြင်ဆင်နေသည့် မြန်မာလုပ်သားများ အများအပြားရှိနေကြောင်း မလေးရှားရောက် မြန်မာလုပ်သားများက ပြောသည်။

ပြီးခဲ့သည့် လေးနှစ်အတွင်း မလေးရှားရောက် မြန်မာလုပ်သား ၇၀ ခန့် အသတ်ခံရပြီး အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု ရှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ၂၀၁၆ တစ်နှစ်တည်းမှာပင် မလေးရှားရောက် မြန်မာလုပ်သား ၁၅ ဦးသတ်ဖြတ်ခံရပြီး အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု သုံးကြိမ် ဖြစ်ပွားခဲ့သည်။

ယင်းပမာဏသည် မြန်မာလုပ်သားငါးသန်းခန့် သွားရောက်လုပ်ကိုင်နေသည့် ထိုင်းရောက် မြန်မာလုပ်သားများနှင့် နှိုင်းယှဉ်လျှင် မြန်မာလုပ်သားငါးသိန်းခန့် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မလေးရှားရောက် မြန်မာလုပ်သားများက လုပ်ကြံသတ် ဖြတ်ခံရမှုပိုများနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် လေးနှစ်အတွင်း ထိုင်းရောက် မြန်မာလုပ်သားများအသတ်ခံရမှု ၂၀ဦးခန့်သာ ရှိခဲ့သည်။

ထို့အပြင် တိုက်ခိုက်ခံရမှုများကြောင့် ဒဏ်ရာရမြန်မာလုပ်သားအရေအတွက် ရာနှင့်ချီ၍ ရှိခဲ့သည်။

ယခုနောက်ဆုံး ကံဆိုးမိုးမှောင်ကျသူများမှာ မြန်မာလုပ်သားငါးဦးဖြစ်သည်။ ဇန်နဝါရီ ၅ ရက်ညတွင် ကွာလာလမ်ပူ ဆာဒန်းမြို့တွင် အချိန်ပိုအလုပ်ဆင်းရာမှ ပြန်လာသော မြန်မာလုပ်သား ၁၅ ဦးကို မျက်နှာဖုံးစွပ် လူ ၁၀ ဦးခန့်က ဓားများဖြင့်တိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုဖြစ်စဉ်များကြောင့် မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ ဆက်လက်နေထိုင်ရန်နှင့် အလုပ်သွားရောက်လုပ်ကိုင်ရန် စိုးရိမ်မှုများမြင့်တက်လာသည်။

၂၀၁၂ တွင်ဖြစ်ပွားခဲ့သည့် ရခိုင်အရေး၊ ၂၀၁၃ တွင် ဖြစ်ပွားခဲ့သည့် မိတ္ထီလာအရေးနှင့် ၂၀၁၆ တွင် ထပ်မံဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အရေးတို့ကြောင့် မလေးရှားရောက်မြန်မာလုပ်သားများ၏ အသက်အန္တရာယ်နှင့်လုံခြုံရေးကို ရိုက်ခတ်လာခြင်းဖြစ်ကြောင်း မလေးရှားရောက် မြန်မာလုပ်သားများက ပြောသည်။

‘‘မနေရဲတော့ဘူး။ လုံခြုံမှုမရှိမှတော့ လုပ်နေလည်း အပိုပဲလေ။ စုမိတာလေးနဲ့ ပြန်ပြီး ကြုံရာပဲ လုပ်ကိုင်စားသောက်တော့မယ်’’ ဟု ကွာလာလမ်ပူမြို့ရှိ လျှပ်စစ်အပိုပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် လုပ်ကိုင်နေသော အသက် (၄၅)နှစ်အရွယ် ဦးကျော်မြင့်က ပြောသည်။ ဦးကျော်မြင့်သည် ဇနီးနှင့်အတူ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းတို့ဇနီးမောင် နှံတွင် (၁၀)နှစ်အရွယ် သမီးတစ်ဦးရှိကာ မလေးရှားနိုင်ငံ၌ မိသားစုလိုက် နေထိုင်သူလည်းဖြစ်သည်။

