ပညာသင်နှစ်များနှင့် မိဘအပေါ် မှီခိုမှု

 

(၁)


စနစ်သစ်ပညာရေးတွင် KG+5+ 4+3 သတ်မှတ်မည်ဟုဆိုသော အခါ အသက်နှင့်အတန်းကို အချိုးချစဉ်းစားကြသူများက အခြေခံ ပညာ၌ ကျောင်းနေနှစ် ၁၃ နှစ် သည် များလွန်သည်ဟု ဝေဖန်ကြ သည်။


အမှန်ကမူ ပညာရေးစနစ်၏ ရိုက်ချက်ပြင်းထန်မှုကြောင့် မိဘ များမှာ သူတို့၏သားသမီးများ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူး များများရရှိရေးကိုသာ အဓိက ထားနေရ၍ ဤသို့ ဝေဖန်ကြခြင်း ဖြစ်သည်။

သူတို့သည် အမှတ်များကို ငွေနှင့်ဆက်ပြီး ဝယ်ယူနေကြရ သည်။ အဆင့်မြင့်ကျောင်း၊ အ လွတ်သင်ကျောင်း၊ စာသင်ဝိုင်း ကျူရှင်၊ Guide စသည့် ကုန်ကျ စရိတ်များမှာ ကြောက်ခမန်းလိလိ ဖြစ်နေသည်။ ဆိုပါစို့၊ တက္ကသိုလ်
ဝင်တန်းအောင်သူတိုင်း မိမိသင် ကြားလိုသော အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်၌ ဝင်ခွင့်စာ မေးပွဲဖြေ၍ အောင်မြင်ပါက သင် ကြားခွင့်ရသည်ဟု ဆိုပါလျှင် ယ နေ့မိဘများကုန်ကျနေသော ဝိုင်း၊ ကျူရှင်၊ Guide ဖိုးငွေများကို အ ကုန်အကျခံတော့မည်လား။ စဉ်း စားစရာဖြစ်လာသည်။

ကျွန်တော်က ကျွန်တော့် သားသမီးလေးယောက်စလုံးကို ရှစ်တန်းရောက်မှ လူအများနှင့် တက်ရသော လခနည်းကျူရှင်ကို စထားခဲ့ပါသည်ဟု ပြောသောအ ခါ သူတို့၏အောင်မြင်မှုများကို ကြည့်ပြီး မယုံကြည်ကြပါ။

သို့ရာတွင် ဤကိစ္စသည် အ ဖြစ်မှန်ဖြစ်၏။ ယခုဆရာဝန်ဖြစ် နေသော သမီးငယ်သည် ဖခင် စာရေးဆရာ၏ဝင်ငွေမှန်ကို သိ သဖြင့် ဆေးတက္ကသိုလ်(၁)တွင် တက်နေစဉ် စာသင်နှစ်ကို နှစ် ကြိမ်နှစ်ခါ တရားဝင်တိတိရပ်နား ပြီး ကျူရှင်ပြ၊ Guide လုပ်ကာ ကျောင်းစရိတ်ရှာခဲ့သည်။ ပြီးမှ ကျောင်းပြန်တက်ကာ ဆရာဝန် ဖြစ်လာခဲ့သူဖြစ်သည်။ သမီးကြီး၊ သားကြီးနှင့် အငယ်ဆုံးသမီးတို့ လည်း ကျူရှင်ပြ၊ Guide လုပ်ပြီး  သူတို့၏ပညာရေးစရိတ်ကို သူတို့ ကိုယ်တိုင်ရှာပြီး ဘွဲ့ရသည်အထိ သင်ကြားသွားခဲ့ကြသည်။

ဤဆောင်းပါး၌ ကျွန်တော် ရေးသားလိုသည်မှာ ‘‘ပညာသင် နှစ်များနှင့် မိဘအပေါ် မှီခိုမှု’’ပင် ဖြစ်ပါသည်။

(၂)


စနစ်သစ်ပညာရေးသည် အ နာဂတ်ကို ဖန်တီးတည်ဆောက် ကြရမည့် ယနေ့ကျောင်းသားလူ ငယ်များကို အသိရော၊ အတတ် ပါ သင်ကြားပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံဆင်းရဲနေခြင်း၏အဓိ ကမှာ ပညာမတတ်ကြ၍သာဖြစ် သည်။

