တစ်နေရာစာ ဦးထားတယ်

လွန်ခဲ့သည့် နှစ်အတန်ကြာက ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၏ တရားတစ်ပုဒ်ကို နာခဲ့ဖူးသည်။ တရားအားထုတ်ရင် ဘယ်နေရာ ကို ရှုရမလဲဘုရားဟု ပရိသတ် ထဲက မေးသည့်မေးခွန်းကို ဆရာတော်က ‘‘ဝိပဿနာကုသိုလ်က ဖြစ်တိုင်း ဖြစ်တိုင်း ထင်ရှားတဲ့ ရုပ်နာမ်အာရုံကို အမှန်အတိုင်းသိ အောင် ကြည့်နေရတယ်။ ရုပ်အာ ရုံက နာမ်အာရုံထက် သိသာထင် ရှားတယ်။ များသောအားဖြင့် ရုပ်ကိုသာ စပြီး အာရုံရှုပွားနိုင်တယ်။ ရုပ်သဘောတွေကလည်း ခြေဖျား ကနေ ဆံဖျားတိုင်အောင် ကိုယ် တစ်ကောင်လုံးမှာ ရှိနေကြတယ်။ ရုပ်တရားတွေအားလုံးက ရှုစရာ တွေမို့ ဘယ်နေရာရှုရှုရတယ်။  ဒါပေမဲ့ ခင်ဗျားတို့က နေရာတစ်ခု မှ မရှိရင် မနေတတ်လို့ ဆရာတော်ကြီးတွေက နှာခေါင်းရှု၊ ဝမ်းဗိုက် ရှု၊ ငယ်ထိပ်ရှုဆိုပြီး နေရာပေး လိုက်တာ’’တဲ့။ ဆရာတော့်စကား ကြားရတော့ ကျွန်တော် လန့်ဖျပ် သွားသည်။ ခင်ဗျားတို့က နေရာ မရှိရင် မနေတတ်လို့တဲ့။ ဝိပဿ နာရှုရာမှာ နှာခေါင်းမှ မှန်သည်။ ဝမ်းဗိုက်ကို ရှုမှ၊ ငယ်ထိပ်ကို ရှုမှ မှန်သည်ဆိုသော ပုဂ္ဂိုလ်များအ တွက် ဆရာတော့်အဖြေက ကျွန် တော့်ကို သီးခြားအတွေးစတို့ ပေါ်လာစေသည်။ ကျွန်တော်တို့က တကယ်ပဲ နေရာမရှိရင် မနေတတ်ဘူးလား။

၂၀၁၇ နှစ်ဦး ပထမဆုံးနေ့ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် လူငယ်များ၏ငြိမ်းချမ်း ရေးစကားဝိုင်းကို နားထောင် လိုက်ရသည်။ လူငယ်တို့သဘာဝ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေး နွေးမှုများက အားရစရာကောင်း လှသည်။ သည်ပွဲနောက်ဆုံးမှာ အွန်လိုင်းကနေ မေးသည့်မေး ခွန်းများကို ဒေါ်အောင်ဆန်းစု ကြည်က ဖြေကြားသည့် အစီအ စဉ်ပါသည်။ မေးခွန်းရှင်တစ် ယောက်က နိုင်ငံတော်အတွက် ဘယ်လိုနေရာက ပါဝင်ဆောင် ရွက်ရပါမလဲဆိုသည့်သဘောမျိုး မေးခွန်းကို လူထုခေါင်းဆောင်က မိမိရောက်ရာနေရာမှာ တာဝန် ကျေအောင် ကြိုးစားပါဟု ဖြေ သည်။ ဒေါ်အောင်ဆန်းစုကြည် က ဥပမာတွေပေးပြီး ဖြေသည်။ ဈေးသည်ကလည်း သူ့ရဲ့ပစ္စည်း ကို မှန်မှန်ကန်ကန်ရောင်းချရင် တာဝန်ကျေတာပါပဲတဲ့။ တိုင်း ပြည်အတွက် လုပ်တာပဲတဲ့။ ကျွန် တော် အဲဒီအဖြေကို ပီတိဖြစ်ရ သည်။ ဒေါ်အောင်ဆန်းစုကြည် ဒီလိုစကားမျိုး ခဏခဏပြောဖူး သည်။ ကျွန်မတို့ဟာ နေရာလိုချင် စိတ်နဲ့မဟုတ်ဘဲ တာဝန်ယူချင် စိတ်နဲ့ လုပ်ပါ ဆိုသည့် စကားမျိုး ကြားရတိုင်း နေရာကိစ္စကို ကျွန် တော်စဉ်းစားမိသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကျွန် တော့် ဖခင်ဆုံးသည်။ ဆုံးပြီးပြီး ချင်း ရပ်ကွက်ထဲက နာရေးအသင်းက ခေါင်းဆောင်နှင့် လူငယ် သုံးလေးယောက် ရောက်လာ သည်။ သူ့နာမည်အရင်းကို ကျွန် တော်မသိ၊ ကိုသံလုံးဟု သူ့ကို ရပ် ကွက်က ခေါ်သည်။ ကျွန်တော့်ကို ဘာကူညီပေးရမလဲဆိုပြီး ဖိတ်စာ၊ရေဘူး၊ ယပ်တောင်ကအစ လူစီး ကားတွေပါ စီစဉ်ပေးသွားသည်။ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မပေး ရ။ ရေဝေးသုသာန်ကို အလောင်း ပို့သည်မှ စ၍ အလောင်းမီး သင်္ဂြိုဟ်သည်အထိ အစအဆုံး ကူညီသည်။ ပြောရလျှင် ကိုသံလုံးက လွဲပြီး ကျန်သည့်ကလေးတွေ ကို ကျွန်တော်နာမည်ပင်မသိ။ သူ တို့ကလည်း နာရေးကိစ္စကို လုပ်ရိုးလုပ်စဉ်သာ သဘောထားပြီး သူ တို့လုပ်ကြောင်း လူလုံးလည်း မပြ၊ဘာမှလည်း မပြော။ ကျွန်တော် ကလည်း ကျွန်တော့်အပူနှင့်မို့ သူတို့ကို ဧည့်မခံအား၊ ဆေးလိပ် ကွမ်းလေးပင် မတည်မိ။ ကျွန် တော်ဧည့်ဝတ်မကျေနိုင်တာကို သတိရချိန်မှာ သူတို့မရှိတော့။ လူ လွှတ်ခေါ်ခိုင်းတော့လည်း အဆင်မပြေတာရှိရင် ပြောပါ။ သူတို့အ တွက် အားမနာပါနဲ့ ပရဟိတပါ ဟု အလွယ်တကူပင် ဆိုသည်။ ကျွန်တော့်ဘက်က လူမှုဝတ္တရား မကျေတာ သူတို့နှင့်မဆိုင်။ သူတို့ ဝတ္တရားကျေအောင် သူတို့လုပ် သွားသည်။ သူတို့မှာ နေရာမရှိ၊ တာဝန်ယူလိုမှုသာရှိသည်။