၂၀၁၆ ဇူလိုင် ၁၁ ရက်တွင် ပီနန်ဘာတာဝပ်နယ်မြေ၌ မြန်မာလုပ်သားများနေထိုင်သော အဆောင်သို့ ဆိုင်ကယ်စီးမျက်နှာဖုံးစွပ်လူအုပ်စုက ပစ္စည်းများလုယက်ပြီး မြန်မာလုပ်သားသုံးဦး အသတ်ခံခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် မလေးရှားနိုင်ငံ ကိုတာဘားရူးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား လေးဦးကို မျက်နှာဖုံးစွပ်လူကိုးဦးက ပြန်ပေးဆွဲပြီး အကြမ်းဖက်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။ ထို့အပြင် ၂၀၁၇ ဇန်နဝါရီလပိုင်းအတွင်းကလည်း ဆာလာရန်းနယ်မြေတွင်မလေးရှားနိုင်ငံသားများနှင့် မြန်မာမွတ်စလင်ဟု သုံးနှုန်းပြောဆိုနေသည့် အဖွဲ့အစည်းနှစ်ခုနယ် မြေလုအငြင်းပွားရာမှ အကြမ်းဖက်မှုများဖြစ်ပေါ်ကာ လူသေဆုံး မှုများရှိခဲ့သည်။

ဖြစ်စဉ်တိုင်းတွင် ထူးခြားချက်မှာ မလေးရှားရဲတပ်ဖွဲ့က ထိရောက်စွာစုံစမ်းအရေးယူဖော်ထုတ်နိုင်မှုမရှိခြင်းပင်ဖြစ်သည်။

မလေးရှားတွင် ပီနန်း၊ ဆာလာရန်း၊ အလော့စတား၊ ဘာတာဝပ်၊ ဆာရာဝပ်နှင့် ကွာလာလမ်ပူ အစွန်းပိုင်းနေရာများသည် မြန်မာနိုင်ငံသားများ မကြာခဏတိုက်ခိုက်ခံနေရသော မြို့များဖြစ်သည်။ ၂၀၁၆ တွင်း မြန်မာနိုင်ငံသားများ အသတ်ခံရမှုမှာ ပီနန်းပြည်နယ်၌ အများဆုံးဖြစ်ပွားခဲ့သည်။ မလေးရှားနိုင်ငံတွင် လူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခြင်းမှာ မြန်မာလုပ်သားများ အသတ်ခံရမှုများက သာဓကဖြစ်သည်။

‘‘အခုဆို လုံးဝအပြင်မထွက်တော့ဘူး။ မြန်မာဆိုင်တန်းတွေမှာတောင် လူမရှိတော့ဘူး။ တော်တော်လေးကို သတိထားနေကြရတယ်။ အခုဖြစ်တဲ့ ပြဿနာကလည်း အဖြစ်မှန်မပေါ်သေးတော့ စိုးရိမ်မှုတွေ ရှိနေတယ်။ ၂၀၁၃ လို ပြန်ဖြစ်မှာ ကြောက်နေကြတာပေါ့’’ဟု မလေးရှားရောက်မြန်မာများအတွက် ‘မလေးရှားရောက် မြန်မာများ’ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှ တစ်ဆင့်သတင်းများ ဖြန့်ဝေပေးနေသူ ကိုမျိုးက ပြောသည်။

၂၀၁၃ က မလေးရှား ဆာလာရန်းမြို့တွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ၁၀ ရက်ဆက်တိုက်ဖြစ်ပွားရာ ယင်းဖြစ်စဉ်တွင် မြန်မာလုပ်သား ခုနစ်ဦး သေဆုံးပြီး ယင်းနှစ်အတွင်း မလေးရှားရောက် မြန်မာလုပ်သား ၃၀ဦး အသတ်ခံခဲ့ရသည်။

၂၀၁၃ မတိုင်မီ နှစ်များကလည်း မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများ အသတ်ခံရမှုရှိနေရာ ၂၀၁၃ ဆာလာရန်းပြဿနာ ဖြစ်ပွားပြီး နောက်ပိုင်း ပိုမိုများ ပြားလာခြင်းဖြစ်သည်။

‘‘တချို့တွေကလည်း တစ်ခုခုဖြစ်ရင် ချက်ချင်းပြန်လို့ရအောင် ပြင်ဆင်ထားတာတွေ ရှိတာပေါ့။ ခက်တာက အလုပ်ရှင်တွေကလည်း ပြန်လို့မရအောင် သူတို့ရဲ့ ပတ်စ်ပို့တွေကို သိမ်းထားတာရှိတယ်။ အခုလောလောဆယ်မှာ တော့ အားလုံးက သတိနဲ့ နေနေရ တာပဲ။ ကျွန်တော်လည်း အပြင် ထွက်ရင် ဘယ်ညာကြည့်သွားနေ ရတာပေါ့’’ဟု မလေးရှားရောက် မြန်မာလုပ်သားများအရေး ကူညီ ဆောင်ရွက်ပေးနေသော ကပ်ပုန်း(၇)ရက် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြား သည်။

