ကြေမွသွားသော ကျောက်ရိုင်းတုံးများ

ငယ်ငယ်တုန်းကကျောင်း နေစဉ် ပထမတန်းလောက်က ထင်သည်။ ကျောင်းတွင် ပတ်ဝန်းကျင် ဆိုသည့် သင်ခန်းစာ သင်ရသည်။ ဆရာမက သင်၏ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်ငါးမျိုးကို သင်သည်။ ဖတ်စာအုပ်ထဲတွင် ဝက်၊ ဘဲ၊ ငါး၊ကြက်နှင့်ခွေးဟု ရေးထားသည်ထင်သည်။ သိပ်တော့ မမှတ်မိတော့။ ဒါပေမဲ့ တစ်သက်မေ့မရသော အဖြစ်အပျက်တစ်ခုသည် ကျွန်တော့်ဘဝကို ပြောင်းလဲခဲ့ သည်ဆိုလျှင် မမှားပေ။

 ဆရာမက နောက်နေ့မေး မည်ဟု ပြောလိုက်သဖြင့် အိမ်ပြန် ရောက်သောအခါ ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်ငါးမျိုးကို အလွတ်ကျက် ရသည်။ မည်သို့မျှ ကျက်၍မရ။ ထိုအချိန်က ကျွန်တော်သည် ရန်ကုန်မြို့ တရုတ်တန်းတွင်နေသဖြင့် ပတ်ဝန်းကျင်တွင် ဘာ ဝက်၊ ဘဲ၊ ငါးနှင့် ကြက်မှ မတွေ့ရ။ ပတ်ဝန်းကျင်တွင် ကြွက်၊ ပိုးဟပ်၊ ကြောင်၊အိမ်မြှောင်နှင့် ခွေးလေခွေးလွင့်များကိုသာ တွေ့နေရသည်။

  ထို့ကြောင့် နောက်နေ့ ကျောင်းတွင် ဆရာမစာမေးသော အခါ ကျွန်တော့်ပတ်ဝန်းကျင်တွင် တွေ့ရသည့် တိရစ္ဆာန်များဖြစ် သော ကြွက်၊ ပိုးဟပ်၊ ကြောင်၊ အိမ်မြှောင်နှင့် ခွေးကို ရွတ်ပြမိ သည်။ စာဖြေအပြီးတွင် နဂိုက ပုံမှန်တင်းမာနေသော ဆရာမ၏ မျက်နှာသည် ချက်ချင်း ဒေါသ ကြောင့် နီရဲသွားပြီး ခေါင်းကို လက်ခေါက်ဖြင့် ဒေါက်ခနဲမြည် အောင် ခေါက်ချလိုက်ရာ ခေါင်း ထဲ မိုက်ခနဲဖြစ်ပြီး မျက်ရည်များ အလိုလို ကျလာခဲ့မိသည်။ ဆရာမက စိတ်ရှိလက်ရှိ ဆဲဆိုပြီးနောက်အတန်းထဲတွင် တစ်နေကုန် ခုံပေါ်တက် မတ်တတ်ရပ်ခိုင်းကာ ဒဏ်ပေးတော့သည်။

ကြက်တူရွေး ပညာရေး

ထိုနောက်ပိုင်းကစ၍ အင်္ဂလိပ်စာ သင်ရာတွင်လည်း My Name is Mg Ba မှစပြီး မြန်မာစာတွင် စာစီစာကုံးများကိုပါ အလွတ်ကျက်ခဲ့ရသည်။ စာစီစာကုံးများတွင် ဆရာမပေးသော စာစီစာကုံးကို ‘၏’ ‘သည်’မရွေးရေးနိုင်သူသည် မြန်မာစာတွင် အမှတ် ၁၀၀ အထိရနိုင်ပြီးကိုယ့် စိတ်ကူးဖြင့်ရေးမိပါက အမှတ်လျှော့သည့်အပြင်  ညံ့ဖျင်းသူအဖြစ် သတ်မှတ်ခံရသည်။

တကယ်တော့ ထိုအချိန်က ‘မဆလ’ခေါ် ‘မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ’ခေတ်တွင် ပညာ ရေးကို တွေးခေါ်မြော်မြင်မှုနှင့် ဆန်းသစ်တီထွင်မှု မရှိစေရန် ရည် ရွယ်ချက်ကြီးကြီးဖြင့် လုပ်ဆောင် ခဲ့ပုံရသည်။ ကျောင်းများအားလုံး နီးပါးမှ ဆရာ၊ ဆရာမများသည် အလွတ်ကျက်ပညာရေးကို ကျောင်းသားများကို ရိုက်သွင်းပေးခဲ့သည်။

