စနစ်သစ်အတွက် ပြင်ဆင်ပါ၊ ကူညီပါ

စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ဆယ်စုနှစ် များစွာ ပြေးဆွဲလာသော မထသအပါအ၀င် စနစ် ဟောင်းကို ဖျက်သိမ်းပြီး စနစ်သစ်ကို ဇန်န၀ါရီ ၁၆ ရက်တွင် စတင်တော့မည်ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီ ၆ ရက်၌ သတင်း မီဒီယာများမှတစ်ဆင့် ကြေညာလိုက်သည်။


မထသအပါအ၀င် ယာဉ်လိုင်းအများစု၏ ညံ့ဖျင်းသော ၀န် ဆောင်မှု၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်အချို့၏ ရမ်းကားမှု၊ တစ်နေ့တခြား ပိုမိုဆိုးရွားလာသော ယာဉ်ကြောပိတ်ဆို့မှုတို့ကို စိတ် ကုန်ပြီး ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုကို မျှော်လင့်နေသော ရန်ကုန်နေ ပြည်သူအများစုက စနစ်သစ်ကို အပြုသဘောရှုမြင်ကြပါသည်။ သို့သော် စနစ်တစ်ခုလုံး အပြောင်းအလဲပြုလုပ်မည်ကို ၁၀ ရက်သာ ကြိုတင်အသိပေးသောကြောင့် ကြိုတင်ပြင်ဆင်ချိန် နည်း ပါးပြီး ကသိကအောက်ဖြစ်ရမှုနှင့် စနစ်သစ်ပြောင်းမည့် ဇန်န၀ါရီ ၁၆ ရက်တွင် အဆင်မှပြေပါ့မလားဟု စိုးရိမ်ကြောင့်ကြမှုများကို ဖြစ်ပေါ်လာစေပါသည်။

ခေတ်ကာလအခြေအနေအရ ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်ဝန်ဆောင်မှုမှာ အမှန်တကယ်ပင် အပြောင်းအလဲများ ပြုလုပ် ရန်လိုအပ်နေသည်။ သို့သော် ၂၀၁၆ မေလမှစတင်၍ စနစ်သစ်အ တွက် ပြင်ဆင်ခဲ့သည်ဆိုသော်လည်း မည်သို့ပြောင်းလဲမည်ဆိုသည် ကို ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ ခရီး သွားပြည်သူများအပါအ၀င် ပြည်သူများအား ဆယ်ရက်သာ ကြိုတင် အသိပေးခဲ့သည်မှာ အလောတကြီး နိုင်လွန်းလှပါသည်။ သို့ဖြစ်၍ အချိန်အနည်းငယ်ယူ ပြင်ဆင်ပြီး စနစ်သစ်စတင်မည့်ရက် နောက်ဆုတ်မည်လား၊ သတ်မှတ်ရက်အတိုင်း စနစ်သစ်စတင်မည်ဆိုပါက လက်ကျန်ခုနစ်ရက်ဖြင့် ကြိုတင်ပြင်ဆင်မှုများ အပြီးပြုလုပ်ရမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် နေ့စဉ် ဘတ်စ်ကားအစီး ၄,၀၀၀ ခန့်ဖြင့် ပြေးဆွဲပြီး ဘတ်စ်ကားစီးပြီးသွားလာသူ နှစ်သန်းခန့်ရှိနိုင်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ စစ်တမ်းအများအရ သိရသည်။ ထို့ကြောင့် စနစ်သစ်စတင် သည့်နေ့တွင် ဘတ်စ်ကားအစီးရေ နည်းသွားပြီး ခရီးသည်နှင့်ကား မမျှတဘဲ သွားလာရေးအခက်တွေ့မည့်အပေါ် ပူပန်မိသည်။ သို့သော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများကမူ စနစ်သစ် စတင်သည်နှင့် ပုံမှန်ထက် ကားအစီးရေ ၁,၀၀၀ ခန့် လျော့သွားနိုင်သည်ကို ကြိုတင်တွက်ဆထားပြီး ပြင်ဆင်ထားသည်ဟု ဆိုပါသည်။