မလေးရှားနိုင်ငံရောက် မြန်မာများအား ကူညီပေးနေသူများသည် ၎င်းတို့၏အသက်အန္တရာယ် စိုးရိမ်ရသည်ကို ၎င်းတို့ကိုယ်တိုင် သိထားပြီးဖြစ်သည်။ နာမည်ကျော်ကြားမှုရှိလာလျှင် အသတ်ခံနိုင် ခြေရာနှုန်းပြည့်ရှိနေသည်ဟု ၎င်းတို့က ပြောသည်။

၂၀၁၃ က ဆာလာရန်းပြဿ နာဖြစ်စဉ်ကို မြန်မာသတင်းမီဒီယာများထံ အဓိကပေးပို့သူတစ်ဦး ဖြစ်သည့် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ၏အခွင့်အ ရေး၊ ရပိုင်ခွင့်နှင့် ကူညီမှုများလုပ်ကိုင်ပေးနေသော ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်ကြီးမှာ ၂၀၁၃ ဖေဖော်ဝါရီ ၄ ရက်က အသတ်ခံခဲ့ရသည်။ ထို့ပြင် ယင်းကာလမှာပင် ကွာလာလမ်ပူနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင်မှာ လည်း မော်တော်ယာဉ်အတွင်း အသတ်ခံခဲ့ရသည်။

လက်ရှိတွင်လည်း ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မလေးရှားနိုင်ငံဝန်ကြီးချုပ်ကိုယ်တိုင်က မြန်မာအစိုးရအပေါ် စွပ်စွဲပြောဆိုကာ ဦးဆောင်ဆန္ဒပြထားသဖြင့် မြန်မာအစိုးရဘက်က မလေးရှားအစိုးရကို သတိပေးပြောဆိုမှုများ ပြုလုပ်ထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံအ ပေါ် အကြိမ်ကြိမ်ဆန္ဒပြကန့်ကွက်မှုများပြုလုပ်သည့် မလေးရှားဝန် ကြီးချုပ်နှင့် မလေးရှားရှိ အဖွဲ့အစည်းအချို့ကို မြန်မာနိုင်ငံသားများက တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားနေသော ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများ အထူးဂရုပြုသွား လာနေထိုင်ကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၂၀၁၆ ဒီဇင်ဘာ ၂ ရက်တွင် သတိပေးထုတ် ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ပြီး တစ်လခန့်အကြာမှာပင် မြန်မာလုပ်သား ၁၃ ဦး အကြမ်းဖက်တိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ကူညီထောက်ပံ့ရန်ဟုဆိုကာ မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံ ကောင်စီအဖွဲ့အစည်းကလည်း သင်္ဘောဖြင့် ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပို့ဆောင်ရန် ဇန်နဝါရီလကုန်တွင် လာရောက်ရန် ပြောဆိုထားသည်။ ယင်းသင်္ဘော လာရောက်မည့် အရေးနှင့်ပတ်သက်၍ တရားဝင် အကြောင်းကြားပြီးမှသာ လာရောက်ရန် မြန်မာအစိုးက သတိပေးထားသည်။

ထို့ကြောင့် ဘင်္ဂါလီအရေးကို အခြေတည်၍ နှစ်နိုင်ငံအစိုးရ ဆက်ဆံရေးမကောင်းတော့သော အခြေအနေတွင် မလေးရှားရောက် မြန်မာများလုံခြုံရေးအတွက် ပိုစိုးရိမ်နေသည်။

မလေးရှားတွင် မြန်မာလုပ်သားများ တိုက်ခိုက်ခံနေရခြင်း၊ လူမျိုးရေးပြဿနာများဖြစ်ပေါ်နေ ခြင်းနှင့် ကုန်ဈေးနှုန်းများ ကြီးမားလာခြင်း စသည့် အခြေအနေများ ကြောင့် မလေးရှားသို့ မြန်မာလုပ်သားများ မလာစေချင်တော့ဟု မလေးရှားရောက်မြန်မာအချို့က ပြောသည်။

‘‘ဒီမှာ လာလုပ်လည်း ဘာမှမထူးဘူး။ အခုဆို ကုန်ဈေးနှုန်းတွေက တက်နေတယ်။ ရတဲ့လခရယ်၊ ဝင်ငွေရယ်က မလောက်ချင်ဘူး လေ။ မြန်မာနိုင်ငံမှာလည်း တချို့ဆို ဒီလောက် ရချင်ရနေတာပဲ လေ။ ဒီမှာက လုံခြုံမှုကလည်း မရှိ ဘူး။ လာပြီးပြီ၊ ရောက်နေပြီ မထူး တော့ဘူးဆိုပြီး ဆက်နေနေကြတဲ့ သူတွေများတယ်။ ဒီနိုင်ငံက တကယ်ကို မလာသင့်တော့တဲ့ နိုင်ငံပါ’’ဟု မလေးရှားနိုင်ငံ ပီနန်းမြို့တွင် အလုပ်လုပ်ကိုင်နေသော ကိုမြတ်သူက ပြောသည်။

