အလောင်းတော်ကဿပ ဘုရားဖူးယာဉ်တစ်စီး ဘီးပေါက်ပြီး လမ်းဘေးထိုးကျရာမှ ခရီးသည်ခုနစ်ဦး ဒဏ်ရာရ

 အလောင်းတော်ကဿပ ဘုရားလမ်းတွင် ဘုရားဖူးယာဉ် တစ်စီး ဘီးပေါက်၍ လမ်းဘေး သို့ ထိုးကျသဖြင့် ခရီးသည်ခုနစ်ဦး ဒဏ်ရာရရှိကြောင်း ယင်းမာပင် မြို့နယ် ကပိုင်ကျေးရွာ နယ်မြေ ရဲစခန်းမှ သတင်းရရှိသည်။

 အလောင်းတော်ကဿပ ရာသီလမ်း ပြာပုံတောင်ကွေ့အနီး တွင် ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီခန့်က ဘုရားဖူးယာဉ်တစ်စီး လမ်းဘေးထိုးကျခဲ့ပြီး ခရီးသည်ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာနယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ်မျိုးသူရအောင်က ပြောသည်။


 ‘‘ပြာပုံတောင်ကွေ့အနီးမှာ ဘုရားဖူးကားဘီးပေါက်ပြီး အရှိန်လွန်ကာ လမ်းဘေးထိုးကျတယ် လို့ သိရပါတယ်။ ခရီးသည်ခုနစ် ဦးက ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပေ မယ့် မစိုးရိမ်ရပါဘူး။ အရှိန်လွန် ပြီး လမ်းဘေးကို ၁၀ ပေလောက် ထိုးကျသွားတာပါ။ ကားကတော့ အနည်းငယ် ပျက်စီးသွားတယ်။ ယာဉ်မတော်တဆမှုဖြစ်တဲ့နေရာ က ကနီမြို့နယ်အပိုင်မှာ ဖြစ်တာ ဆိုတော့ ကနီမြို့ မြို့မရဲစခန်းက ယာဉ်မောင်းကို အမှုဖွင့်ဖို့ လုပ်နေ ပါတယ်’’ဟု ရဲအုပ်မျိုးသူရအောင် ကပြောသည်။

 အလောင်းတော်ကဿပမှ မုံရွာမြို့သို့ အပြန်ခရီးတွင် အဆို ပါ ဘုရားဖူးပို့ဆောင်ရေးယာဉ် သည် တောင်တက်၊ တောင်ဆင်း အကွေ့အကောက်များသည့် ပြာ ပုံတောင်အနီး၌ ယာဉ်မတော်တ ဆမှု ဖြစ်ပွားခြင်းဖြစ်သည်။

 ‘‘အလောင်းတော်ကဿပ ကားလမ်းမှာ ကားမှောက်လို့ ရောက်လာတဲ့ လူနာခုနစ်ဦးရှိပါ တယ်။ ယာဉ်မတော်တဆမှုဖြစ် တာ မနက် ၁၀ နာရီခန့်ကပါ။ မုံရွာဆေးရုံကြီးကို လူနာတွေ ရောက်လာတာ မွန်းလွဲ ၁ နာရီခွဲခန့်က ရောက်ပါတယ်’’ဟု မုံရွာမြို့ပြည် သူ့ဆေးရုံကြီး မှုခင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်မတော်တဆ မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ အထည် ချုပ်စက်ရုံဝန်ထမ်းနှစ်ဦး၊ ဧရာဝ တီတိုင်း ကျိုက်လတ်မြို့နယ်နေ အထက်တန်း သူနာပြုတစ်ဦးနှင့် ဒေးဒရဲမြို့နယ် ကျုံဒါးကျေးရွာနေ ထိုင်သူ လေးဦးတို့တွင် ပွန်းပဲ့၊ နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။

Top News