နားထိုင်းတို့ရွာ....

နှစ်တစ်နှစ်ကုန်ဆုံးခဲ့ပြန်ပါပြီ။ ဒီလိုနှစ်တစ်နှစ်ကုန်ဆုံးချိန် တိုင်း သတိပြုမိတာတစ်ခုက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ သက်ဆိုးတစ်နှစ်ရှည်ပြန်ပြီဆိုတဲ့ အတွေး၊ ပြည်တွင်းစစ်သမိုင်းမှတ် တမ်းမှာ သက်တမ်းတစ်နှစ်တိုး ပြန်ပြီဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။အခုဆိုရင် ပြည်သူအများစု မဲပေးရွေးချယ်ခဲ့တဲ့ အရပ်သားစစ် စစ်အစိုးရလက်ထက်ကို ရောက်ရှိ ခဲ့တာဟာလည်း တစ်နှစ်သက် တမ်းကို မကြာမီရောက်ရှိတော့ မှာ ဖြစ်ပါတယ်။ သို့သော် ပြည် တွင်းစစ်ဆိုတဲ့ မဆုံးနိုင်သေးတဲ့ သမိုင်းဆိုးမှတ်တမ်းရှည်ကြီးကို ကျည်ဆန်တွေ၊ သွေးတွေ၊ အသက် တွေ၊ လူမှုဒုက္ခဆင်းရဲတွေနဲ့သာ ရေးနေရဆဲ ကာလလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တစ်နှစ်အတွင်းမှာတင် လက်နက်ကိုင် ပဋိပက္ခပေါင်း ၃၀၀ လောက်ဖြစ် ပွားပြီး စစ်ဘေးဒုက္ခသည် သုံး သောင်းခွဲကျော်ထပ်တိုးလာတယ် ဆိုတဲ့ သတင်းကိုလည်း ဇန်န၀ါရီ ၁ ရက်ထုတ် ဆဲဗင်းဒေးမှာ ဖတ် လိုက်ရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ကို စောင့်ကြည့်လေ့လာနေတဲ့ Myanmar Peace Monitor စစ် တမ်းတွေအရလို့ ဆိုထားပြီး ဒီနှစ် အတွင်းမှာ လက်နက်ကိုင်ပဋိပက္ခ ပေါင်း ၂၇၈ ကြိမ်ဖြစ်ပွားခဲ့ပြီး နေ ရပ်စွန့်ခွာတိမ်းရှောင်သူ ၃၈,၅၀၀ နဲ့ အထက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခများဟာ နို ၀င်ဘာလမှာ အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ၆၇ ကြိမ်ရှိကြောင်း၊ အ နည်းဆုံးကာလကတော့ ဖေဖော် ၀ါရီလဖြစ်ပြီး သုံးကြိမ်ဖြစ်ခဲ့တယ် လို့လည်း စစ်တမ်းက ဆိုထားပါ တယ်။


ဒီတိုက်ပွဲတွေဟာ တပ်မ တော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကြား ဖြစ်ပွားတဲ့ တိုက်ပွဲများသာမက တိုင်းရင်း သားအဖွဲ့အချင်းချင်းကြား ဖြစ် ပွားတဲ့ တိုက်ပွဲများလည်း ပါဝင် တယ်လို့ ဆိုပါတယ်။ အဲဒီလက် နက်ကိုင်ပဋိပက္ခတွေထဲမှာ တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့တွေနဲ့ ဖြစ်ခဲ့တာပါသလို NCAထိုးထားတဲ့အဖွဲ့တွေနဲ့ ဖြစ်ခဲ့တာလည်း ပါဝင်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခပေါင်း၃၀၀ နီးပါးဖြစ်ပွားဖြတ်သန်းခဲ့တဲ့ ၂၀၁၆ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၇ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူးကာ လမှာတော့ နိုင်ငံ့ခေါင်းဆောင် များဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့က ငြိမ်းချမ်းရေးနဲ့ ပတ် သက်ပြီး ပြောဆိုချက်များရှိခဲ့ပါ တယ်။

၂၀၁၆ ခုနှစ်အတွင်း တာဝန် ယူခဲ့တဲ့ ကိုးလတာကာလတစ် လျှောက် တိုင်းပြည်အကျိုးအ တွက် ရည်ရွယ်ချမှတ်ထားတဲ့ မူ ၀ါဒများဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်း ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖြစ်ပေါ်ရေး၊ ပြည်သူတို့ရဲ့ လူနေမှုဘ၀များတိုးတက်မြင့်မားရေးတို့ အတွက် တစိုက်မတ်မတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်နှစ်သစ်အတွင်းမှာ ဒီမူဝါဒတွေပီ ပြင်စွာ အကောင်အထည်ပေါ်လာ ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက် နိုင်တော့မှာ ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတက နှစ်သစ်ကူးနှုတ် ခွန်းဆက်အမှာစကားမှာ ထည့် သွင်းပြောဆိုခဲ့ပါတယ်။