သို့ဆိုပါလျှင် ကျွန်တော်တို့ သည် လွတ်လပ်စွာ ပညာသင် ကြားခွင့်ရှိခဲ့ကြပါသလား။ ဆေး တက္ကသိုလ်ဝင်ခွင့်တွင် မိန်းက လေးများက ယောက်ျားလေးများ ထက် အမှတ်မြင့်နေခြင်းမျိုး၊ အ မှတ်လေး တစ်မှတ်တည်း လိုရုံ မျှနှင့် သင်ကြားခွင့်မရခြင်းမျိုး သည် အမြန်ဆုံးပြင်ဆင်ပေးရမည့် ကိစ္စဖြစ်သည်။ ကျောင်းသားများ အလွယ်တကူ မစုစည်းနိုင်ရန် မြန်မာပြည်အနှံ့တွင် တက္ကသိုလ် ပေါင်းများစွာ ဖွင့်ခဲ့ပြီး အရည်အ ချင်း ပြည့်မီသော ကျောင်းသား များ  မမွေးထုတ်နိုင်ခဲ့သဖြင့် လူစဉ်မမီဖြစ်ခဲ့ကြရပါသည်။ ပြီးခဲ့သော အမှားများကို အပြစ်ဖို့ပြောဆိုခြင်း ထက် အမြန်ဆုံး၊ အမှန်ဆုံး ကုစား နိုင်ရေးက ပို၍ အရေးကြီးပါသည်။သို့ဆိုပါလျှင် ဆရာဝန်ဖြစ် ချင်သူ၊ အင်ဂျင်နီယာဖြစ်ချင်သူ၊ စိုက်ပျိုးရေးလုပ်လိုသူ၊ စီးပွားရေး လုပ်လိုသူ ကုန်ကုန်ပြောရလျှင် နိုင်ငံရေးသမားဖြစ်လိုသူတို့ကို ကြိုးပမ်းခွင့်ရရှိအောင် ပညာရေး စနစ်က ဖန်တီးပေးရမည်ဖြစ် သည်။ မိမိဝါသနာကိုဖြစ်ခွင့်၊ ကြိုးပမ်းခွင့်ပင် မရသော ပညာရေး စနစ်ကို ကျွန်တော်တို့ အဆုံးသတ် ပစ်သင့်ပါသည်။ အလယ်တန်းအ ဆင့်ကပင် ကလေး၏ဝါသနာကို ‘စစ်ဆေးလွှာ’ဖြင့် ရှာယူနိုင်ပါ၏။ ဆိုပါစို့ ကလေးတစ်ဦးသည် အင် ဂျင်နီယာဖြစ်ချင်သည်။ သူ့ကို အင်ဂျင်နီယာဖြစ်ခွင့်
ရအောင် ကြိုးပမ်းခွင့်ကို အရင်ပေးရပေ လိမ့်မည်။ ယခုမူ ထိုသို့ မဟုတ်။ ကျေးလက်တောရွာမှ ကျောင်း သား တစ်ဦးက တက္ကသိုလ်ဝင် တန်းတွင် ဆေးတက္ကသိုလ်ဝင်ခွင့် ရအမှတ်ဖြင့်အောင်မြင်ခဲ့ပါသော် လည်း မိသားစု၏
စီးပွားရေးအခြေ ခံကြောင့်ပင် ဝါသနာပါပါလျက် နှင့် မသင်ကြားနိုင်ခဲ့ပါ။ အဆိုပါ ကိစ္စတွင် ကျောင်းသားချည်းနစ် နာသည်မဟုတ်။ နိုင်ငံလည်းနစ် နာသည်။ ဆရာဝန်ဖြစ်လျက် စာ ရေးဆရာဖြစ်နေသူ၊ ရုပ်ရှင်သရုပ် ဆောင်
ဖြစ်နေသူ၊ တေးသံရှင်ဖြစ် နေသူတို့အစား ဆရာဝန်ဖြစ်ချင် သူ၊ အမှတ်မီပါလျက် ဖြစ်ခွင့်မရ ခဲ့ခြင်းသည် စနစ်တစ်ခု၏မှား ယွင်းနေမှုပင်ဖြစ်သည်။ နိုင်ငံ တော်သည် ဤသို့သော ကလေး များအတွက် အလုပ်လုပ်ရင်း
ကျောင်းတက်နိုင်ခွင့်ရရှိရန် စီစဉ် ဖန်တီးပေးသင့်ပါ၏။

(၃)


တော်ဖလာ၏လှိုင်းသုံးလှိုင်း အရ ပြောရလျှင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလှိုင်းမှာပင် ရှိနေပါ သေးသည်။ မြန်မာနိုင်ငံသည် မြေ  ယာသယံဇာတများကို အသုံးချ လျက် ဆင်းရဲတွင်းနက်ကြီးထဲမှ ပြန်လည်ခုန်တက်ရပါမည်။

ထိုအခါ စိုက်ပျိုးရေးပညာ ရှင်များလိုလာသည်။ စိုက်ပျိုးရေး ဝါသနာပါသော ကလေးများကို အလယ်တန်းအဆင့်ကပင် စာ တွေ့၊ လက်တွေ့သင်ကြားပေး ခြင်းဖြင့် အရည်အချင်းပြည့်မီ သော ပညာရှင်များကို မွေးထုတ် နိုင်မည်။ လက်တွေ့တွင် ကျောင်းသား၏လုပ်အားပါဝင်လာသည်။ ထို့အတွက် ဝင်ငွေရရှိလာမည်။ ထိုအခါ ကျောင်းသားသည် ပညာ သင်နှစ်များတွင် မိဘအား မှီခိုရန် မလိုတော့ပါ။ အင်ဂျင်နီယာဖြစ် ချင်သူလည်း လုပ်ငန်းခွင်ထဲမှ သူ ၏လုပ်အားခဖြင့် ပညာသင်ကြား နိုင်ရန် အခွင့်အရေးရရှိသွားခဲ့ပါ လျှင် သူလည်း မိဘအပေါ် မှီခိုရန် မလိုတော့ပါ။

