တောလပ်ဖ် (Love)ကဖြင့် ပြောစမှတ်

(တစ်)

တိရစ္ဆာန်တရားရုံးထဲမှာ ရုတ်ရုတ်ရက်ရက်ဖြစ်နေပုံကို ကြည့်တာနဲ့ စုံနံ့သာမြိုင်တောကြီး ထဲမှာ ပြဿနာတစ်ခုခုတော့ ဖြစ် နေပြီဆိုတာ ကျိန်းသေပေါက်ပဲ ပေါ့။ တိရစ္ဆာန်တွေက အုံခဲနေ လိုက်ကြတာ။ ခြေနှစ်ချောင်းတွေ လည်းပါရဲ့။ ခြေလေးချောင်းတွေ လည်းပါရဲ့။ တွားသွားတွေလည်း ပါရဲ့။ ကုန်းနေရေနေတွေလည်း ပါရဲ့။ ကောင်းကင်ယံမှာ ပျံသန်း နေတဲ့ သတ္တဝါတွေလည်းပါရဲ့။ ဟိုနား တွတ်တွတ်တွတ်တွတ်၊ သည်နား တွတ်တွတ် တွတ်တွတ် နဲ့။

တိရစ္ဆာန်တရားရုံးဆိုလို့ သိပ်ကြီးကြီးကျယ်ကျယ်ကြီးတော့ မထင်ပါနဲ့။ ညောင်မုတ်ဆိတ်ပင် ကြီးရဲ့အောက်မှာ သစ်ငုတ်တိုကြီး တစ်တို ချထားပြီး အဲသည့်သစ် ငုတ်တိုကြီးရဲ့အပေါ်မှာ ဇီးကွက် ကြီး တစ်ကောင်က ထိုင်လို့ တိရစ္ဆာန်အချင်းချင်းကြားမှာ ဖြစ် လပွားကြတဲ့ အမှုအခင်းတွေကို ဖြေ ရှင်းပေးတဲ့ အခမ်းအနားပါ။ ဇီး ကွက်ကြီးရဲ့ရှေ့မှာက ဧရာမသစ် သားစားပွဲခုံကြီးတစ်ခုံ ချထားပြီး တရားစီရင်သူ ဇီးကွက်ကြီးရဲ့ မျက်နှာချင်းဆိုင်နေရာ၊ ဧရာမ သစ်သားစားပွဲခုံကြီးရဲ့ တစ်ဖက် မှာကတော့ အမှုအခင်းဖြစ်သူ တိရစ္ဆာန်တွေ နေရာယူကြရတာ ပေါ့။

ဘာအမှုဖြစ်လိုက်ဖြစ်လိုက် တောထဲမှာ တိရစ္ဆာန်တို့သဘာဝ စုပြုံအုံခဲနေကြမြဲဖြစ်တာမို့ သိပ် ပြီး ဆန်းကြယ်လှတယ်လို့ မဆို သာပေမယ့်လည်း အဲသည့်နေ့က စုပြုံအုံခဲနေပုံကြီးက သာမန် မဟုတ်ဘူးခင်ဗျ။ ထူးခြားတဲ့ တိရစ္ဆာန်အစုအဝေးကြီး။

‘‘အမှုက ထူးတာကိုး ဆရာ ကြီးဂျက်ရဲ့’’

တိရစ္ဆာန်မျိုးစုံရဲ့ကြားထဲမှာ ထူးထူးခြားခြား လူသားတစ်ဦးအ နေနဲ့ ဝင်ပြီးတိုးဝှေ့ကြည့်ရှုနေတဲ့ ဂျက်ကို နံဘေးမှာ ကပ်နေတဲ့ မျောက်ဝံကြီးတစ်ကောင်က မမေးဘဲနဲ့ အနို့ကလို ဖြေသဗျ။

‘‘ဘယ့်နှာကြောင့် အနှီအမှု က ထူးနေရပါလိမ့် မစ္စတာမျောက်ဝံရယ်’’