ထိုနည်းတူ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကလည်း ၂၀၁၇ခုနှစ်ကာလမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမို ကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အ ခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးအတွက် တပ်မတော်အနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဆိုထား ပြီး ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ တယ်လို့လည်း နှစ်သစ်ကူးနှုတ် ခွန်းဆက်စကားမှာဆိုခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လည်း ‘‘လောဘနဲ့ ဒေါသကို အောင်နိုင်မယ်ဆိုလို့ရှိရင် ကျွန်မ တို့နိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးမရှိစရာအကြောင်း ဘာမှမရှိပါဘူး။ အဓိက ဒီနှစ်ခုပါ ပဲ။ လောဘကိုယ့်အတွက် ကိုယ် လိုချင်တဲ့ စိတ်၊ ဒေါသ ဟိုဘက်ကိုမလိုလားတဲ့စိတ်၊ မုန်းတီးတဲ့စိတ်၊ ဟိုဘက်ကို ကျောချင်တဲ့စိတ် ဒီ စိတ်နှစ်ခုကြောင့် ကျွန်မတို့ နိုင်ငံ မှာ ငြိမ်းချမ်းရေးမရခဲ့တာ ဖြစ်ပါ တယ်။ ဒီစိတ်နှစ်ခုသာ ပျောက် ကွယ်သွားမယ်ဆိုရင်၊ လုံးဝ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ အများကြီးလျော့ကျသွားမယ်ဆို ရင် ကျွန်မတို့ရဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဟာ အောင်မြင်မယ် ဆိုတာ ကျွန်မလုံးဝယုံကြည်ပါ တယ်’’ဆိုပြီး ဇန်န၀ါရီ ၁ ရက်က  ကျင်းပတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဖွင့်ပွဲအခမ်းအ နားမိန့်ခွန်းမှာ ထည့်သွင်းပြော ကြားခဲ့ပါတယ်။

အဲဒီနေ့မှာပဲ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန် ဗင်းရှင်း ဗဟိုဌာန-၂ မှာ ကျင်းပတဲ့ငြိမ်းချမ်းရေးစကားဝိုင်းမှာလည်း ၂၀၁၇ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် အဖြစ် သတ်မှတ်နိုင်ရေးအားလုံး ၀ိုင်းဝန်းကူညီကြဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြော ဆိုခဲ့ပါတယ်။

‘‘ပြည်သူကပေးနိုင်တာတော့စစ်ပွဲရပ်ဖို့ဆိုတဲ့ စကားပါပဲ’’လို့ ပြောလာတဲ့ လူငယ်တစ်ယောက် ရဲ့ ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး  ဒေါ်အောင်ဆန်းစုကြည်ပြန်လည် ပြောကြားလိုက်တဲ့ စကားတစ်ခွန်းကလည်း အလေးဂရုပြုဖွယ်ဖြစ်ခဲ့ ရပါတယ်။ ‘‘အဲဒီစကား (စစ်ပွဲတွေရပ်)လည်း များများပြောပေးပါ။ များများပြောမှပဲ။ တချို့တွေက သိပ်ပြီးတော့ ဘယ်လိုပြောရမလဲ တချို့က နည်းနည်းနားလေး တယ်။ နားလေးတော့ များများ ပြောပေးမှ ကြားမယ်’’ဆိုတဲ့ စကားဖြစ်ပါတယ်။ စကားဝိုင်းဆွေးနွေး ပွဲကို ကြည့်ရှုနေသူများလည်း သဘောကျနှစ်ခြိုက်ခဲ့၊ ရယ်သွမ်း သွေးခဲ့ကြပါတယ်။

ဒီစကားကို ကြားမိတော့ ဖတ်ခဲ့မှတ်ခဲ့ဖူးတဲ့ ဟာသလေးတစ်ပုဒ် ကို သွားပြီးသတိရမိပါတယ်။ အဲဒီဟာသကို ဘလော့ဂ် (Blog) စာမျက်နှာတစ်ခုပေါ်ကနေ တွေ့ရှိခဲ့တာဖြစ်ပြီး မူရင်းရေးသူဟာ ကိုသန်းဇော် (ဉာဏ်စမ်းကမ္ဘာ)လို့ဆိုထားပါတယ်။ ‘‘နားထိုင်းသုံးယောက်’’ လို့ ခေါင်းစဉ်ပေးထားတဲ့ဟာသဖြစ်ပါတယ်။ အကျဉ်းချုပ်ပြီး ပြန်လည်ဖောက်သည်ချချင်ပါတယ်။