အခြေခံမြန်မာလုပ်သားတစ်ဦးသည် တစ်လလျှင် မလေးရှား ရင်းဂစ် ၁,၂၀၀ (ကျပ်ငွေ ၃၆၀,၀၀၀)ခန့်သာ ရရှိကြသည်။ လုံခြုံရေးအ ခြေအနေအရ မြန်မာလုပ်သားများ မလေးရှားသို့ မလာရောက်စေလိုဟု အကြံပြုမှုများကို လက်ခံသော်လည်း ရောက်ရှိနေသည့် လုပ်သားအချို့လက်ထဲတွင် စုမိဆောင်းမိသည် ငွေကြေးမရှိသေးခြင်း၊ မိသားစုသို့ ပြန်လည်ထောက်ပံ့နိုင်မှုမရှိသေးခြင်း၊ မလေးရှားသို့ လာရောက်ရန် ကုန်ကျခဲ့သည့် စရိတ်စကများ မကျေသေးခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ယတိပြတ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း မလေးရှားရောက် မြန်မာအချို့ကပြောသည်။

‘‘ပြန်ကြမယ့် သူတွေလည်း ရှိကြတယ်။ ကျွန်တော်ကတော့ ပြန်လို့ အဆင်မပြေသေးဘူး။ လက်ထဲမှာလည်း ငွေစုမိတာ မရှိ သေးတော့ ပြန်ဖို့ရာ မဖြစ်သေးဘူး’’ဟု ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသော အသက် (၃၅)နှစ်အရွယ် ကိုမျိုးကျော်က ပြောသည်။

ထို့အပြင် မလေးရှားသို့ သွားရောက်လုပ်ကိုင်မည့် သူများသည် မိမိသွားရောက်လုပ်ကိုင်မည့်မြို့၏လုံခြုံရေးအနေအထားနှင့် လုပ်ငန်းခွင်လုံခြုံရေးအနေအထားများကို ကြိုတင်လေ့လာထားသင့်ကြောင်း ကိုမျိုးက အကြံပြုပြော ကြားသည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရသည်မှာ ခက်ခဲကြမ်းတမ်းလှသော်လည်း ပြည်တွင်း၌ လုပ်ခလစာနှင့် အလုပ်အကိုင်နည်းပါးခြင်းတို့က ပြည်ပသို့ ထွက်ခွာလုပ်ကိုင်နေရသည့် အ ကြောင်းရင်းဖြစ်သည်။

မြန်မာနိုင်ငံသားများ မလေးရှားတွင် ဆက်တိုက်အသတ်ခံရပြီး နောက်ပိုင်း လုပ်သားစေလွှတ်ရာတွင် တရားမဝင်လုပ်သားများပြားသောနေရာ၊ ဆိုးသွမ်းသည့်နယ် မြေများနှင့် ဘာသာရေးအစွန်းရောက်သည့်နေရာများသို့ မြန်မာလုပ်သားများအား စေလွှတ်ခြင်း မရှိတော့ကြောင်း မလေးရှားသို့ လုပ်သားစေလွှတ်သည့် မြန်မာ အေဂျင်စီအသိုင်းအဝိုင်းက ဆိုသည်။

မြန်မာအစိုးရသည် မလေးရှားနိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် မြန်မာအလုပ်သမားအသစ်စေလွှတ်မှုကို ခေတ္တရပ်ဆိုင်းကြောင်း ၂၀၁၆ ဒီဇင်ဘာ ၆ ရက်က ကြေညာခဲ့သည်။

သို့သော် အလုပ်သမားများ နစ်နာမှုမရှိစေရန် သွားရောက်လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်သည့် အလုပ်သမားများကို သက်ဆိုင်ရာအေဂျင်စီများက ခံဝန်လက်မှတ်ရေးထိုး၍ ပို့ဆောင်လိုပါက ဆက်လက်ပို့ဆောင်ရန် အစိုးရအဖွဲ့အစည်း အဝေးက ခွင့်ပြုခဲ့သည်။