ထို့အပြင် အများပိုင်ဘတ်စ်ကားပြေးဆွဲရမည့် လမ်းကြောင်း ၅၇ ခု (မူလထုတ်ပြန်ချက်များတွင် ၅၈ ကြောင်းဟုဆိုသော်လည်း နံပါတ် ၁၃ မပါ)ကို ထုတ်ပြန်ပြီး အဆိုပါလမ်းကြောင်းများတွင် ပြေးဆွဲလိုသော ယာဉ်ပိုင်ရှင်များကို ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ အဆိုပြုရန် ဖိတ် ခေါ်ရာ ၂ ရက်အတွင်း ၄၅ စီးသာ ရှိသေးသည်ကိုတွေ့ရသည်။ သို့သော် မထသက ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီ လီမိတက်(YUPT) ဟူသောအမည်ဖြင့် အများပိုင်ကုမ္ပဏီထောင်ပြီး ကားအစီးရေများစွာဖြင့် လမ်းကြောင်း ၂၈ ကြောင်းတွင် ပြေးဆွဲခွင့် တောင်းထားသည်ကိုလည်း တွေ့ရပြန်သည်။ ထို့ကြောင့် ရန်ကုန်တိုင်း အစိုးရက မည်သို့ပြင်ဆင်ထားသည်ကို အတိအကျမပြောသော်လည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်ဟုဆိုခြင်းမှာ အမှန်ဟုပင် မျှော်လင့်ရ ပါသည်။

အခြားပြဿနာတစ်ခုမှာ ယာဉ်ကြောင်းလမ်းညွှန်ဆိုင်းဘုတ်များ ကို စနစ်သစ်စတင်ရန် ၈ ရက်သာလိုတော့သည့်အချိန်ထိတိုင် ကားမှတ် တိုင်များတွင် ကြေညာနိုင်ခြင်းမရှိသေးပေ။ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ယာဉ်လမ်းကြောင်း ၅၇ ကြောင်းကို အသိပေး ထားသော်လည်း ပြည်သူအများစုမှာအဆိုပါလမ်းကြောင်းများကို ကြည့်၍ မိမိတို့သွားလိုသောနေရာရောက်အောင် မည်သို့ကားစီးရမည်ကို ရှင်းရှင်းလင်းလင်း မသိကြသေးပေ။ ထို့ကြောင့် စနစ်သစ်စတင်သည့်နေ့တွင် ကားမှတ်တိုင်များတွင် ဘယ်ကားစီးရမည်မသိသော ခရီးသွားများကို ကူညီလမ်းညွှန်ပေးနိုင်မည့်သူများ အချိန်ပြည့်ရှိရန် လိုအပ်မည်ဖြစ်ပါသည်။ ခရီးစဉ်လမ်းကြောင်းပြ အက်ပလီကေးရှင်းနှင့် စုံစမ်းမေးမြန်းရန် အရေးပေါ်ဖုန်းလိုင်းများ ထားရှိမည်ဆိုထားသည့် အတွက် အပြောမဟုတ်ဘဲလက်တွေ့အမြန်အကောင်အ ထည်ဖော်ရန်လည်း လိုနေသည်။ သို့မဟုတ်ပါက ပြည်သူအများစု မည်သည့်ကားစီးရမည်မသိဘဲ အခက်တွေ့နိုင်ပါသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျန်နေသော အချိန်အနည်းငယ်အတွင်း ယာဉ်လမ်းညွှန်ဆိုင်းဘုတ်များ အမြန် တပ်ဆင်ရန်၊ ဇန်န၀ါရီ ၁၆ ရက်တွင် ကြုံနိုင်သောအခြေအနေများကို ကြိုတင်တွက်ဆ၍ ခရီးသည်များ အခက်မတွေ့အောင် ကြိုတင် ပြင်ဆင်ထားရန် တိုက်တွန်းလိုက်ရပါသည်။ ထို့အပြင် နိုင်ငံ့စီးပွားရေး  ကျဆင်းနေချိန်တွင် စနစ်သစ်စတင်ခြင်းဖြစ်၍ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ ထမင်းအိုးကွဲသည့် အခြေ အနေမျိုးမကြုံရအောင် အစားထိုးအစီအစဉ်များ စဉ်းစားပေးရန် လို မည်ဖြစ်ပါသည်။

အလားတူ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားများကလည်း မိမိတို့ စီးပွားဖြစ်၊မဖြစ်တစ်ခုတည်းကိုသာ ကြည့်ခြင်းမဟုတ်ဘဲ ရေရှည်အတွက်ကြည့်၍ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် သစ်အောင်မြင်စေရန် ၀န်ဆောင်မှုကောင်းပေးကာ ၀ိုင်းဝန်းကူညီခြင်းဖြင့် သမိုင်းသစ်ရေးထိုးရာတွင် ပါဝင်ကူညီကြသူများ ဖြစ်နိုင်သောအခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချကြရန် နှိုးဆော်လိုက်ရပါသည်။

Top News