တစ်ခါတုန်းက ရွာတစ်ရွာမှာနားထိုင်းနေတဲ့ ထန်းတက်သမား ထန်းတက်နေတုန်း လူတစ်ယောက်ရောက်လာပြီး သူ့ဆိတ်တွေ ပျောက်သွားလို့ တွေ့မိသလားဆို ပြီး လှမ်းမေးသတဲ့။ ထန်းတက် သမားက ‘‘ဟောဒီနားမှာရှိသမျှ တစ်တောလုံး ကျုပ်ထန်းချည်းပဲ ဗျ’’ဆိုပြီး သူ့ထန်းပင်တွေဘက် လက်ညှိးလှည့်ထိုးပြီး ပြောလိုက် သတဲ့။ ဒီတော့ အောက်မှာရှိတဲ့ နားထိုင်းနေတဲ့ ဆိတ်ပိုင်ရှင်က လည်း သူ့ဆိတ်တွေရှိတဲ့နေရာ ကို ညွှန်ပြတယ်ထင်ပြီး အဲဒီနေရာ ကိုသွားရှာတဲ့အခါ ကံကောင်း တိုက်ဆိုင်စွာပဲ သူ့ဆိတ်အုပ်ကို ပြန်တွေ့ခဲ့ရတယ်။ အဲဒါနဲ့ ထန်း တက်သမားကို ကျေးဇူးတင်လို့ ခြေကျိုးနေတဲ့ ဆိတ်လေးတစ် ကောင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ သွားပေးသတဲ့။ ထန်းပင်အောက် အရောက် ဆိတ်ကျိုးလေးကို မြှောက်ပြပြီး ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေးပါရစေလို့ ပြောတာကို ထန်းပင်ပေါ်က ထန်းတက်သမား က သူ့ခွေးကြောင့် ဆိတ်လေးခြေ ကျိုးသွားတယ်လို့ စွပ်စွဲတယ်အ ထင်နဲ့ သူ့ခွေးအဲဒီလောက်မဆိုး ကြောင်းပြန်ပြောသတဲ့။ ဒီလိုနဲ့ တစ်ယောက်တစ်ခွန်းကိုယ်လိုရာ ပြောရင်းကနေ အငြင်းပွားကြပြီး ထန်းသမားက ထန်းပင်ပေါ်က ဆင်း သူကြီးနဲ့သွားရှင်းမယ်ဆိုပြီး ဆိတ်ပိုင်ရှင်ကို အတင်းလက်စွဲ ခေါ်သွားသတဲ့။ သူကြီးဆီအ ရောက် တစ်ယောက်တစ်ခွန်းပြော ဆိုရှင်းပြပြီး အဆုံးမှာတော့ သူကြီး ပြောလိုက်တာက ‘‘ဟေ့ကောင် တွေ၊ ဟေ့ကောင်တွေ တော်တော် မင်းတို့ဘယ်လောက်နားချနားချ ငါဒီတစ်သက်ဘယ်တော့မှ ပြန်မ ပေါင်းဘူးကွ’’ဆိုသတဲ့။

ဒီဟာသဟာ နားကြားလွဲ၊ နားလည်မှုလွဲမှားရာကနေ ပဋိပက္ခဖြစ်၊ အဲဒီပဋိပက္ခကို ဖြေရှင်းစေဖို့ အတွက် သွားရောက်တိုင်တည်သူ ကလည်း နားထိုင်းနေသူဖြစ်တော့ မှန်ကန်တဲ့အဖြေကို ထုတ်မပေး နိုင်ဘဲ ကိုယ်ထင်ရာမြင်ရာကို ဆွဲ ကိုင်ပြောဆိုကြတဲ့အဖြစ်ကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်အထက်မှာ ပြောဆိုခဲ့တဲ့စကားနဲ့ ကြည့်မယ် ဆိုရင်လည်း ဥပမာပေးထိုက်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါ တယ်။