ထိုသို့ ကြက်တူရွေးပုံစံ သင်ကြားရသော ပညာရေးကို တဖြည်းဖြည်း စိတ်ဝင်စားမှု လျော့နည်း လာသော ကျွန်တော့်ကို ကျောင်း တွင်သာမက မိဘဆွေမျိုးအသိုင်း အဝိုင်းကပါ လူညံ့တစ်ဦးအဖြစ် သတ်မှတ်ခံရသောကြောင့် ငယ် စဉ်ကစပြီး တဖြည်းဖြည်း သိမ် ငယ်လာကာ ကိုယ့်ကိုယ်ကိုယ် လူညံ့တစ်ယောက်အဖြစ် ထင် မှတ်ထားမိတော့သည်။ သို့သော် မထူးချွန်ပေမယ့် စာမေးပွဲတော့ တစ်ခါမှ မကျခဲ့ပေ။

ပုံစံခွက်ထဲက မျိုးဆက်

 ထိုအချိန်က ရှစ်တန်း  အ ရောက်တွင် အရေးကြီးသော နှစ် အဖြစ် ကျောင်းသား၊ ဆရာနှင့် မိဘများက သတ်မှတ်ထားကြ သည်။ ရှစ်တန်း စာမေးပွဲအပြီး တွင် သိပ္ပံနှင့် ဝိဇ္ဇာလိုင်းဟူ၍ ခွဲ ထားသည်။ အမှတ်ကောင်းသော သူများ သိပ္ပံလိုင်းဝင်ပြီး တော် တော်ညံ့သောသူများ ဝိဇ္ဇာလိုင်း ဝင်ကြသည်ဟု သတ်မှတ်ထား သည်။ သိပ္ပံလိုင်းရလျှင် ၁၀ တန်း အောင်သောအခါ ဆရာဝန်မှစပြီး အင်ဂျင်နီယာနှင့် တခြားလိုင်း ကောင်းကောင်းများကို ရနိုင် သည်။ ဝိဇ္ဇာလိုင်းဆိုလျှင်တော့ ဘယ်သူမှ မတက်ချင်သော ရိုးရိုး ဘာသာရပ်များကိုသာ ရနိုင်သည်။ တက္ကသိုလ်ပြီးလျှင် ဆရာဝန်ဆို လျှင် ဂုဏ်တအားရှိပြီး ဝင်ငွေ ကောင်းနိုင်ကာ ရိုးရိုးဘာသာရပ် များမှ ဘွဲ့ရလျှင် လူစဉ်မမီ၊ လူ ရာမဝင်သည့်ဘဝကို ရသွားနိုင် သည်ဆိုပြီး သတ်မှတ်ထားကြ သည်။

ကျွန်တော် ရှစ်တန်းအောင် တော့ သင်္ချာဂုဏ်ထူးဖြင့် သိပ္ပံ လိုင်းဝင်သည်။ သို့သော် ရူပဗေဒ နှင့် ဇီဝဗေဒ ဘာသာရပ်များကို လုံးဝစိတ်မဝင်စား။ ထိုအချိန်က စာရူး၊ ကဗျာရူးဖြစ်နေသော ကျွန် တော်သည် ဝိဇ္ဇာလိုင်းမှာပါသည့် အပိုမြန်မာစာနှင့် အပိုအင်္ဂလိပ် စာကိုသာ လေ့လာသင်ကြားချင် သည်။ ဝိဇ္ဇာလိုင်းမှ သိပ္ပံလိုင်းသို့ ပြောင်းမရသော်လည်း သိပ္ပံလိုင်း မှ ဝိဇ္ဇာလိုင်းသို့ လွယ်လွယ်ကူကူ ပြောင်း၍ရသည်။ သိပ္ပံလိုင်းဝင် လျက်နှင့် ဝိဇ္ဇာလိုင်းကို ပြောင်း မည်ဆိုသည်ကို မိဘများက လုံးဝ လက်မခံ။ အမေက ငိုတစ်ခါ၊ အဖေက ခြောက်တစ်လှည့်ဖြင့် ခွင့်မပေးနိုင်ကြောင်း ပြောသည်။ သို့သော် ငယ်ငယ်ကတည်းက ခေါင်းမာသည်ကိုသိ၍ မတတ် သာသည့်အဆုံး လိုက်လျောလိုက် ရသည်။ ဝိဇ္ဇာဘာသာရပ် အပို မြန်မာစာနှင့် အင်္ဂလိပ်စာကို သင် ယူလိုသော်လည်း ရန်ကုန်တစ်မြို့လုံး ကျောင်းများတွင် ဘယ် ကျောင်းမှ မသင်ကြားပေးတော့ ဟု သိလိုက်ရ၍ ဘောဂဗေဒနှင့် သမိုင်းဘာသာရပ်ကိုသာ ယူခဲ့ရ သည်။ ထိုဆုံးဖြတ်ချက်သည် ကျွန်တော့်အတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုအဖြစ် နှစ်ပေါင်းများစွာကြာသောအခါ သိရှိလာရသော်လည်း ထိုအချိန်ကလူတကာ၏ အထင်သေးအပြစ်တင်မှုကို ခံခဲ့ရသည်။

