မွန်လူမျိုးဘောလုံးပါရမီရှင် ကလေးငယ်ကို ထိုင်းကလပ်အသင်းများ အပြိုင်အဆိုင်အလိုရှိနေ

အသက်ခုနစ်နှစ်အရွယ် မွန်လူမျိုး ဘောလုံးပါရမီရှင် ဆူဝင် (Workpoint Entertainment FB)

အသက်(၇)နှစ်အရွယ် ရှိ မွန်လူမျိုး ဘောလုံးပါရမီရှင် ကလေးငယ်ကို ထိုင်းပရီးမီးယားလိဂ်ချန်ပီယံ မြောင်တောင်ယူ နိုက်တက်အပြင် ထိုင်းဘောလုံး ကလပ်များက အပြိုင်အဆိုင်ခေါ် ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသား မွန်လူမျိုး မိဘနှစ်ပါးမှဖွားမြင်ပြီး ထိုင်းနိုင်ငံ တွင် နေထိုင်သည့် အသက်(၇)နှစ်အရွယ် ဆူဝင်သည် ထိုင်းနိုင်ငံ၏ Workpoint ရုပ်သံဖျော်ဖြေရေးအစီအစဉ်တစ်ခု၌ အံ့မခန်းသည့် သူ၏ဘောလုံးစွမ်းရည်ကို ပြသနိုင်ခဲ့သည်။


အဆိုပါအစီအစဉ်၌ ဆူဝင် သည် ပင်နယ်တီကန်သည့်အကွာ အဝေးခန့်မှ ဘောလုံးဘားတန်း ကို သုံးကြိမ်ထိအောင် ကန်နိုင်ခဲ့ ပြီး ရုပ်သံအစီအစဉ်တင်ဆက်သူ များနှင့် လာရောက်ကြည့်ရှုသည့် ထိုင်းပရိသတ်များကို အံ့အားသင့်စေခဲ့သည်။

အဆိုပါ ကလေးငယ်သည် မှော်ဆန်သော ဘောလုံးစွမ်းရည် ကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ် ကြောင်းနှင့် ထိုင်းနိုင်ငံ၏ လက်ရှိ ဘောလုံးသမားများကိုပင် အံ့အား သင့်စေခဲ့ကြောင်း ဘန်ကောက် ပို့စ်သတင်းစာက ဖော်ပြသည်။

‘‘ဂိုးဘားတန်းကို ထိအောင် ကန်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး’’ဟု ထိုင်းလက်ရွေး စင်ဟောင်း ဆုတီးကပြောသည်။ အဆိုပါရုပ်သံတွင် ဆုတီးက ဆူ ဝင်ကဲ့သို့ သုံးကြိမ်တိုင် သရုပ်ပြ လုပ်ဆောင်ပြခဲ့သည်ကို တွေ့ရပြီး တစ်ကြိမ်မျှ ဘောလုံးနှင့် ဂိုးဘားတန်းမထိခဲ့ပေ။

ထို့အတူ ထိုင်းလက်ရွေးစင် တီရာသွန်ကလည်း ဆူဝင်ကို ထိပ်တန်းကစားသမား တစ်ဦးအဖြစ် ချီးကျူးခဲ့ပြီး ပြီးခဲ့သည့် ဆူဇူကီး ဖလားဗိုလ်လုပွဲတွင် ၎င်းဝတ်ဆင် ကစားခဲ့သည့် ဘောလုံးကန်ဖိနပ် အား လက်ဆောင်အဖြစ် ပေးခဲ့ ကြောင်း သိရသည်။

နွန်ပီးဟုလည်း ခေါ်သည့် အဆိုပါကလေးငယ်ကို မြောင် တောင် ယူနိုက်တက်အပြင် Bangkok Glass FC၊ ဘန်ကောက်ယူနိုက်တက်နှင့် ဘူရီယမ်စသည့် ထိုင်းကလပ်အသင်းများက အလိုရှိနေကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသား ကလေး ငယ်သည် မည်သည့်အသင်းတွင် ကစားမည်ကို မသိသေးသော် လည်း ၎င်းပါဝင်ကစားလိုသော အသင်းမှာ ဘာစီလိုနာဖြစ်ပြီး မက်ဆီကို အားကျသူဖြစ်ကြောင်း ဆူဝင်က အစီအစဉ်တင်ဆက်သူများအားပြောသည်။