ဘဇာသို့သော အမှုအမျိုး အစားရယ်မို့ ထူးတယ်လို့ ကင် ပွန်းတပ်လေမှန်းမသိတဲ့ ဂျက်က လည်း သို့ကလို ပြန်မေးရလေ သဗျ။ မျောက်ဝံက ဖြေပါတယ်။

‘‘အချစ်အမှုဆရာရေ့ အချစ်အမှု။ ဆန်းပြားတဲ့ အချစ်အမှု။ အောချရတဲ့ အချစ်အမှု။ အံ့ဩ ကုန်နိုင်ဖွယ် အချစ်အမှု။ တောလပ်ဖ် (Love)က ပြောစမှတ်ဖြစ် တဲ့အမှု သိချင်ရင် ရှေ့ကို နည်း နည်းတိုးကြည့်’’

မျောက်ဝံကြီးက စိတ်မရှည် သလိုနဲ့ ဂျက်ကို တိုက်တိုက်တွန်း တွန်းဆိုလာတာကြောင့် ဂျက် လည်း တိရစ္ဆာန်တွေကြားထဲက နေ အတင်းတိုးကာ ရှေ့နားကို ဝင်ကြည့်လိုက်တော့ ဟုတ်တယ် ခင်ဗျ။ ပြောစမှတ်တစ်ခုဖြစ်တော့ မယ့် တောလပ်ဖ် (Love)အမှု။

တရားသူကြီးဖြစ်တဲ့ ဇီးကွက်ကြီးရဲ့အရှေ့မှာ ထိုင်နေကြတာ က ဖွတ်ကျားကြီးတစ်ကောင်နဲ့ သမင်ကလေးတစ်ကောင်။ ဖွတ် ကျားက အထီး။ သမင်က အမ။

အမှုသွား အမှုလာအရ သမင်မကလေးက တရားလို။ ဖွတ်ကျားကြီးက တရားခံ။

တစ်ညနေခင်းမှာ ဒိုးယိုစီးတဲ့ နဒီတွင်းကို သမင်မကလေးက ရေသောက်ဆင်းလာတယ်ဆို လား။ အဲသမှာ မလှမ်းမကမ်းမှာ ရှိတဲ့ ပုန်းညက်ပင်ကြီးတစ်ပင်ပေါ် ကနေ ဘယ်တုန်းက စောင့်ကြည့် နေခဲ့မှန်းမသိတဲ့ ဖွတ်ကျားကြီးက ဆင်းလာခဲ့လေသတဲ့။ ပြီးတဲ့ သကာလ သမင်မကလေးရဲ့ ကိုယ်လုံးပေါ် ပြေးတက်သွားကာ ချစ်ရေးဆိုပါရောဆိုလား။ နေ့ တိုင်း နေ့စဉ် ရေသောက်ဆင်းတဲ့ ချစ်သမင်ကို ပုန်းညက်ပင်ပေါ်က နေ စောင့်စောင့်ပြီးကြည့်နေရာက ဘယ့်နှာမှ ထိန်းချုပ်မရတဲ့ ချစ်ဇောအဟုန်တွေက သစ်တောကြီး တုန်သွားလောက်တဲ့အထိ ကြွတက်လာခဲ့တာကြောင့် ခုနှယ်အရှက် ဘေးချိတ်ကာ ရမ္မက်သွေးအဆိပ်တွေနဲ့ ချစ်ရေးဆိုရခြင်းဖြစ်ပါကြောင်း ရင်ဖွင့်တောင်းဆိုခဲ့ လေသတဲ့။