စစ်ပွဲတွေရပ်ဖို့ ပြည်သူလူထု က တရစပ်ပြောဆိုနေကြပေမယ့် နားလေးနေသူ၊ နားထိုင်းနေသူ၊ နားလေးချင်ယောင်ဆောင်နေ သူ၊ နားထိုင်းချင်ယောင်ဆောင် နေသူများကြောင့် ငြိမ်းချမ်းရေး ဟာ လိုရင်းကိုရောက်မလာခဲ့ပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြော ခဲ့တဲ့စကားကိုပဲ ပြန်ကောက်ရ မယ်ဆိုရင် ကိုယ့်အတွက်လိုချင် တဲ့စိတ်၊ တခြားတစ်ဖက်ကို မလို လားတဲ့စိတ်၊ မုန်းတီးတဲ့စိတ်၊ တစ်ဖက်ကို ကျောချင်တဲ့စိတ်တွေ ကြောင့် ငြိမ်းချမ်းရေးဟာ အလှမ်း ဝေးနေရဆဲ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဖြစ်ဖို့ ငြိမ်းချမ်းဖို့အတွက် ဒေါ် အောင်ဆန်းစုကြည်နည်းတူ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာ ယကဖြစ်တဲ့ သူရဦးတင်ဦးက လည်း လွတ်လပ်ရေးနေ့အခမ်းအ နားမှာ ပြောဆိုခဲ့ပါတယ်။ စကား ၀ိုင်းဆွေးနွေးပွဲမှာ လူငယ်တစ်ဦး ဆွေးနွေးသလိုပါပဲ။ စစ်ပွဲတွေရပ် ဖို့အတွက်လည်း နိုင်ငံသားအများ စုက ဆန္ဒတွေထုတ်ဖော်ကြ၊ အသံတွေထုတ်ကြ၊ စာတွေရေး၊ ကဗျာ တွေရေး၊ ကာတွန်းတွေဆွဲနဲ့ အမျိုးမျိုးသောတိုက်တွန်းမှု၊ နှိုးဆော်မှု၊ လှုံ့ဆော်မှုတွေကို  ပြုနေကြပါ တယ်။

သို့ပေမဲ့ နိုင်ငံသားအချင်း ချင်းကြား ဖြစ်ပွားနေခဲ့တဲ့ လက် နက်ကိုင်ပဋိပက္ခတွေကတော့ ဖြစ် လို့ကောင်းနေဆဲပဲ ဖြစ်ပါတယ်။ အခုဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၉ နှစ်သို့တိုင် ရောက်ရှိခဲ့ ပါပြီ။ လာမယ့်နှစ်ဆိုရင်ဖြင့် နှစ် ၇၀ တိတိကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ နှစ်သစ်ကာလဖြစ်တဲ့ အခု ၂၀၁၇ ဇန်န၀ါရီ ၄ ရက် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့မှာပဲ တိုက်ပွဲသတင်းကို ထပ်မံကြားသိ ရပြန်ပါတယ်။ မဲသဝေါဒေသမှာ တပ်မတော်၊ နယ်ခြားစောင့်တပ် ဖွဲ့နဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့တို့ ကြား ဖြစ်ပွားခဲ့တာပါ။

စစ်ပွဲများရပ်စဲရေးတောင်း ဆိုမှုတွေ၊ ညှိနှိုင်းမှုတွေကို မကြား ချင်ယောင်ဆောင်နေသူတွေ၊ ငြိမ်းချမ်းရေးဆိုတဲ့ ပြောကြားချက်တွေအပေါ်မှာ နားလေးနေသူ၊ နားထိုင်းနေသူတွေရှိနေတယ်ဆိုတာ ကို ပြဆိုနေတာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့နှစ်ပေါင်းရှည်ကြာအမြစ်တွယ် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိ ပက္ခများချုပ်ငြိမ်းစေဖို့၊ ပြည် ထောင်စုတစ်ဝန်းငြိမ်းချမ်းရေးရရှိ ဖို့ နိုင်ငံသားအများစုက လိုလား တောင့်တနေကြပါတယ်။ အဲဒီအ တွက် အဓိကအခန်းကဏ္ဍကပါ ၀င်နေသူတွေအနေနဲ့ ပြည်သူလူ ထုရဲ့ အသံကို နားစွင့်နိုင်သူ၊ ကြားနိုင်သူတွေဖြစ်ဖို့ လိုပါတယ်။ ပြည် သူ့အကျိုးကို ရှေးရှုကြဖို့လိုမှာ ဖြစ်ပါတယ်။ သို့မဟုတ်ပါက ဟာသ ထဲက နားထိုင်းသုံးယောက်အ ဖြစ်မျိုးနဲ့သာ ခရီးဆက်နေကြရဦး မှာ ဖြစ်ကြောင်းပါ။

(ယခုဆောင်းပါးတွင် ထည့်သွင်း သုံးနှုန်းခဲ့သည့် နားလေး၊ နားထိုင်းဆိုသည့်အသုံးအနှုန်းများသည် မသန်စွမ်းသူတို့အား နှိမ်ချလိုခြင်း အလျဉ်းမရှိဘဲ မြန်မာ့ငြိမ်းချမ်း ရေးအပေါ်ထားရှိသည့် လူအချို့ ၏ စိတ်ဓာတ်ပေါ်လွင်စေခြင်းငှာ ဖော်ဆောင်ခြင်းဖြစ်ကြောင်း စာ ဖတ်သူများထံ အလေးအနက် အသိပေးအပ်ပါသည်။ စာရေးသူ)