ဉာဏ်မမီလို့ သိပ္ပံလိုင်းလို လိုင်းကောင်းရရက်နဲ့ ဝိဇ္ဇာကို ပြောင်းတက်ရသည်ဟု ဆွေမျိုး များက ပြောသည်။ မိဘကတော့ ဒီကောင် ပညာတတ်မဖြစ်ချင်တဲ့ ကောင်ဟုဆိုသည်။ ဆဲသည်။ အပေါင်းအသင်းများကတော့ လူရာဝင်တော့မည့်ကောင် မဟုတ်ဟုဆိုပြီး ကဲ့ရဲ့သည်။

 ဆယ်တန်းအောင်သည့် အချိန်တွင် ကိုယ်လိုချင်သည့် တက္ကသိုလ်ကို ကိုယ်တက်ခွင့်မရှိ။ အားလုံးကို အမှတ်ဖြင့်ခွဲထား သည်။ သိပ္ပံလိုင်းမှ အောင်လျှင် အမှတ် အကောင်းဆုံးသူများ သည် ဆေးတက္ကသိုလ် တက်ခွင့် ရရှိသည်။ ပြီးလျှင် အင်ဂျင်နီယာ နှင့်  ကွန်ပျူတာစသည်ဖြင့် တဖြည်းဖြည်း လူကြိုက်နည်းရာ လိုင်းများကို အမှတ်ဖြင့် အစဉ်တစိုက် ခွဲသွားသည်။ ဝိဇ္ဇာလိုင်းတွင် အမြင့်ဆုံးက ဘောဂဗေဒ၊  နိုင်ငံခြားဘာသာသိပ္ပံ စသည်ဖြင့် ခွဲထားပေးသည်။ သူငယ်ချင်း တစ်ယောက် အင်ဂျင်နီယာ တအားဖြစ်လိုသည်။ သူ့အဖေက လုံးဝလက်မခံ။ ဒါနဲ့ အမှတ်ကို အင်ဂျင်နီယာလိုင်း အမှတ်ရအောင် ကပ်ဖြေသည်။ အမှတ်မမီလို့ ဆေးကျောင်း မလျှောက်ပါရစေနှင့်ဆိုသည်ကို သူ့အဖေက လက်မခံသဖြင့် နောက်ဆုံး ဆေးတက္ကသိုလ်တက်လိုက်ရပြီး သွားဆရာဝန်ဖြစ်သွားသည်။ စိတ်မဝင်စားသည့်အလုပ်ဖြစ်သည့်အတွက် ပေါက်ပေါက်မြောက်မြောက် အောင်အောင်မြင်မြင် မဖြစ်ဘဲ အခုထိဆရာဝန်လိုလိုဆေးဆိုင်ဖွင့်သလိုလိုဖြင့် ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေသည်။

ဟိုတစ်လောက ကာတွန်း ဆရာအော်ပီကျယ်၏သား ဉာဏ် ကျယ်စေအကြောင်း ဂျာနယ်ထဲ တွင် ဖတ်လိုက်ရသည်။ သူရေးဆွဲ ရိုက်ကူးသော ‘ကျွန်မ မလိုချင် သည့် ကျွန်မဘဝ’ ကာတွန်းရုပ်ရှင် သည် နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်းများစွာရရှိပြီး ကမ္ဘာကျော်သွားသည်ဆိုသည့်အကြောင်း၊ သူ့ အတွက် ဝမ်းသာရသော်လည်း သူ၏ လူမှုကွန်ရက်တွင် ရေးထား သော ဒီငါးမိနစ်စာ ရုပ်ရှင်တကား ရဖို့ ဆေးကျောင်းအပြီး ဆေးရုံ တွင် အလုပ်သင်ဆင်းနေရချိန် အချိန်တွေလုပြီး ကြိုးစားခဲ့ရ ကြောင်း ကြားသိရ၍ ဝမ်းနည်းမိ သည်။ သူသည် အရမ်းတော် သော ကလေးဖြစ်ပါလျက်နှင့် ကိုယ်ဝါသနာပါသည့် ကာတွန်း ရေးဆွဲခြင်းကို အချိန်ပြည့်လုပ် ခွင့်မရ။ စာတော်ပါက ဆရာဝန် ဖြစ်ရမည်ဆိုသည့် ဘောင်အတွင်းမှ သူ၏တန်ဖိုးရှိသော တီထွင် ဆန်းသစ်နိုင်စွမ်းများကို အချိန် ပြည့် လုပ်ကိုင်ခွင့် သူဆုံးရှုံးခဲ့ရ သည်။ ဒီဘောင်အတွင်းမှ ထိုး ဖောက်ခဲ့ပါက ‘ကျွန်မ မလိုချင် သည့် ကျွန်မဘဝ’ထက် အဆ ပေါင်းများစွာကောင်းမွန် သာလွန် သော ကာတွန်းဇာတ်ကားပေါင်း များစွာဖြင့် သူသည် ကမ္ဘာကျော် ကာတွန်းဆရာတစ်ဦး ဖြစ်နေ လောက်ပြီဖြစ်သည်။