ရှက်တာပေါ့။ သမင်မက လေးလည်း ရှက်တတ်တာပေါ့။ စကြဝဠာအနန္တ၊ သတ္တဝါအနန္တ ကိုယ့်ချင်းကိုယ့်ချင်း ချစ်တတ်ကြ တာဟာ သဘာဝဖြစ်လင့်ကစား ဖွတ်က သမင်ကို အဝှါစိတ်တွေ ဝင်နေမိတယ်ဆိုတာ သိလိုက်ရ တဲ့အချိန်မှာတော့ ကိုယ့်မျက်နှာ ကိုယ်ဘယ်ချုံပုတ်ကြား သွားဝှက် ထားရမှန်းမသိအောင် ရှက်တာ ပေါ့။ ပထမတစ်ရက်တော့ သမင်မကလေး သည်းခံပါသေးတယ်။ အနို့ပေမင့် နောက်ရက်တွေ ရက် တွေမှာလည်း ရေသောက်ဆင်း တိုင်း ချစ်ပါရစေဆိုကာ ဇွတ်ခွင့် ပန်လာခဲ့လေတော့ တိရစ္ဆာန် တရားရုံးကိုတက်ပြီး တိုင်ထည့် လိုက်တော့တာ။ ဖွတ်က သမင် ကို ချစ်ရေးဆိုသော အမှုတဲ့။ တောတစ်ခုလုံး သိမ့်သိမ့်တုန်ကာ ဇီး ကွက်ကြီးက အမှုစီရင်တဲ့နေ့မှာ သတ္တဝါမှန်သမျှ တိရစ္ဆာန်တရား ရုံးကို လာကြည့်ခဲ့ကြတော့တာပါ။

(နှစ်)

အစဉ်အလာ သတ္တဝါတို့ရဲ့ ဓမ္မတာနဲ့ ဆန့်ကျင်ကာ တွားသွား ဖွတ်က ခြေလေးချောင်းသမင်ကို မေတ္တာညွှတ်မိတယ်ဆိုတာက ဖြင့် ဆန်းကြောင်း တောတစ်နေ ရာမှာ ဂျက်က တောကြက်မကြီး တစ်ကောင်ရှေ့မှာ ရှုတ်ရှုတ်ချချ ပြောပြမိပါရဲ့။

‘‘ဟော့တော်.. အဲဒါ မဆန်း ဘူးလေ ဆရာကြီးဂျက်ရဲ့’’တဲ့။ တောကြက်မက။ ပြောပါဦးလို့ ဂျက်က စကားထောက်ပေးမိ လိုက်ပါရဲ့။ ပြောလိုက်စမ်းဆိုတာ လေ။

‘‘ကျုပ်သမီးကြက်မတမ်းမ ကလေးတွေရှိတယ် မဟုတ်လား။ ချစ်ရေးလာဆိုတာ ဘယ်သူတွေ မှတ်သတုံး။ စာကလေးတစ် ကောင်ရယ်၊ နှံပြီစုတ်တစ်ကောင် ရယ်၊ ဘဲငန်းကြီးတစ်ကောင်ရယ်။ အခုခေတ်အချစ်က ဆန်းဆန်း ကြီးပါတော်ရယ်။ အိမ်က ကြက်ဖ ကြီးနဲ့၊ ကျုပ်နဲ့ဖြင့် အံ့ပါရော’’

စုံနံ့သာမြိုင်မှာ ဘယ့်နှာသို့ များ ဖြစ်ကုန်ကြပါလိမ့်။ နည်း နည်းကလေး ဉာဏ်ရှိပုံရတဲ့ ယုန် ကလေးတစ်ကောင်ကို မေးကြည့် မိတော့ သူက သူ့အထင်ကို ပြော ပါတယ်။

‘‘လူသတင်းစာတွေ အဖတ် များလာလို့ ထင်တယ်။ လူက ဝက်ကို အဝှါပြုတဲ့ သတင်း။ လူ က ဆိတ်ကို အဝှါပြုတဲ့သတင်းမျိုး တွေက ရံဖန်ရံခါ ဖတ်ဖတ်လာကြ ရတယ် မဟုတ်လား။ အဲသမှာ တိရစ္ဆာန်တွေ တစ်မျိုးဖြစ်ကုန်ကြ တယ် ထင်ပါရဲ့’’တဲ့။

ဩော်.. ပြောစမှတ်ဖြစ် တော့မယ့် တောလပ်ဖ် (Love)။ တိရစ္ဆာန်ထက်ဆိုးတဲ့ လူသတ္တဝါ တွေကို တိရစ္ဆာန်တွေက အတုခိုး ကြရတဲ့ခေတ်ကြီး။    ။