မလေးရှားနိုင်ငံရှိ မြန်မာသံအရာရှိ၏ထောက်ခံချက်ရရှိထားသည့် အလုပ်သမားများကို ဆက်လက်စေလွှတ်ခွင့်ရရှိရေး ဝန်ကြီးဌာနထံသို့ အေဂျင်စီများက စု ပေါင်းတင်ပြထားသည်။ သံအရာရှိ၏ထောက်ခံချက်ကျထားပြီးသူ ဦးရေမှာ ထောင်နှင့်ချီရှိနိုင်ပြီး အေဂျင်စီများထံမှ စာရင်းအတိအကျ ကောက်ယူကာ ဝန်ကြီးဌာနသို့ တင်ပြထားသည်။

မလေးရှားနိုင်ငံသို့ လုပ်သားများသွားရောက်လုပ်ကိုင်ရန် အဆင်မပြေပါက လက်ရှိအခြေအ နေအရ သွားရောက်လုပ်ကိုင်ရန် အသင့်တော်ဆုံးနိုင်ငံများမှာ ကိုရီးယားနှင့်ဂျပန်တို့ဖြစ်ကြောင်း မြန်မာအေဂျင်စီအသိုင်းအဝိုင်းက အကြံပြုသည်။

ဂျပန်နိုင်ငံသည် ယခုလများအတွင်း နိုင်ငံခြားသားအလုပ်သမားလိုအပ်ချက်အရ မြန်မာအလုပ်သမားများကို ယခင်ကထက်ပို၍ တိုးမြှင့်ခေါ်ယူလာပြီး ဂျပန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အိုလံ ပစ်အားကစားပြိုင်ပွဲအတွက် အား ကစားရုံများ တည်ဆောက်ရန် လုပ်သားလိုအပ်လျက် ရှိလာနိုင်ခြင်း နှင့် ပြည်ပအိမ်အကူလုပ်သားများ ခေါ်ယူမည်ဖြစ်၍ မြန်မာအလုပ်သမားများ အခွင့်အလမ်းရှိသည်ဟု ၎င်းတို့က ဆိုသည်။

သို့သော် မလေးရှားသို့သွားရမည့် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ၈၅၀ ခန့်ရှိပြီး ဂျပန်သို့သွားမည်ဆိုပါက ကန်ဒေါ်လာ ၂,၈၀၀ ကုန်ကျမည်ဖြစ်ရာ မြန်မာလုပ်သားများအတွက် သွားလာစရိတ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ဖြစ်သည်။

ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်ရာတွင် ၂၀၁၁ ကစ၍ နှစ်နိုင်ငံအစိုးရနားလည်မှု စာချွန်လွှာ(MoU)လက်မှတ်ထိုးပြီး လုပ်သားစေလွှတ်လျက်ရှိရာ အလုပ်သမားတစ်ဦး တစ်လလျှင်  အနိမ့်ဆုံးဝင်ငွေကျပ် ၁၀ သိန်းနှင့်အထက်ရရှိပြီး အလုပ်ချိန်မှာ တစ်နေ့လျှင် ရှစ်နာရီသတ်မှတ်ထားသည်။ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမား ၄၀,၀၀၀ ကျော်ရှိပြီး တစ်လလျှင် အကြမ်းဖျင်းမြန်မာလုပ်သား ၆၀၀ ကျော် သွားရောက်လုပ်ကိုင်နေသည်။

ထို့အပြင် ကိုရီးယားမှ မြန်မာလုပ်သားများခေါ်ယူရာတွင် စင်ကာပူကဲ့သို့ အင်ဂျင်နီယာ၊ စာရင်းကိုင်စသော ကွန်ပျူတာကျွမ်းကျင်သူ ကျွမ်းကျင်လုပ်သားများကို ခေါ်ယူခြင်းမဟုတ်ဘဲ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုကဲ့သို့ အထွေထွေလုပ်သားများ ခေါ်ယူခြင်းဖြစ်သည်။

မြန်မာလုပ်သားများအတွက် အဓိကပြဿနာမှာ မည်သည့်နိုင်ငံသို့ သွားလိုသည်ဖြစ်စေ ဝန်ဆောင်ခများစွာ ပေးနေရခြင်းဖြစ်ပြီး လုပ်ငန်းခွင်အဆင်ပြေ၊ မပြေ အာမခံချက်မရှိခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားသွားရန် ရှိသည်များကို ထုခွဲရောင်းချပြီး ထွက်သွားကာ ပြည်ပသို့ရောက်ပြီး အဆင်မပြေပါက အရင်းကျေအောင် အနှိမ်ခံဘဝဖြင့်ပင် ဖြတ်သန်းရကြောင်း ပြည်ပရောက် မြန်မာလုပ်သားများက ပြောသည်။

Top News