အဖေမဆုံးမီမှာလည်း ပရ ဟိတသမားတစ်ဦးနှင့် ဆက်သွယ် ရသည်။ သူက သွေးလှူအဖွဲ့တစ် ခုက အသက်(၃၀)အရွယ် အမျိုး သမီး။ သွေးလှူရှင်အဖွဲ့ဆိုသည့် စာတန်းထိုးထားသည့် တီရှပ်ကို သူ မကြာခဏ ဝတ်ဆင်တတ် သည်။ တစ်ခါတစ်ခါ သူ့လို သွေး လှူရှင်တီရှပ် ဝတ်ထားသည့် ကောင်လေးတွေ၊ ကောင်မလေး တွေနှင့် စုစုရုံးရုံး သွားလာတတ် သည်။ သူနှင့်ဆုံတော့ အရေးပေါ် သွေးလိုရင် လှူနိုင်ပါ့မလားမေးမိ တော့ သူက ခါးခါးသီးသီးငြင်း သည်။ ဒီလိုလှူတာမဟုတ်ဘူး။ ကျွန်မတို့က အဖွဲ့နဲ့ အထိမ်းအ မှတ်တစ်ခုခုလုပ်ပြီး လှူတာတဲ့။ ကျွန်တော်ကလည်း လျှာရှည်ပြီး သွေးလှူပြီး လေးလကြာရင် ထပ် လှူလို့ရတယ်မဟုတ်လား။ လူနာ က တကယ်သွေးလိုနေလို့ပါ။ သွေးလှူတာပဲ တစ်ယောက် တည်း လှူလှူ၊ အဖွဲ့နဲ့ လှူလှူ အတူတူပဲ မဟုတ်လားဆိုတော့ မရဘူးဟု သူက ယတိပြတ်ပြော သည်။ ကျွန်တော် သူ့ကို ဘာမှ ပြန်မပြောတော့။ ကျွန်တော်လို သည့်သွေးအတွက် သူ့မှာ နေရာ မရှိ၊ အခမ်းအနားမရှိ၊ မှတ်တမ်း ဓာတ်ပုံရိုက်ရန်မရှိမို့လား။ သည် နေရာမှာ ကျွန်တော်က ရလျှင် ကောင်း၊ မရလျှင် မကောင်းဆို သည့် သဘောမျိုး ရေးခြင်းမ ဟုတ်။ ကျွန်တော်တို့အတ္တတွေကို လျော့ပါးနိုင်အောင် ဆင်ခြင်ခြင်း သာ ဖြစ်သည်။

ကျွန်တော်တို့သည် လူသား များဖြစ်၍ အတ္တရှိသည်။ သူတစ် ပါးအကျိုးထက် ကိုယ့်အကျိုးကို ကြည့်သည်။ တစ်ခါတစ်ရံ စိတ် ကောင်းလေးဝင်လာခိုက် အများ အကျိုးဆောင်ရွက်မည်ဆိုသော အခါမျိုးတွင်တောင် နေရာပြဿ နာက ခေါင်းထောင်ထလာတတ် သည်။ ပြောရလျှင် နေရာက ကျွန်တော်တို့ဘဝကို များစွာနေရာယူ လွှမ်းခြုံထားသည်။