ဤနေရာတွင် ပျိုဖော်ဝင်ချိန် အကြောင်းကို အနည်းငယ် ရေးသားတင်ပြလိုပါသည်။ ပညာရှင်များက ကလေး၏ ပျိုဖော်ဝင်ချိန်ကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြ ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ရှု ထောင့်မှ အဓိပ္ပာယ်ဖွင့်ဆိုသူများက လိင်ဆိုင်ရာ ရင့်ကျက်မှုကို စတင်ပေါ်ပေါက်လာချိန်မှသည် ယင်းတို့ ရပ်ဆိုင်းသွားသည့်အချိန် အထိ ဖြစ်သည်ဟု ဖွင့်ဆိုကြသည်။ တ ချို့ ပညာရှင်များကမူ ဆက်ဆံ ရေးတုံ့ပြန်မှုကို ရည်ညွှန်းကာ ပျိုဖော်ဝင်ချိန် ကာလကို သတ်မှတ် ကြသည်။ သူတို့က ကလေး တစ်ယောက်သည် ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှုဖြစ်ပေါ်လာ သောအချိန်မှ အစပြုကာ ငွေရေး ကြေးရေးနှင့် ဆက်ဆံရေးကိစ္စများတွင် မိဘအုပ်ထိန်းသူများအပေါ် အမှီအခိုကင်းလွတ်သည့် အချိန် တွင် အဆုံးသတ်သည်ဟု ဆိုကြ သည်။ အလွယ်တကူပြောရလျှင် ကလေးဘဝမှ လူကြီးဘဝသို့ ကူး ပြောင်းချိန်ဖြစ်သည်။

ကလေးငယ်တစ်ဦးသည် IQ ရော E.Q ပါ မြင့်သည်။ ကျောင်းစာတွင်လည်း ထူးချွန်သည်။ ထို သို့သော ကလေးများကို စာသင် ခန်းထဲမှ ထုတ်ယူပြီး မိသားစုရပ် တည်ရေးအတွက် သူတို့၏လုပ် အားကို စောစီးစွာ သုံးစွဲလိုက်ရ သည့် မိသားစုများ မြန်မာနိုင်ငံ တွင် အများကြီးရှိနေပါ၏။ ဆိုရ သော် မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲ သော နိုင်ငံတစ်နိုင်ငံတွင် ပျိုဖော်ဝင်လာပြီဖြစ်သော လူငယ်တစ်ဦးသည် မိဘအပေါ် အချိန်အကြာကြီး မှီခိုအားထားနေ၍ မရပါ။ ပညာရေးစနစ်အသစ်တစ် ခုက သူ့လုပ်အားကို သုံး၍ သူ့ဝါသနာ၊ သူ့ပညာကို ဆက်လက်သင် ကြားနိုင်စေရန် မစီမံနိုင်ပါလျှင် ထိုကလေးသည် စာသင်ခန်းမှ ထွက်ကျသွားမည်သာဖြစ်သည်။ ထိုအဖိတ်အစဉ်များသည်ပင် နိုင်ငံတော်၏ အဖိတ်အစဉ်များ ဖြစ် သည်။

မည်သို့ပင်ဖြစ်စေ ပညာသင်ကြားရေးနှင့် မိဘ၏ စီးပွားရေး ဆက်စပ်ပတ်သက်နေသမျှ မြန် မာနိုင်ငံတွင် ထိုသို့သောကိစ္စများ ရှိနေဦးမည်ဖြစ်သည်။

နိဂုံးပြုဆိုရသော် မြန်မာနိုင်ငံဆင်းရဲနေခြင်းသည် ပညာတတ် မရှိ၍ ဖြစ်သည်။ သို့ဖြစ်၍ ပညာ တတ်များ ပေါ်ထွက်လာနိုင်ရေး အတွက် ပညာရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်ရမည် ဖြစ် ကြောင်းသက်ဆိုင်သူများကလည်း ဖွင့်ဟပြောဆိုပြီး ဖြစ်ပါသည်။

သို့ရာတွင် လောလောဆယ် လိုအပ်နေသည်မှာ ကလေးများ အဖို့ မိမိဝါသနာပါရာ အသက် မွေးဝမ်းကျောင်းပညာကို သင် ကြားခွင့်ရရှိစေရန်နှင့် ထိုသို့သင် ကြားရာတွင် ပညာသင်နှစ်များအ တွင်း မိဘအပေါ် အမှီအခိုကင်း လွတ်ပြီး မိမိလုပ်အားဖြင့် ကျောင်းပြီးဆုံးသွားသည်အထိ သင်ကြား နိုင်သော ပညာရေးစနစ်အသစ် တစ်ခုပင် ဖြစ်သည်။ သို့မှသာ အနာဂတ်တွင် မြန်မာနိုင်ငံသည် ဆင်းရဲခြင်းတွင်းနက်ကြီးထဲမှ လှမ်းတက်လာနိုင်မည်ဖြစ်သည်။