ကြေမွသွားသောကျောက်ရိုင်းတုံးများ

ငယ်ငယ်ကတည်းက ဆရာ၊ ဆရာမများ၊ မိဘများ ရိုက်နှက် ဆုံးမမှုကို ခံခဲ့ရသည်။ ရိုက်ပြီး တိုင်း အိုးကောင်းလိုချင်လျှင် နာနာရိုက်ရသည်ဆိုသည့် အ ကြောင်းပြချက်များကို ပေးလေ့ ရှိသည်။ မြန်မာပြည်မှ လူကြီး၊မိဘဆရာများသည် ကလေး သူငယ်များကို လိုရာပုံသွင်းလို့ ရသည့် ရွှံ့စေးများအဖြစ် သတ် မှတ်ထားကြသည်။မြန်မာပြည်၏ ပညာရေး စနစ်တစ်ခုလုံးသည်လည်း ထိုပုံ သွင်းသင်ကြားရေးကို အခြေခံ ထားသည်။ စာတော်လျှင် ဆရာ ဝန်ဖြစ်မည်။ နောက်တစ်ဆင့် အင်ဂျင်နီယာ။ ထိုမှတစ်ဆင့် တစ်ဖြင့် နောက်ဆုံး အမှတ် အ နည်းဆုံး ကျောင်းသားများ ရွေးချယ်ရသည့် သမိုင်း၊ ပထဝီ ဘာသာရပ်တို့သည် လူညံ့များသာ ရွေးချယ်သည်ဟု သတ်မှတ်ပေး ထားသည်။ ထို့ကြောင့် သမိုင်းဘာသာရပ်ကို စိတ်ဝင်စားသူ သည် သမိုင်းဘာသာရပ်ကို မရွေး ချယ်ရဲတော့။ သူအမှတ်မီရာ ဘယ်ဘာသာဖြစ်ဖြစ် ရွေးရတော့ သည်။ ဤသို့ ပုံသွင်းထားသော ပညာရေးဖြင့် ဘွဲ့ရပညာမတတ် များစွာကို နှစ်ပေါင်းဆယ်စုနှစ် များစွာ မွေးထုတ်ပေးခဲ့တော့ သည်။

ကျွန်တော် ဆယ်တန်း အောင်သည့်အချိန်တွင် မြန်မာ ပြည်တွင် တက္ကသိုလ်ဆက် မတက်ဖြစ်တော့။ ဒုက္ခခံ ကြိုးစား ရင်းဖြင့် ပညာရေးကို ဦးစားပေး သော နိုင်ငံများတွင် ပညာသင် ကြားခွင့် နောက်ပိုင်းတွင် ရခဲ့ သည်။ ထိုနိုင်ငံများသည် ကလေး လူငယ်များကို ကျောက်ရိုင်းတုံး များသဖွယ် သတ်မှတ်ပြီး ပညာ သင်ကြားပေးသည်။ ကလေးတွေ ရှိနေသည့် ပုံပန်းသဏ္ဌာန်ကို မူတည်ပြီး ပညာရေးဖြင့် ထုဆစ် ပေးသည်။

ထိုကဲ့သို့ ကျောက်ရိုင်းတုံး များကို မြန်မာပြည်တွင် လူ့အဖွဲ့ အစည်းတစ်ခုလုံးမှ ပုံစံခွက်ထဲသို့ ရိုက်နှက်ကာ ပုံသွင်းနေကြသည် ကို စိတ်မကောင်းဖွယ်ရာ တွေ့ မြင်နေရသေးသည်။ ဤသို့ ပုံစံ ဝိုင်းသွင်းကြခြင်းကြောင့် နှစ် ပေါင်းငါးဆယ်နီးပါး ကြေမွသွား ကြသော ကျောက်ရိုင်းတုံးများ ကို နှမြောတသမိရင်း နောင်တွင် ကြေမွသွားနိုင်သည့် ကျောက်ရိုင်း တုံးများအတွက် ပညာရေးပြု ပြင်ပြောင်းလဲမှုများ အလျင်အ မြန်ပြုလုပ်ရန် လိုအပ်နေကြောင်း . .  .။
 

Top News