ကျွန်တော်ကိုယ်တိုင်လည်း နေရာရယူချင်သည်။ လက်ခုပ်တီးခံချင်သည်။ ချီးမွမ်းမြှောက်စားခံ ချင်သည်။ လောကတွင် နေရာလို ချင်သူများစွာရှိသည်။ နည်းနည်း လုပ်ပြီး များများလက်မထောင်သူ များစွာရှိသည်။ ဘာမှ မလုပ်ဘဲ လည်း နေရာရသူတွေ များစွာရှိ သည်။

 ဒီလိုလူတွေကြားထဲမှာ နေ ရာလုရင်း ဟိုတွန်းဒီတိုက်လုပ်ရင်း နှင့်ပင် လောကအတွက်၊ နိုင်ငံအ တွက် ဘာမှ လုပ်မသွားနိုင်သူတွေ အမြောက်အမြားရှိသည်။ ကျွန် တော်တို့ ဘာလုပ်ရမှာလဲဆိုတာ ထက် ဘယ်နေရာမှာ လုပ်ရမှာလဲ ဆိုသည်ကို တွေးသည်က များ သည်။ ယခုတော့ နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်က နေရာထက် တာဝန်ကို အလေးထားဖို့။ ကျရာ နေရာမှာ တာဝန်ကျေပွန်ဖို့ ပြောလာတော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပြန်လည် စေ့ငုရ မည့်အချိန်ရောက်လာပြီဟု ထင် သည်။

သြဇာအာဏာရှိသူ၏ အ ရိပ်ကို ခိုကာ နေရာရဖို့ ကြိုးစား သည်ထက် မိမိလုပ်နိုင်စွမ်းကို ပို တိုးမြှင့်ပြီး နေရာတစ်ခုရလာသည်ကို ပိုမက်မောဖို့၊ ရလာသည့်နေ ရာကိုလည်း မိမိအတွက်ထက် ပတ်ဝန်းကျင်အတွက်၊ လောက အတွက် အသုံးချဖို့ လိုနေပြီဟု သုံးသပ်မိသည်။ ကျွန်တော်တို့ ပြုပြင်ကြရပါမည်။ နိုင်ငံအသစ်၊ စနစ်အသစ်ကို ရောက်ဖို့ ကျွန် တော်တို့ စိတ်ညစ်တွေကို ပြင်ကြ ဖို့ လိုမည်ထင်ပါသည်။

တစ်ခါက ကျွန်တော့်ဦးလေး တစ်ယောက် ပြောဖူးတာလေး အမှတ်ရသည်။  ရွာမှာ အလှူပွဲ လုပ်တော့ ရွာက ကာလသားတွေ တစ်ယောက်တစ်လက် ရေထမ်းကြ၊ မဏ္ဍပ်ထိုးကြ  ဝိုင်းလုပ်ကြ သည်။ ရွာမှာ ကာလသားတစ် ယောက်က အလုပ်ထက် အပြော က ပိုသည်။ ဆရာကြီးလည်း လုပ် ချင်သည်။ ဒါကို ဦးလေးက မျက်စိစပါးမွေးစူးသည်ထင်သည်။ သူများတွေအလုပ်ပြီးမှ အဲဒီကာလ သားက မြို့က ပြန်လာသည်။ ဆိုင်ကယ်လေးရပ်ပြီး အလှူအိမ်ဘက် လှည့်အော်သည်။ ငါ့အတွက် ဘာချန်ထားလဲဟေ့တဲ့။ သူက စားစရာတစ်ခုခုကို ပြောပုံရသည်။ မဏ္ဍပ်ထဲက ဦးလေးက ပြန်အော်သည်။ မင်းအတွက် ထင်းခွဲဖို့ ချန် ထားတယ်တဲ့။ ဟာ...ဦးလေးကလည်းဗျာဟု သူ့အသံထွက်လာသည်။ ဦးလေးက ဆက်ပြောသည်။ ခေါင်းဆောင်ဆိုတာ နောက်လိုက်ထက် ပိုပင်ပန်းတဲ့ အလုပ်ကို လုပ်ရတယ်ကွ။ အဲဒါ ခေါင်းဆောင်ရဲ့နေရာပဲတဲ့။

 နိုင်ငံတော်သစ်က ကျွန်တော်တို့အတွက် နေရာတွေ ချန်ထားပါသည်။ ပိုလုပ်ရမည့်နေရာ၊ ပိုကြိုးစားရမည့်နေရာ၊ ပိုပင်ပန်း မည့် နေရာဖြစ်ပါသည်။ ထိုနေရာ ကို ဘယ်သူမှ မဦးမီ ကျွန်တော်တို့ ဦးကြရပါလိမ့်မည်။ ။